Kaung Hein Soe - Strategic
Personal Finance ဆိုတဲ့ တစ်ကိုယ်ရည်ငွေကြေး ပညာရပ်အကြောင်းကို လူပြော သူပြော များလာတာနဲ့ အမျှ ဗဟုသုတနဲ့ ပညာရပ်ဆိုင်ရာ မျှဝေမှုတွေလည်း များပြားလာတာကို တွေ့ ရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အခြေအနေတစ်ခုပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ အသိနဲ့ မှန်ကန်သော ဆောင်ရွက်မှုတွေ ဖြစ်ဖို့တော့လိုအပ်ပါတယ်။ အချို့ လူငယ်လေးတွေက ဝမ်းစာနဲ့ အတွေ့အကြုံကောင်းတွေ မရသေးခင်မှာ အလုပ်မလုပ်ပဲ ငွေရဖို့ ဆိုတဲ့ Passive Income နောက်ကိုသာ ဦးတည် လိုက်ကြတဲ့ အခါမှာ မဖြစ်သင်တဲ့ အလုပ်တွေ၊ အချိန်ကုန် ငွေကုန် လူပင်ပန်းတွေ ဖြစ်ကြရပါတယ်။
Personal Wealth ကိုတည်ဆောက်ရာမှာ မိမိက ဘယ်နေရာမှာ ရောက်ရှိနေပြီး ဘာကို အဓိက ဆောင် ရွက် ရမယ်ဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။ လူတိုင်းက အခု ချက်ချင်းထပြီး Passive Income ထဖန်တီးကြရမယ်လို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လူတိုင်းကို မိမိကိုယ်မိမိ အောက်ပါ Personal Finance Level လေးတွေ နဲ့ သတ်မှတ် ကြည့်စေချင်ပါတယ်။
PF Level 0 ဝင်ငွေစီးကြောင်း တစ်ခု
Level 0 ဆိုတာ ကတော့ အောက်ဆုံးအဆင့် ဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာတဲ့အခါ အသက်ရှင် ရပ်တည် ဖို့အတွက် အလုပ်တစ်ခုတော့ လုပ်ကြရပါတယ်။ အလုပ်လုပ်ကြရာမှာလည်း မိမိ ကိုယ်တိုင် အသက်ရှင် သန်ဖို့၊ မိသားစုကို ထောက်ပံ့ဖို့၊ မိမိ Professional ကို ပိုမို ကျယ်ပြန့်လာဖို့၊ အများ ပြည်သူကို အကျိုးပြုဖို့ အစရှိတဲ့ Career Level တွေ ရှိပါသေးတယ်။ Passive Income တွေ Personal Wealth တွေ မဖန်တီးနိုင်ပေမယ့် ဥပမာ ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီးမဟုတ်ပေမယ့် အဲလ်ဘတ် အိုင်စတိုင်းဟာ လူ့သားအကျိုးပြု ရှာဖွေတွေ့ရှိမှုတွေ များစွာကို လုပ်သွားနိုင်လို့ သိပ်ကို အဖိုးတန် အကျိုးပြုတဲ့ လူသားတစ်ဦးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဆိုတော့ ဒီလို အခြေအနေကို တက်လှမ်းနိုင်မယ့် လမ်းပေါ်မှာကို ရှိမနေဘူး ။တစ်နည်းအားဖြင့် အလုပ်တစ်ခုမှ လုပ်နေ ကိုင်နေတာမျိုး မရှိပဲ အခြားသူအပေါ်မှာသာ ဝန်ထုပ်ဝန်ပိုးအဖြစ် မှီခိုနေ တယ်ဆိုရင် ဒါကို PF Level 0. လို့သတ်မှတ် ရမှာပါပဲ။ ဒါကိုမှ သူ့ကိုထမ်းထားရသူမှာ အကြွေးပါ မိ နေတယ်ဆိုရင် ပိုပြီးဆိုးပါလိမ့်မယ်။
ကျန်းမာရေး တစ်ခုခုမကောင်းလို့ မှီခိုနေရတာမျိုးကို ဆိုလိုတာမဟုတ်ပဲ ကိုယ်လက်အင်္ဂါတွေလည်း ကောင်းပါလျက် တမင်အလုပ်မလုပ်ဘဲ ပျင်းရိမှီခိုနေတာမျိုးကို ဆိုလိုတာပါ။ ဒီလိုလူဟာ မိသားစုအတွက် ချိန်ကိုက်ဗုံးတစ်လုံးလိုတောင် ပြောနိုင်ပါတယ်။ မိသားစုဝင်တစ်ဦးဦး ကျန်းမာရေး၊ မတော်တဆမှု စသဖြင့် တစ်ခုခု ဖြစ်လို့ ငွေ ရုတ်တရက် လိုအပ်တာနဲ့ ချိန်ခွင်လျှာပျက်သွားပြီး ဘ၀တွေ တဆစ်ချိုး ပြောင်းလဲကုန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ 0 Level တွေကို ပြုပြင် ဆောင်ရွက်ပေးကြဖို့လိုအပ်ပါတယ်။
ဒီအခြေအနေမှာ ရှိသူအတွက် အဓိက လုပ်ရမှာက ဝင်ငွေ ပုံမှန်ရမယ့် အလုပ်တစ်ခုကို အမြန် ဆုံးရှာဖွေပြီး ဝင်ငွေ စီးကြောင်းတစ်ခုဖန်တီးကာ အကြွေးတွေ ကင်းအောင် သို့မဟုတ် ဝန်ထုပ်ဝန်ပိုးဘ၀က လွတ်အောင် အရင်လုပ်ရမှာပါ။
PF Level 1 စုငွေ
PF Level 1 ကိုတော့ ကျွန်တော်က အလုပ်အကိုင် တစ်ခုခု စတင် ရှိလာပြီး ဝင်ငွေ လမ်းကြောင်း တစ်ခု စရလာတဲ့ သူမျိုးကို ဆိုလိုပါတယ်။ ဝင်ငွေပုံမှန် ရှိလာပေမယ့် ဝင်ငွေ နဲ့ ထွက်ငွေက မျှနေတဲ့ လူမျိုးပါပဲ။ Income နဲ့ Expenses က တစ်ထပ်တည်း ဖြစ်နေပြီး လကုန်လိုက် လစာထုတ်လိုက် ငွေကုန်လိုက်ဖြစ်ကာ လက်ထဲအပိုရယ်လို့ လုံး၀မရှိပဲ ဖြစ်နေတတ်တာပါ။
ဒီအခြေအနေဟာ ကြာလွန်သွားရင် ဘ၀ရဲ့ ငယ်ရွယ်နုပျိုကာ အကောင်းဆုံး ဖြစ်နေတဲ့ အချိန်တွေကို အလုပ်ထဲမှာ လုံးလည်လိုက်ရင်း ကုန်သွားနိုင်ပါတယ်။ တဖြည်းဖြည်း ကိုယ်လုပ်နေတဲ့ လုပ်ငန်းကိုသာ အားကိုးလာပြီး အလုပ်ရှင်ကလည်း ဘ၀တစ်ခုဖြစ်လာပါလိမ့်မယ်။ လုပ်သက်ကြာလာလေလေ အဲဒီအလုပ်ကနေ မထွက်နိုင် မစွန့်ခွာနိုင်တော့ဘဲ ထောင်ချောက်အဖြစ် ကပ်ငြိနေတာကို တွေ့လာရပါလိမ့်မယ်။
ဒီLevel ရောက်သူတွေဟာ ဝင်ငွေ ရှိနေပေမယ့် အကုန် ကုန်နေတာကြောင့် အချိန်မရွေး ငွေကြေး ဒုက္ခရောက်ပြီး ဘ၀ ပျက်သွားနိုင်ပါသေးတယ် ။ ဝင်ငွေ ထွက်ငွေ မျှနေတာကို ထိန်းနေရတာ အင်မတန် ခက်ပါတယ်။ ကျန်းမာရေး လူမှုရေး မတော်တဆ တစ်ခုခုကြောင့် ငွေလိုပြီဆိုတာနဲ့ တခြားကနေ ချေးယူရပြီး အကြွေးထောင်ချောက်ထဲ ရောက်ကာ ဘဝပျက်နိုင်ပါတယ်။ ဒါ့အပြင် မျှော်လင့်ချက်တစ်ခု အနေနဲ့ လောင်းကစားတွေ ပြုလုပ်မိတတ်တာကနေ ဘ၀ပျက်နိုင်ပါသေးတယ်။
ဒီအခြေအနေမှာ အလုပ်သင့်ဆုံးက ငွေအပို ထွက်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တော့ စုငွေ စုမိအောင် လုပ်ရမှာပါ။ စုငွေဟာ စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့် တစ်ခုလည်း ဖြစ်ပါတယ်။ ငွေ အနည်းငယ်လောက်မှ မစုနိုင်တဲ့သူဟာ ငွေတွေကို ပွားများပြီး သူဌေးဖြစ်စေဖို့ ဘယ်လိုမှ မဖြစ်နိုင် ဘူးဆိုတာ နားလည်ရပါမယ်။
ဆိုတော့ ချွေတာမလား ပိုရှာမလားဆိုတာ အဓိက ရွေးချယ်ရမှာပါ။ Personal Finance ဆရာတိုင်း ကတော့ ချွေတာဖို့ကို ပိုဦးစားပေးပါတယ်။ ဝင်ငွေ ဝင်တာနဲ့ စုငွေကို အရင်ဖယ်ပါ။ ဝင်ငွေ ရဲ့ 10% ကို စုငွေ အဖြစ် ထားပါပြီးမှ ကျန်တာကို သုံးပါလို့ အကြံပြုကြတာ တွေ့ကြပါလိမ့်မယ်။ ဒါကလဲ လုပ်ရမယ့် အလုပ် ပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ချွေတာခြင်းကိုလုပ်နေရင်း ပိုရှာခြင်းကိုလဲ ရှာဖွေ လုပ်ဆောင်ရမယ်လို့ ဆိုချင်ပါတယ်။ ပိုက်ဆံတစ်သောင်းကို လျော့သုံးဖို့ နဲ့ ပိုက်ဆံတစ်သောင်း တစ်လကို ပိုရှာဖို့ ဒီဖက်ခေတ်မှာ ပိုရှာတာက ပိုလွယ်ပါတယ်။ နည်းပညာခေတ်ကြီးဖြစ်လို့ စာတစ်ပုဒ် ၊ လိုဂိုတစ်ခု၊ ဗီဒီယိုလေး တစ်ခု ဖန်တီး တာကနေ ဝင်ငွေ များစွာ ရရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီဘက်ခေတ်မှာ ပိုရှာခြင်းကလည်း မဖြစ်မနေ လုပ် ရမှာပါ။
ဆိုတော့ Golden Rule အနေနဲ့ ဒီ Level ကလူတွေဟာ ဝင်ငွေရဲ့. ၁၀ % ကို မဖြစ်မနေ အရင် စုပြီး ဖယ် ထားမယ်။ ခြောက်လကြာတိုင်း ဝင်ငွေပမာဏ ရဲ့၁၀% ပမာဏကိုအောင် လုပ်မယ် ။ ဆိုတာမျိုး သတ်မှတ် သင့်ပါတယ်။
ဒါကြောင့် Level 1 မှာ အပိုငွေ ထွက်လာအောင် ၊ စုငွေ စုနိုင်အောင် အဓိက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
PF Level 2 ကာကွယ် ထိန်းသိမ်းခြင်း
ဒီအဆင့် မှာတော့ ငွေလဲအပိုထွက်လာ စုငွေလဲ လတိုင်း စုဆောင်း နိုင်နေပြီ ဆိုတဲ့ အခြေအနေမျိုး ဖြစ် ပါတယ်။ ဆိုတော့ လက်ထဲမှာ ငွေသားလေး အနည်းငယ် ရှိလာပြီဆိုတဲ့ အနေအထားပါပဲ။
လူတွေဟာ အလေ့အကျင့်မရှိဘဲ လက်ထဲ ငွေပိုလာရင် ဘယ်လို သုံးလိုက်ရမလဲ ဆိုတဲ့ အတွေးကို အရင် စတွေးပါတယ်။ တစ်ခါလောက်တော့ ကလပ်တက် ဘားသွား ပျော်လိုက်မယ်၊ တစ်ခါလောက်တော့ ငါလိုချင်တာလေး ဝယ်လိုက်မယ်၊ ခရီးလေး တစ်ခုလောက်တော့ ထွက်ပစ်လိုက်မယ် စသဖြင့်ပါပဲ။ ဒီတော့ဒီ Level 2 က Behavior ဆိုတဲ့ အပြုအမူတွေကို ထိန်းချုပ်ပြီး ကိုယ့်စုငွေလေးကို ရင်းနှီးမြုပ်နှံလို့ရတဲ့ ငွေ ပမာဏ တစ်ခု ရသည်အထိ ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဖြစ်ပါတယ်။
လက်ထဲ ငွေလေး အနည်းငယ် ရလာတဲ့အခါ အဆင့် ၁ မိမိကိုယ်ကို ထိန်းချုပ်ခြင်းနဲ့ အဆင့် ၂ ပတ် ဝန်းကျင်အား တွန်းလှန်ခြင်းကို လုပ်ဆောင် ရပါလိမ့်မယ်။ အဆင့် ၁ ကတော့ အထက်က ပြောသလို ငါ သုံးပစ်လိုက်ချင်တာ ဆိုတာကို အောင်နိုင်အောင် ထိန်းရမှာပါ။ အဆင့် ၂ က ပတ်ဝန်းကျင်က မိသားစုက မိတ်ဆွေတွေက ခင်ဗျားရဲ့ အဲဒီ စုငွေလေးကို မျက်စောင်းထိုးလာကြပါလိမ့်မယ်။ ကျောင်းစရိတ်လေး၊ ဆေးကုသစရိတ်လေး၊ ဘာလေးအတွက် ချေးငှားချင်လို့ စသဖြင့် လူမှုရေးအကြောင်း ပေါင်းစုံကို ထိပ်တန်း ပြကာ လာချေးငှားကြပါလိမ့်မယ်။ ဒီအဆင့် ၂ ကို ဘယ်လို စိတ်ခွန်အားနဲ့ ကျော်ဖြတ်ရမယ်ဆိုတာ နောက် ထပ် စာမေးပွဲပါပဲ။
ဒါတွေက ဒီအဆင့်ရဲ့ အဓိက လုပ်ရမှာတွေပါ။ ပြောချင်တာက အဆင့်အတိုင်းသာ လုပ်ပါ ။ လုပ်ဆောင် ရမှာတွေကို အဆင့်မကျော်ပါနဲ့ ။
PF Level 3 တိုးပွားစေခြင်း
စုငွေ ပမာဏလေးတစ်ခုကနေ များပြားလာအောင် စုထား ထိန်းသိမ်းထားနေရင်းနဲ့ နောက်တစ်ဆင့် စဉ်းစား ရမှာက ဒီငွေလေးကို တိုးပွားအောင် ဘယ်လိုလုပ်မလဲလို့ပါပဲ။ တစ်နည်းအားဖြင့်တော့ Saving အဆင့် ကနေ Financing and Investment အဆင့်ကို တက်လှမ်းနိုင်ဖို့ ဖြစ်ပါတယ်။
ငွေကို တိုးပွားအောင်လုပ်ဖို့အတွက် အရင်ဆုံးက ဘယ်လိုလုပ်ရမလဲ ဆိုတဲ့နည်းလမ်းတွေကို ရှာဖွေဖို့ပါပဲ။ ဒီနောက် ဘယ်နည်းလမ်းက မှန်ကန်တယ်ဆိုတာကို သုံးသပ်တွက်ချက်ဖို့ပါပဲ။ ဒီအတွက် ဘာအခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာကို သိနိုင်ဖို့အတွက် Network ကျယ်ပြန့်ဖို့ လိုအပ်ပါတယ်။ အသိပညာဗဟုသုတတွေလည်း များများရှိနေဖို့ လိုအပ်ပါတယ်။ ဘယ်နည်းလမ်းက မှန်ကန်တယ်ဆိုတာကို ရွေးချယ်နိုင်ဖို့အတွက် Accounting and Financing, Investment Calculation ပညာတွေ အနည်းအကျဉ်း လိုအပ်ပါတယ်။ ဒါမှမဟုတ် မိမိကို လမ်းညွှန်လက်တွဲခေါ်မယ့် မိတ်ကောင်းဆွေကောင်း သို့မဟုတ် ဆရာကောင်းတွေ လိုပါတယ်။
ဒါကြောင့် ဒီအဆင့် ရောက်ရှိနေသူတွေဟာ Investment တွေ Passive income တွေကို ပထမဆုံး စတင် အကောင် အထည်ဖော်ရမှာ မဟုတ်ဘဲ၊ မှန်ကန်တဲ့ Network၊ မိတ်ဆွေကောင်း၊ ဆရာကောင်း၊ သင့်တင့်တဲ့ အသိပညာ စတာတွေကိုအရင် စုဆောင်းရမှာပါ။ ပြီးရင်တော့ Investment တွေ Passive Income တွေက လွယ်သွားပါလိမ့်မယ်။
PF Level 4 Financial Freedom
ဒီအဆင့်ကတော့ Investment တွေလည်း လုပ်နေပြီး ငွေကလဲ ကောင်းကောင်း ဝင်နေပြီဆိုတဲ့ အခါမှာ အလုပ်မလုပ်ဘဲ ငွေဝင်နေစေမယ့် တစ်နည်းအားဖြင့် Financial Freedom ရဖို့လုပ်ဆောင်ရမှာပါ။ ဆိုတော့ Financial Freedom ဆိုတာ တစ်လ ငွေ ဘယ်လောက် ရတာကိုဆိုလိုတာလဲပေါ့။ ဒါကိုတော့ Maslow’s Need Theory နဲ့ တိုင်းတာလိုက်ပါ။ ကိုယ့်အတွက် စားဝတ်နေရေး ဖူလုံရုံဆိုတစ်လ ဘယ်လောက်၊ Safety Need ပါ ပြည့်ဖို့ဆိုတစ်လ ဘယ်လောက်၊ Social Need ဆိုတဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပါး စားသောက် လူမှုရေးလည်း လုပ်ဆောင်မယ်ဆိုတစ်လ ဘယ်လောက်၊ ကိုယ့်အောင်မြင်မှုလို့ ထင်တာတွေကိုပါ လိုက် လုပ်နိုင်ဖို့ဆို တစ်လ ဘယ်လောက်၊ ကိုယ် လူဖြစ်လာရခြင်း ရည်ရွယ်ချက် အဓိပ္ဗာယ်အတွက်ပါ လုပ်နေနိုင် ဖို့ တစ်လ ဘယ်လောက်လို့ သတ်မှတ်ပြီး Passive Income တွေ တည်ဆောက်ရမှာပါ။
PF Level 5 အခြားသူများအတွက်
ဒီ အဆင့်ကတော့ ရှင်းလင်းပါတယ် မိမိကိုယ်တိုင် တည်ဆောက် ပြီးစီးခဲ့တဲ့ Financial Wealth တည်ဆောက်ပုံကို အခြားသူများကိုပါ မျှဝေ လက်တွဲခေါ် ဖို့ပါပဲ။ ဒါမှသာ အသိုင်းအဝန်းတစ်ခုလုံး အတူ တိုးတက် ကြစေမှာပါ။
ဒါဆိုရင်တော့ မိမိဟာ ဘယ်Level မှာ ရှိနေပြီး ဘာကို အဓိက ဦးတည်လုပ်ဆောင်ရမယ်ဆိုတာ သိလောက် ပြီလို့ ယူဆပါတယ်ဗျာ။
Kaung Hein Soe – Strategic
Serial Investor
Keep Reading