Author's Profile Photo

Kaung Hein Soe - Strategic

7/01/2026

တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)

2 mins read
Personal Development
General Knowledge
တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)'s photo

Personal Finance အကြောင်း ပညာရပ်တွေထဲက အဓိက အရေးကြီးတဲ့ တစ်ကိုယ်ရည် ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေအကြောင်းကို ဆက်တိုက်မျှဝေလာခဲ့တာ အခုဆို အပိုင်း ၅ ကိုတောင်ရောက်ရှိလာပါပြီ။ အပြူအမူတွေဟာ သိပ်ကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြုအမူတစ်ခုခုကို ပြုလုပ်လိုက်တာနဲ့ နောက်ဆက်တွဲ ရလဒ်ဆိုတဲ့ Result က တန်းပြီး ထွက်လာတာကြောင့်ပါပဲ။ ကောင်းတဲ့အပြုအမူက ကောင်းတဲ့ ရလဒ်ကို ရပြီးဆိုးတဲ့ အပြုအမူကဆိုးတဲ့ ရလဒ်ကို ရစေပါတယ်။ ငွေကြေးပညာရပ်မှာ ဘယ်အပြုအမူက ကောင်းတယ် ဆိုးတယ်ဆိုတာကို အလွယ်ခွဲခြားလို့ မရနိုင်တဲ့ အခြေအနေတွေ အများအပြားရှိပါတယ်။

ရှားပါးခြင်း Scarcity
လူ့သဘာ၀ အရ ရှားပါးခြင်း Scarcity ဆိုတာကို ကြောက်ရွံ့တတ်ကြပါတယ်။ Scacrcity ဆိုတာ Shortage of Supply ဆိုတဲ့ ကုန်ပစ္စည်းများ ပြတ်လပ်ခြင်းကနေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအခါမှာ အခြားသူများရပြီး ငါများ မရတော့ရင် ဆိုတဲ့စိတ်၊ ပစ္စည်းပြတ်တောက်မှာကို ကြောက်တဲ့စိတ်၊ အသုံးမပြုရရင် အခက်တွေ့မယ်ဆိုတဲ့စိတ်တွေနဲ့ လူတွေဟာ Panic Buying ဆိုတဲ့ သွေးပျက်စွာ အစွမ်းကုန် အလွန်အကျွံ ဝယ်ယူခြင်းဆိုတဲ့ အပြုအမူကို စတင်ကြပါတော့တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာလည်း မဟုတ်မမှန်တဲ့ သတင်းစကားများကြောင့် ဆန် ဆီ ဆား စတဲ့ လူသုံးကုန်များကို စူပါမားကတ်တွေမှာ ပစ္စည်းပြတ်လောက်အောင် ဝယ်ယူမှု ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ဆိုတော့ကာ လူ့ဘဘာ၀ အရကိုက ကိုယ့်ရဲ့ လက်ရှိအခြေအနေမှာ လိုအပ်နေတဲ့အရာ မဟုတ်ပေမယ့် လိုတော့လိုနိုင်တယ်၊ ရှားလဲ ရှားမယ်ဆိုရင် ရှားတဲ့အရာကို သိမ်းဆည်းပိုင်ဆိုင် စုဆောင်းလိုစိတ်က ရှိနေတတ်ကြပါတယ်။ ဒါက တစ်ကိုယ်ရည် ငွေကြေးပညာမှာ မှားယွင်းတဲ့ အပြုအမူလေးတွေ အဖြစ်ကို ကူးပြောင်းလာတတ်ပါတယ်။

လူငယ်ဘ၀မှာ ဘာတွေရှား…
ငယ်ရွယ်စဉ် ကျောင်းသားလူငယ် ဘဝပေါများတာနဲ့ ရှားပါးတာတွေဟာ လုပ်ငန်းခွင်ထဲဝင်တဲ့ ဝန်ထမ်းလူငယ် ဘ၀ နဲ့ အတော်လေး ကွာခြားပါတယ်။ ဒါ့အပြင်ကိုမှ ဝန်ထမ်းဘ၀နဲ့ လုပ်ငန်းရှင်သူဌေးဘ၀ဟာလည်း ပေါများတာနဲ့ ရှားပါးတာ မတူတော့ပြန်ပါဘူး။

ကျောင်းသား ဘ၀မှာ သူငယ်ချင်းတွေ ပေါများပါတယ်။ အတန်းထဲမှာ မိမိနဲ့ အတန်းတူ သူငယ်ချင်း ဆယ်ချီ ရာချီ ရှိရာကနေ မိမိ သူငယ်ချင်း အုပ်စုမှာလည်း ဆယ်ဂဏန်းဝန်းကျင် သူငယ်ချင်းတွေ ပေါပေါများများ ရှိတတ်ပါတယ်။ ဒါပေမယ့် ကျောင်းသားဘ၀ ကိုယ်ပိုင်ဝင်ငွေလည်းမရှိသေးတော့ ငွေကြေးကတော့ ရှားပါး ပါလိမ့်မယ်။ ဒါ့အပြင် အချိန်ကလည်း ပေါများနေသေးပြီး လုပ်စရာ အလုပ်ကတော့ ရှားပါးနေနိုင်ပါတယ်။

လုပ်ငန်းခွင် လူငယ်ဘ၀ကိုရောက်တော့ သူငယ်ချင်း ရင်းရင်းနှီးနှီးပေါင်းဖြစ်တဲ့ အရေအတွက်က အသင့်အတင့် သာ ရှိတော့ပြီး အချိန်ကလည်းတော့ အတော်ပိုနေပါသေးတယ် ။ ငွေကြေးကတော့ အနည်းငယ် ပိုများလာမယ်ပေါ့။

ဆိုတော့ လူသဘာ၀ အရ ရစရာရှိတဲ့နှစ်ခု အနက်ကတစ်ခုကိုပဲ ရွေးတော့ဆိုရင် ကိုယ့်မှာ ပေါများနေတာကို ချန်ထားခဲ့ပြီး ကိုယ့်မှာ ရှားပါးတာကို ရွေးချယ်တတ်ကြလေ့ရှိပါတယ်။ လူငယ်ဘ၀မှာ အပေါဆုံးက အချိန်နဲ့ အပေါင်းအသင်း ဖြစ်ပါတယ်။ ငွေကြေးကတော့ ရှားပါးတတ်ပါတယ်။ ဒါကြောင့် အခက်အခဲ တစ်ခုခု၊ ရွေးချယ်စရာ တစ်ခုခု ကြုံလာတဲ့အခါမှာ လူငယ်တွေဟာ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို ငွေနဲ့လဲလှယ်ဖို့ ရွေးချယ်ကြပါတယ်။ နောက်တစ်ဆင့်ကတော့ ငွေကို သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ လဲလိုက်တာပါပဲ။

အချိန်ကို ငွေ နဲ့ လဲလှယ်ခြင်း…
လူငယ်တွေမျာ ပေါများတာက အချိန် ဖြစ်နေလို့ ကိုယ့်မှာပေါတဲ့ အရာနဲ့ ငွေကိုရဖို့ လဲလှယ်တာဟာ မှန်ကန်ပါတယ်။ ဒါပေမယ့် အမြဲ မဟုတ်ပါဘူး ။ ကျွန်တော့်ရဲ့ သီအိုရီဖြစ်တဲ့. KHS money making model မှာ ဖော်ပြထားသလို ငွေကို လုပ်အားနဲ့လဲခြင်း၊ ငွေကို အချိန်နဲ့လဲခြင်း၊ ငွေကို ကျွမ်းကျင်မှု Skill နဲ့လဲခြင်း၊ ငွေကို ငွေဖြင့် ပြန်လဲလှယ်ပွားများခြင်းဆိုတဲ့ ငွေရှာဖွေနည်း ၄ နည်းအနက်မှာ အချိန်နဲ့ ငွေကိုလဲတာဟာ ချမ်းသာတဲ့ဘဝကို မရနိုင် ပါဘူး။

အချိန်ကို ငွေနဲ့လဲနေရင်း မိမိမှာ ကျွမ်းကျင်မှုတစ်ခုခု ဖြစ်တည်လာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အချိန်နဲ့ ငွေကို လဲတဲ့နည်းဟာ အသက်၂၅နှစ် အောက် လူငယ်များအတွက်သာ လုပ်ဆောင်ရမယ့် အရာဖြစ်ပြီး ဒီအသက် ထက်ကျော်ရင်တော့ အချိန် + ကျွမ်းကျင်မှု = ငွေ ဆိုတဲ့ ဖော်မြူလာကို စတင်ကူးပြောင်းရတော့မှာပါ။
ဒါပေမယ့် အချိန်နဲ့သာ ငွေကိုလဲမယ့် အပြုအမူက အရိုးစွဲသွားရင်တော့ ငွေကြေးချမ်းသာမှုကို မရနိုင်တာ သတိပြုရမှာပါပဲ။

ငွေကို အပေါင်းအသင်းတွေ နဲ့လဲမယ်…
ငွေကို အပေါင်းအသင်းတွေနဲ့ လဲတယ်ဆိုတာက ငွေရှာဖို့ပဲ စိတ်ကရှိနေတော့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်၊ Relation တွေ မထူထောင်ဖြစ်တော့ဘဲ အလုပ်ထဲမှာပဲ လည်ပတ်၊ အလုပ်ထဲကလူတွေ နဲ့ပဲထိတွေ့၊ အဲဒီအလုပ်ကလဲ ပြောင်းရော သူငယ်ချင်းရယ်လို့ ဟုတ်တိပတ်တိ မကျန်ခဲ့ စသဖြင့် ဖြစ်တတ်တာပါပဲ။

ဒီအပြုအမူကလည်း လွဲပါတယ်။ မိမိအတွက် တစ်ကိုယ်ရည်ငွေကြေး ချမ်းသာကြွယ်ဝမှုကို အကောင်အထည် ဖော်ရာမှာ ခိုင်မာတဲ့ Network ရှိနေဖို့လိုပါတယ်။ ဒါကြောင့် မိတ်ကောင်းဆွေကောင်းတွေကို ငွေ နဲ့မလဲမိဖို့ကလည်း အရေးကြီးလှပါတယ်။

ဒါလေးတွေကတော့. ဒီတစ်ခေါက်ပြောချင်တဲ့ ငွေကြေးဆိုင်ရာ အပြုအမူလေးတွေပါပဲ။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe – Strategic
Serial Investor

Keep Reading

ခင်ဗျား အောင်မြင်မှုကို ဟန့်တားနေတဲ့ သူ.....စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလူကဲခတ်နည်း အပိုင်းသုံးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း လူကဲခတ်နည်း အပိုင်းနှစ်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဖတ်နိုင်သမျှ များများဖတ်ပေးပါ