မောရိသျှ
လူဆိုတဲ့ သတ္တဝါက အင်မတန် သရုပ်ဆောင်ကောင်းတဲ့ တိရစ္ဆာန်တွေ ဖြစ်တယ်။ မွေးကင်းစ ကလေးငယ် အရွယ် ကတည်းက ကိုယ်လိုချင်တာကို မရရအောင် ငိုပြီးတော့ပဲ ဖြစ်စေ၊ ရယ်ပြီးတော့ပဲ ဖြစ်စေ၊ အကြည့်လေး တစ်ချက်၊ အသံလေး တစ်ခါ ပေးလိုက်ရုံနဲ့ မိဘတွေဘက်က လိုလိုလားလား လုပ်ပေးကြအောင် ဟန်ဆောင်တတ်ကြတယ်။ သရုပ်ဆောင် ပညာ ဆိုတာက သင်ယူစရာ မလိုဘဲ တတ်မြောက်လာကြတဲ့ တစ်ခုတည်းသော မွေးရာပါ လူသား ပါရမီ ဖြစ်တယ်။
ကိုယ့်အနေနဲ့ မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်လာပြီဆိုရင်၊ အကောင်းဆုံး နဲ့ အကိုက်ညီဆုံး ရွေးခြယ်စရာ လက်နက်က “ဟန်ဆောင်” ကောင်းဖို့ပါပဲ။ အပေါင်းအသင်းကြားမှာ ကိုယ့်အပေါ် လူတိုင်းရဲ့ ဂရုစိုက်မှု ရှိစေချင်လား၊ အခြေအနေ အလိုက် ဟန်ဆောင်ကောင်းတတ်ဖို့ပဲ လိုပါတယ်။ လူကြားသူကြားထဲ ထင်ပေါ်ဖို့ လိုနေသလား။ ဝတ်ကောင်းစားလှ နဲ့ အပြောအဟော ကောင်းရင် လူပုံအလည်မှာ စံတင်လောက်စရာ အနေအထား အထိ ရောက်အောင် လုပ်လို့ ရပါတယ်။
ငယ်ငယ်ကတည်းက တတ်မြောက်ကျွမ်းကျင်ထားတဲ့ သရုပ်ဆောင်ပညာက အသက်ကြီးသည်အထိ အစွမ်းထက်၊ အလုပ်ဖြစ်နေတုန်းပါ။ ကိုယ့် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်စားသောက်ရင်လည်း ရာထူးအလိုက်၊ နေရာ အလိုက်၊ ဟန်ဆောင်ကောင်းရင် ဟန်ဆောင်ကောင်းသလောက် အကျိုးဖြစ်နိုင်ပါတယ်။ အခြေအနေအရ သန့်ရှင်းရေး နေရာ ဝင်လုပ်ရရင်လည်း သန့်ရှင်းရေးကောင်းတစ်ယောက်လို သရုပ်ဆောင်ကောင်းနိုင်ရင်၊ သန့်ရှင်းရေး ဘဝကနေ လွတ်ပြီး၊ ကြီးကြပ်ရေးမှူး ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ်၊ ပါမောက္ခ၊ စားပွဲထိုး၊ စစ်ဗိုလ်ကြီး စသဖြင့် မျက်နှာဖုံး အမျိုးမျိုး အလိုက် နေတတ်၊ ထိုင်တတ်သရွေ့ လူထဲကလူ ဖြစ်နိုင်ပါတယ်။
လူတိုင်းလိုလို ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်ကောင်းတွေ ဆိုပေမယ့်၊ အဲဒီလို ဟန်ဆောင်နေရတာက ကိုယ့် ဘဝ အပေါ် အလွှမ်းမိုး၊ အနှိပ်စက်နိုင်ဆုံးသော ဒဏ်ခတ်မှု တစ်ခု ဖြစ်နေတတ်တယ်။ မျက်နှာဖုံးနဲ့ နေရတာကိုက တာဝန် ၊ ဝတ္တရားကြီး တစ်ခုလို ထမ်းဆောင်နေရပြီး၊ နားခွင့်မရှိ၊ အပန်းဖြေခွင့် မရှိတဲ့ ရာသက်ပန်၊ အချိန်ပြည့် အလုပ်ကြီး လို ဖြစ်နေတတ်တယ်။ ဒါပေမယ့်လည်း လူမှ အပ ဘယ်သတ္တဝါကမှ လူသားလိုမျိုး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ အဆင့်အထိ ဆင့်ကဲတိုးတက်ခွင့် မရခဲ့ဘူး။
သမိုင်းမတင်မှီ အချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်သောင်းချီတဲ့ အချိန်တုန်းက လူသားတွေရဲ့ ဘိုးဘေးတွေဟာ တစ်ဦး နဲ့ တစ်ဦး အသံမပါတဲ့ တခြား ဆက်ဆံမှု စနစ်တွေနဲ့ ပေါင်းသင်းခဲ့ကြတယ်။ ဒါပေမယ့် ဘာသာစကားကို တီထွင်ဖန်တီး လိုက်နိုင်ပြီးကတည်းက - စကားပြောဆိုခြင်း ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေး နည်းစနစ်ကြီးဟာ၊ တခြား ကူးလူးဆက်ဆံ မှု စနစ်တွေ ဖြစ်တဲ့၊ ကိုယ်အမူအရာ၊ နုတ်အမူအရာ နဲ့ မျက်နှာအနေအထား တွေနဲ့ ရောထွေးပေါင်းစပ်သွားတော့၊ လူသား ရဲ့ ပေါင်းသင်းဆက်ဆံရေး “အလုပ်” ကြီးက ပိုရှုပ်ထွေးသွားခဲ့သလို၊ ပိုလေးနက်သွားခဲ့တယ်။
စိတ်ခံစားချက်ကို ဖော်ထုတ်ပြဖို့ အတွက် အမူအရာ နဲ့ ဆက်ဆံတဲ့စနစ်ကို ကျင့်သုံးခဲ့ကြတယ် ဆိုပေမယ့်၊ တစ်ချိန်တည်းမှာပဲ စိတ်ခံစားချက် အလုံးစုံကို ထုတ်ပြလိုခြင်း မရှိတာကြောင့်၊ ဟန်ဆောင် ထားတဲ့ မျက်နှာဖုံး အမူအရာ အတု နဲ့ ဆက်ဆံတဲ့ စနစ်ကိုလည်း အသားကျသွားတဲ့ အထိ မဖြစ်မနေ ကျင့်သုံးလိုက်ကြရတယ်။
နဂိုကမှ ရှုပ်ထွေးနေပြီးသား ပေါင်းသင်းဆက်ဆံရေး စနစ်ကြီးက၊ ဟန်လုပ်လံကြုပ် ဆက်ဆံရေး အတုကို ပါ တွဲဖက်ရောစပ်လိုက်ရတော့၊ သပွတ်အူလိုပဲ၊ အစမရှိ၊ အဆုံးမရှိ၊ အဓိပ္ပါယ်လည်း ရှိသလိုလိုနဲ့၊ အသုံးမကျတဲ့ ဆက်ဆံရေး စနစ် ယဉ်ကျေးမှု တစ်ရပ် ဖြစ်လာရတယ်။
လူသား တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ပြောဆို ဆက်ဆံဖို့ ပေါင်းသင်းဆက်ဆံရေး အလုပ်ဆိုတာ ရှိလာရပေမယ့်၊ ဒီ အလုပ်ကြောင့်ပဲ ပေါင်းသင်းဆက်ဆံရေးက ဟန်ဆောင်မှု အခြေပြု အလုပ် တစ်ခုလို ဖြစ်သွားခဲ့တယ်။ ခံစားချက် အစစ်ကို ဖုံးကွယ်ထားပြီး၊ ခံစားချက် အတုနဲ့ ဆက်ဆံရေးက အားကောင်းလာတာနဲ့အမျှ လူလူချင်း ဆက်ဆံရေးဟာ အဓိပ္ပါယ် ရှိတဲ့ ဆက်ဆံရေး တစ်ခု ဖြစ်သွားရမယ့်အစား၊ အကျိုးမရှိတဲ့ အလုပ်ကို စပ်တူပူးပေါင်း လုပ်နေရသလို ဖြစ်သွားရတယ်။
ဟန်လုပ်လံကြုပ်ဆက်ဆံရေးက မျက်နှာဖုံးအောက်မှာ ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းနေပါစေ၊ လူသားရဲ့ ခံစားချက်၊ စိတ်အာရုံက လိမ်ညာလို့ မရတဲ့အတွက်၊ ဟန်ဆောင်မှုတွေ အကြားမှာ အပြုအမူတွေ၊ အမူအကျင့်တွေ ကနေ တဆင့် သဲလွန်စ အနေနဲ့ ပေါ်ထွက်လာတတ်ပါတယ်။
အဲဒီလိုမျိုး တစတစ ပေါ်ထွက်လာတတ်တဲ့ ခံစားချက်၊ သဲလွန်စလေးတွေကို အကဲခတ်ပြီး၊ ဟန်လုပ်လံကြုပ် ဆက်ဆံရေး ရဲ့ မျက်နှာဖုံး နောက်ကွယ်က အစစ်အမှန်ကို ဖော်ထုတ်ရတာက “ပေါင်းသင်းဆက်ဆံရေး ပညာ” ဖြစ်လာပါတယ်။ တစ်ယောက် နဲ့ တစ်ယောက် ပြောဆို ဆက်ဆံတဲ့ နေရာမှာ သုံးနုန်းလိုက်တဲ့ အသုံးအနုန်း၊ ပြုမူလိုက်တဲ့ အမူအရာ၊ သတိလက်လွတ် ပြောင်းလဲမိသွား တဲ့ မျက်နှာ အနေအထား၊ စသဖြင့် ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ သဲလွန်စလေးတွေကို စူးစမ်းနိုင်သမျှ အကဲခတ်ပြီး၊ တစ်ဖက်လူရဲ့ စိတ်ကို မှန်းဆနိုင်ခြင်းကို လူ့သဘော၊ လူ့မနော ကျေညက်ခြင်းလို့ ခေါ်ပါတယ်။
ကိုယ်အမူအရာ၊ နုတ်အမူအရာ၊ ဥပဓိရုပ်၊ မျက်နှာ အနေအထား၊ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ပြီး သဲလွန်စကောက်၊ ပဟေဠိ အဖြေရှာရင်း တစ်ဖက်သားရဲ့ စိတ်နေစိတ်ခံကို ခန့်မှန်းရတဲ့ အလုပ်က လုံးဝ မလွယ်ပါ။ လူမှန်ရင် သရုပ်ဆောင်နေကြတဲ့ မျက်နှာဖုံး နောက်ကွယ်က တိရစ္ဆာန်တွေ ဖြစ်တာကြောင့်၊ ဟန်လုပ်လံကြုပ်ရခြင်း ဟာ လူပီသအောင် နေထိုင်ခြင်း ဖြစ်တာကို နားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဟန်လုပ်နေတဲ့ မျက်နှာဖုံးကို အတင်းချွတ် တိုင်း တစ်ဖက်သားရဲ့ စိတ်နေစိတ်ခံကို နားလည်နိုင်မှာ မဟုတ်ပါဘူး။
လူ့စိတ်ကို နားလည်ဖို့ မဖြစ်မနေ သိထားရမယ့် အချက်က - တစ်ဖက်သားရဲ့ ဇာတ်လမ်းကို ကိုယ်တိုင် နားလည်အောင် လုပ်ပြီး၊ သူနဲ့အတူ သရုပ်ဆောင်တတ်ဖို့ ပါ။ တစ်ဖက်လူရဲ့ ဇာတ်လမ်းမှာ ကိုယ့်အနေနဲ့ ဘယ်နေရာက သရုပ်ဆောင်မလဲ။ သရုပ်ဆောင် တတ်ရုံလောက်နဲ့ တစ်ဖက်လူဆီက ကိုယ့်အနေနဲ့ သိလိုတဲ့ အချက်အလက်တွေကို ထုတ်ဖော်လို့ရအောင်၊ ကိုယ်တိုင်ကလည်း လိုအပ်တဲ့ အခြေခံ အရည်အချင်း၊ အရည်အသွေး၊ အစွမ်းအစတွေ ရှိနေရပါမယ်။
လူလူချင်း ပေါင်းသင်းဆက်ဆံတဲ့နေရမှာ အထူးလိုအပ်မယ့် အရည်အချင်းတွေ အများကြီးရှိပေမယ့်၊ ဟန်လုပ်လံကြုပ် ဇာတ်ကွက်ကို နိုင်နိုင်နင်းနင်း ဖော်ထုတ်နိုင်မယ့် ပညာကတော့ “လူကဲခတ်ခြင်း နည်းပညာ” ပဲ ဖြစ်ပါတယ်။
#မောရိသျှ
Keep Reading