Kavi
ကျောင်းသား၊ ကျောင်းသူတော်တော် များများဟာ စာမေးပွဲဖြေပြီးရင် လေ့လာထားသမျှစာတွေ မေ့တတ်ကြပါတယ်။ ဘာကြောင့်လဲ။
'ဒီစာတွေကို ဘာကြောင့် လေ့လာနေတာလဲ' လို့ရော တွေးမိဖူးလား။ တွေးမိရင် ဘာကြောင့်လို့ ထင်ပါသလဲ။
သူငယ်တန်းကနေ အခုချိန်ထိ လေ့လာသင်ယူ လာခဲ့ရသမျှ စာတွေဟာ လက်တွေ့မှာ ပြန်လည်အသုံးချလို့ ရတဲ့ စာတွေပါပဲ။
မြန်မာစာမှာ ကကြီး၊ ခခွေး၊ ..... စတဲ့ အက္ခရာစဉ်ကနေ စတင်သင်ယူရပါတယ်။ နောက်တော့ ယပင့်၊ ယရစ်၊ ဝဆွဲ၊ ဟထိုး စတဲ့ သင်္ကေတအက္ခရာတွေ ယှဉ်တွဲထားတဲ့ ဗျည်းတွဲတို့ကို သင်ယူရပါတယ်။ ဒီလိုအရာလေးကပဲ လက်တွေ့ မြန်မာအဘိဓာန် ကြည့်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။
တဖြည်းဖြည်း အတန်းကြီးလာတဲ့ အခါမှာ မြန်မာသဒ္ဒါ၊ ကဗျာ၊ ပုံပြင်၊ ဝတ္ထုကောက်နုတ်ချက်တို့ကို သင်ယူရပြန်ပါတယ်။ ရှေးအခါက ဝတ္ထု၊ ကဗျာတွေ ဖတ်ရှုရတော့ တစ်ခေတ်တစ်ခါရဲ့ စာပေယဉ်ကျေးမှုတွေကို သိရှိရပြန်ပါတယ်။ ဝတ္ထု၊ ပြဇာတ်တွေမှတစ်ဆင့်လည်း ဆရာကြီး၊ ဆရာမကြီးတို့၏ ရေးနည်းရေးဟန်များကို လေ့လာနိုင်ရုံသာမကဘဲ ဇာတ်ကောင်တို့၏ စရိုက်သဘာဝတို့ကိုပါ ခံစားနားလည်နိုင်ပြီး စာပေထဲမှ အရှိတရားကို ဘဝရဲ့ အသိတရားအဖြစ် ပြန်လည်အသုံးချနိုင်ပါတယ်
ဂဏန်းသင်္ချာ၊ အင်္ဂလိပ်စာ စတဲ့ ဘာသာရပ်တို့လည်း ဒီအတိုင်းပါပဲ။ နေ့စဉ်ဘဝမှာ သင်္ချာကိန်းဂဏန်းတွေဟာ မပါမဖြစ် အရေးကြီးလှပါတယ်။ ငယ်စဉ်ကတည်းက သင်ယူခဲ့ရတဲ့ ကိန်းဂဏန်းတွေဟာ ယခုချိန်ထိ နေ့စဉ်အသုံးအပြုနေတယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
A, B, C, D, ... အက္ခရာတို့ကို သင်ယူရပါတယ်။ အင်္ဂလိပ်လို ဝါကျတည်ဆောက်ပုံတို့ကို သင်ယူလေ့လာရပါတယ်။ grammar, stylistic writing , essay, letter writing စတာတွေကိုလည်း လေ့လာရပါတယ်။ တွေးကြည့်ပါ။ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ လေ့လာခဲ့ရတဲ့ အင်္ဂလိပ် သင်ခန်းစာတွေဟာ အင်္ဂလိပ်ဘာသာစကားကို advanced level မဟုတ်ရင်တောင် elementary level ထက်ကျော်တဲ့ အဆင့်တစ်ခုထိရောက်အောင် အထောက်အကူ ပေးပါတယ်။
ဒါပေမဲ့ လေ့လာထားတာတွေကို ဘာကြောင့် မမှတ်မိရတာလဲ။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားကျောင်းသူတွေဟာ အသုံးချဖို့ ပညာသင်ယူနေတာ မဟုတ်ဘဲ စာမေးပွဲဖြေဖို့ စာမေးပွဲမှာ အမှတ်ကောင်းဖို့ရန် အတွက်ပဲ သင်ယူနေကြလို့ ဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူတွေက အမှတ်များဖို့ပဲ ကြိုးစားနေကြပြီး စာမေးပွဲ တစ်ခါဖြေပြီးတိုင်း "ဒီစာတွေ ကိုယ်နဲ့ မဆိုင်တော့ဘူး" ဆိုပြီး မေ့ပစ်တော့ အလုပ်ခွင်ဝင်တဲ့ အချိန်မှာ အရည်အချင်းမပြည့်မီခြင်း ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။
ဒီတော့ စာမေးပွဲမှာ အမှတ်ကောင်းဖို့ ဆိုတဲ့ အချက်ကို အခွင့်ကောင်းယူ အမြတ်ထုတ်လာသူတွေလည်း ရှိလာပါတယ်။
ဒီလိုပြောတာက စာမေးပွဲမှာ အမှတ်ကောင်းဖို့ မလိုဘူး လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ စာမေးပွဲတိုင်းကို ထူချွန်စွာ အောင်မြင်ဖြေဆိုနိုင်ဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ကသာ အတန်းချိန်အတွင်းမှာ "ဒီစာတွေက ဘဝမှာ ပြန်လည်အသုံးချဖို့ လေ့လာသင်ယူနေတာ" လို့သာခံယူထားပြီး ကိုယ်ကသာ အတန်းချိန်အတွင်းမှာ သေချာ စိတ်ပါဝင်စားစွာနဲ့ သင်ယူမယ်ဆိုရင် အပိုကျူရှင် သင်တန်းတွေ တက်ရောက်စရာ မလိုဘဲ စာမေးပွဲကို ထူးချွန်စွာ ဖြေဆိုနိုင်မှာပဲ ဖြစ်ပါတယ်။ ကိုယ်ကိုတိုင်က ဒီလို စိတ်ဝင်တစား လေ့လာလေ့ကျင့် ထားတာကြောင့် ဒီတစ်သက် မေ့ဖို့ ရာခိုင်နှုန်းလည်း အလွန်နည်းပါးသွားပါပြီ။
ဒီတော့ ကိုယ်လေ့လာ သင်ယူနေတဲ့ အရာကို လေးစားပါ။ ဘယ်အရာကိုမဆို သင်ယူတာဟာ စာမေးပွဲမှာ အမှတ်ကောင်းဖို့ တစ်ခုတည်း မဟုတ်ပါဘူး။ တစ်ဘဝလုံးစာ အသုံးချဖို့ပါ။ လတ်တလော အချိန်မှာ အသုံးချဖို့နေရာ မရရှိသေးရင်တောင် ကိုယ်သင်ယူခဲ့တာတွေဟာ တစ်ချိန်ချိန်၊ တစ်နေရာရာမှာ လက်တွေ့အသုံးချဖို့အကြောင်း ရှိကိုရှိလာမှာပါ။
Kavi(ကဝိ)
Keep Reading