မောရိသျှ

သိတတ်စအရွယ် ဟိုးငယ်ငယ်ကတည်းက အချိန်ဆွဲတာကို အကျင့်ကြီးတခုလို မွေးခဲ့မိတယ်ဗျ။ အသက် (၁၆)နှစ်၊ ဘဝပထမဆုံး နွေရာသီကျောင်းပိတ်ရက် အချိန်ပိုင်းအလုပ် ရခဲ့တော့လည်း အလုပ်မလုပ်ရလေကောင်းလေဖြစ်အောင် အကောင်းဆုံးကြိုးစားခဲ့တယ်။ Telecom ကုမ္ပဏီတခုမှာ Mobile Contract တွေ လိုက်စပ်တဲ့ အရောင်းသမားပေါက်စလေး လုပ်ခဲ့ရတာပါ။
ပေးထားတဲ့ ဖုန်းနံပါတ်စာရင်းကိုကြည့်ပြီး Client တွေ လိုက်ဆက်ရတယ်၊ ပြီးရင် Mobile Data နဲ့ Call Data တွေကို Package အလိုက် ရောင်းရတဲ့အလုပ်မျိုးပါဗျ။ အများအားဖြင့်က သက်ကြီးရွယ်အိုတွေကို ရောင်းရတာပါ။ ဖုန်းနံပါတ်တခုခေါ်ပြီးတိုင်း ကုမ္ပဏီဘက်က Counter Check လုပ်ဖို့ Software တခု သွင်းထားတော့ Client တွေနဲ့ စကားပြောပြီးလို့ Activity Log ပြန်ရေးသွင်းတိုင်း ကျွန်တော့် Call တွေကို Check လုပ်လို့မရအောင် Log ထဲ “Client ဘက်က စိတ်ဝင်စားပေမဲ့ သူ့ရဲ့ မြေးဖြစ်သူနဲ့ ပြန်ဆွေးနွေးမယ်လို့ တုန့်ပြန်ထားပါတယ်” ဆိုပြီး လံကြုပ်ရေး လူလည်ကျတတ်ခဲ့ရတယ်။ သို့မဟုတ်ရင် Client ဘက်ကို ပြန် Check တာမျိုး လုပ်မှာကိုး။ အဘိုးကြီး အဘွားကြီးတွေကို လူလည်လုပ်ရောင်းခဲ့ရတဲ့အလုပ်ဆိုတော့ လုပ်သာလုပ်ခဲ့ရတာ ဝမ်းသာဂုဏ်ယူလောက်တဲ့ အလုပ်တော့ မဖြစ်ခဲ့ဘူးရယ်။
အချိန်ဆွဲတဲ့နေရာမှာ ပညာရှင်အဆင့်ထိရောက်အောင် တော်တဲ့ ကျွန်တော်ကတော့ Client တွေနဲ့ ဖုန်းဆက်ရတိုင်း တနေ့နဲ့တနေ့ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်တောင်မှ ဆင်ခြေပေးစရာ မရှားခဲ့ဘူးဗျ။ ကျွန်တော့် မန်နေဂျာကတော့ ဆူတာပေါ့။ မင်းဖုန်းဆက်တာ ကြာလှချည်လား၊ ဘယ်လိုဖြစ်လို့လဲ စသဖြင့် မေးတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း အကြောင်းပြချက်အမျိုးမျိုးနဲ့ မန်နေဂျာကို လူလည်ပြန်ကျနိုင်ခဲ့တယ်။ ဖြစ်နိုင်ရင် ဖုန်းခေါ်စရာမလိုလောက်တဲ့အထိကို အချိန်ဆွဲပစ်ခဲ့ဖူးတယ်။ အဲဒီလောက်ကို ပျင်းနိုင်ခဲ့တာပါဗျာ။
အချိန်ဆွဲတဲအကျင့်ကြီးက အလုပ်မှာပဲ မဟုတ်ဘူးနော်။ တက္ကသိုလ်ရောက်လို့ မားကတ်တင်းဘွဲ့နဲ့ မဟာတန်းတောင် ဝင်နေပြီ အဲဒီအချိန်အထိ ကျွန်တော့်အချိန်ဆွဲအကျင့်က မပျက်သေးဘူး။ တလတလ မဖြစ်မနေ တင်သွင်းရတဲ့ Assignment တွေကို Deadline နားရောက်လို့ ဖင်ကပ်နေတော့မှ မြန်မြန်လုပ်ပြီး သွင်းခဲ့တာ အကြိမ်တိုင်းပဲ။ စာလည်း သေချာမလုပ်ဖြစ်ခဲ့ဘူး။ စာမေးပွဲက မနက်ဖြန်ဆိုတော့မှ စာအုပ်ကို ကောက်ကိုင်ခဲ့တာ။ အဲဒီလောက်ကို အချိန်ဆွဲအပျင်းကြီးခဲ့တာပါဗျာ။
“ငါစစ်တမ်းလုပ်ရဦးမယ်” လို့သာ ဘော်ဒါတွေကို ဆင်ခြေပေးတဲ့အနေနဲ့ အကြောင်းပြပြီး သူတို့သွားမယ့်နောက် မလိုက်တော့မလိုနဲ့ မူခဲ့တာ၊ ပါးစပ်အပြောသက်သက်ပါပဲ။ နောက်ဆုံးတော့လည်း ပါသွားခဲ့တာပါပဲဗျာ။ ဘော်ဒါတွေ ပြောနေကျအတိုင်း “ဘာလို့အလုပ်လုပ်မှာလဲ ပျင်းစရာကြီး ဘီယာပဲ မော့ရအောင်” ဆိုသလိုမျိုး တွေးခဲ့ ခံယူခဲ့ လက်ခံခဲ့ ကျင့်သုံးခဲ့တယ်။
အဲဒီတုန်းက ဘယ်လိုတောင်ထင်ခဲ့မိလဲဆိုရင် “အလုပ်ကို ဘယ်သူမှ မလုပ်ချင်ဘူး၊ အလုပ်ဆိုတာ ပိုက်ဆံနဲ့ လူထင်သေးမခံရအောင် နေနိုင်ဖို့အတွက် သက်သက်ပဲ” လို့ကို အပြည့်အဝကြီး လက်ခံခဲ့တာပါ။ ဝမ်းနည်းဖို့ကောင်းတာက ဟိုးအရင်တုန်းကရော ဒီနေ့ခေတ်မှာရော လူငယ်အများစုက “အလုပ်” လုပ်ရတာကို အဲဒီလို ထင်နေကြတာ အတော်ခက်တယ်ဗျ။ ကျွန်တော်ဆို အဲဒီလို မိုက်မဲခဲ့လို့ နောင်တရလို့မဆုံးဘူး။ အခုတော့ အချိန်ဆွဲတာရော၊ အပျင်းကြီးတာရော အကျင့်ဆိုးတွေအများစုကို ပြောင်းနိုင်ခဲ့ပါပြီ။
ထူးထူးဆန်းဆန်း မှော်အတတ်နဲ့ အကျင့်ဆိုးတွေကို ဖျောက်ခဲ့တာတော့ မဟုတ်ဘူးပေါ့။ အလုပ်ဖြစ်အောင်လုပ်နိုင်မယ့် Software တွေ ရသွားလို့လည်း မဟုတ်ဘူးဗျ။ အလုပ်ရဲ့တန်ဖိုးနဲ့ ဘဝရဲ့တန်ဖိုးကို ကိုယ်တိုင် သေချာရှာဖွေတတ်ခဲ့ပြီး နားလည်နိုင်ခဲ့လို့သာ အကျင့်ဆိုးတွေကို ပြင်နိုင်ခဲ့တာပါ။
#မောရိသျှ
Keep Reading