မောရိသျှ
စာဖတ်ဖြစ်လား။ ဖတ်မယ်လို့ တွေးထားတဲ့ စာအုပ်တွေ ဝယ်ဖတ်ဖြစ်လိုက်လား။ ဖတ်မယ်လို့ တွေးထားပြီးမှ မဖတ်ရသေးတဲ့ စာအုပ်တွေကော ရှိနေလား။ မနှစ်ကထက် ဒီနှစ်ပိုဖတ်ဖြစ်လား။ ဒါမှမဟုတ် မနှစ်တုန်းကလောက်တောင် မဖတ်ဖြစ်ဘဲ ဖြစ်နေလား။ ၂၀၁၄ ခုနှစ်က ကျွန်တော် ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်ဆိုလို့ လေးအုပ်ပဲ ရှိတယ်ဗျ။ ပြန်တွေးမိလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ယူကျုံးမရဘူး။
ကျွန်တော် စာဖတ်ရတာ သိပ်သဘောကျတယ်။ ဝါသနာထက်ကိုပိုတယ်ဗျ။ ဒါပေမဲ့ ဘွဲ့ရခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း တနှစ်ပြီးတနှစ် စာဖတ်နှုန်းကျသွားတယ်။ အလုပ်ဝင်ဖြစ်ခဲ့တဲ့နောက်ပိုင်း စာဖတ်ချိန် လျှော့သွားတာလည်း ပါပါတယ်။ ကိုယ့်ရွေးချယ်မှု အားနည်းချက်ဆိုတော့လည်း နောင်တရနေရုံမှတပါး ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စာများများဖတ်ဖို့ လိုတယ်ဗျ။ သူများတတွေရဲ့ အတွေ့အကြုံတွေကနေ တဆင့် သင်ယူတတ်မှ ပါးနပ်ရာကျတယ်။ ဒါကျွန်တော့်စကားမဟုတ်ဘူး။ Otto von Bismarck ရဲ့ စကားပါ။ “လူမိုက်တွေက ကိုယ်တွေ့ကနေ ပညာယူတယ်၊ လူတော်တွေက သူများတတွေရဲ့ အတွေ့အကြုံတွေကနေ ပညာယူတယ်” တဲ့။
လောကကြီးမှာ သူ့ထက်သာပြီး ထူးချွန်ပြောင်မြောက်တဲ့သူ ဖြစ်ချင်လို့ကတော့ စာမဖတ်ဘဲနဲ့ မရဘူး။ ပညာကို မသေမချင်း ဆက်လက်သင်ယူနေမှ ရမှာဗျ။ ဒါကြောင့် စာများများဖတ်ဖြစ်စေမယ့် ကိုယ်တွေ့ နည်းလမ်းအချို့ မျှဝေလိုက်ပါရစေ။
စာအုပ်က တအုပ်ပဲဝယ်ဝယ် အများကြီးပဲ ဝယ်ဝယ် ဘယ်လိုဝယ်ဝယ် ဈေးကြီးတာပါပဲ။ ဈေးသက်သာတဲ့ စာအုပ်ရယ်လို့ မရှိဘူးဗျ။ ပြီးတော့ ဘယ်စာအုပ်ပဲဝယ်ဝယ် အချိန်ပေးကို ပေးရမှာပဲ။ အချိန်မပေးလို့ကတော့ ဘယ်စာအုပ်ကိုမှ ဖတ်ဖူးမှာ မဟုတ်ဘူး။ ဘယ်သူမဆို ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ စာဖတ်ချိန် ဖဲ့ကို ဖဲ့လို့ရတယ်။ ကိုယ့်စိတ်အပေါ်မှာပဲ မူတည်တာပါ။ မငှားပါနဲ့။ ကိုယ်ပိုင်မဟုတ်ရင် စာအုပ်အပေါ် လေးစားစိတ် အပြည့်မထည့်နိုင်လို့ အရေးမစိုက်တဲ့ စိတ်မျိုး မွေးမိတတ်ပါတယ်။ ကိုယ်ပိုင်စာအုပ်ဆိုရင် စာအုပ်ဈေးကြောင့် တန်ဖိုးထားစိတ် ထည့်နိုင်သလို၊ ဘဝမြင့်ပြီး မောက်မာချင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဖြစ်တာကြောင့် စာဖတ်ချင်စိတ် အပြည့်မွေးလိုက်ရင် စိတ်နှစ်ပြီး ဖတ်ဖြစ်ပါလိမ့်မယ်။
ဒတ်ချ် ရီနေးဆန့်ခေတ်က ဧရာမုစ် (Erasmus) ပြောခဲ့ဖူးသလိုပါပဲ၊ “ပိုက်ဆံနည်းနည်းပဲ ရှိရင်တော့ စာအုပ်ဝယ်ဖြစ်တယ်၊ ဘာမှမကျန်တော့မှ စားစရာနဲ့ အဝတ်အစားတွေ ဝယ်ဖို့ တွေးဖြစ်တယ်” တဲ့။ သူပြောချင်တာက စာအုပ်ကို ဝယ်ချင်ရင် မချွေတာပါနဲ့၊ မနှမြောပါနဲ့၊ မတွန့်တိုပါနဲ့။ ဝယ်စရာရှိဝယ်ပါ။ မဖတ်ဖြစ်မှသာ ဝယ်ထားတဲ့စာအုပ်က အရှုံးဖြစ်ပါတယ်။ ဖတ်ဖြစ်ရင် ဘယ်စာအုပ်မဆို ဘယ်လောက်ပဲ ဈေးကြီးပါစေ ဝယ်ရတာ တန်ကို တန်ပါတယ်။ များများဖတ်ဖို့ များများဝယ်ရင် ထိုက်တန်မှန်းသိတော့ အလုပ်ကို များများလုပ်ပြီး ကြိုးစားချင်စိတ် များများပေါက်ပါလိမ့်မယ်။ နှမြောသူတွေကတော့ ရှိတာလေးလောက်ကို တွန့်တိုနေတော့ အလုပ်များများမလုပ်ဖြစ်ဘဲ ရောက်နေတဲ့ အဆင့်အတန်း အတိုင်းအတာလောက်မှာ ချောင်ပိတ်သွားတယ်။
စာအုပ်များများဝယ်ဖြစ်ရင် ဖတ်ဖို့ရာ ရွေးချယ်စရာ များများရတယ်။ အဲဒီအခါ တမျိုးမဟုတ် တမျိုး ရွေးဖတ်လို့ရသွားရော။ မငြီးငွေ့တော့ဘူး။ ဖတ်စရာများနေလို့ဆိုပြီး အတွေးမများစေနဲ့ဦးနော်။ ဟိုဟာ ဖတ်ရမလား ဒီဟာ ဖတ်ရမလား ချေးများနေရင် အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ဖတ်စရာရှိ တွေ့တဲ့စာအုပ် ကောက်ကိုင်ပြီး ဖတ်လိုက်ပါ။ ဖတ်ပြီးသွားတော့လည်း သိစရာရှိ သိသွားမှာပဲလေ။ ဘယ်စာအုပ်ကို ကြိုဖတ်မှ ပိုထူးချွန်သွားမယ်လို့ မရှိပါဘူး။ (သဘောပြောတာပါ) စာအုပ်တိုင်း ဖတ်မှာပဲ မဟုတ်လား။ စာအုပ်ဖတ်ဖို့ အကြောင်းပြချက်တွေ ထုတ်မနေပါနဲ့။ ဖတ်မှာသာ ဖတ်ပါ။
ကျွန်တော်ကတော့ တနေ့ကို အနည်းဆုံး အချိန် တနာရီပြည့်အောင် စာဖတ်ဖို့ ကိုယ့်ကိုယ်ကိုယ် အကျင့်လုပ်ထားတယ်။ စာဖတ်တဲ့အခန်းရောက်မှတို့ ထိုင်နေကျ ဆိုဖာပေါ်ရောက်မှတို့ စသဖြင့် အကြောင်းပြချက်တွေ မရှိဘူး။ ဘယ်နေ့ပဲဖြစ်ဖြစ် ဘယ်ကိုပဲရောက်ရောက် ဖတ်စရာရှိတဲ့ စာအုပ်ကို ဖတ်ဖို့အချိန်ရတာနဲ့ ဖတ်လိုက်တာပါပဲ။ ချေးများမနေဘူး။
ရထားပေါ် လည်း ဖတ်လို့ရတာပဲ။ ကလေးနို့တိုက်နေလည်း ဖတ်လို့ရတာပဲ။ စားနေလည်း ဖတ်လို့ဖြစ်တာပဲ။ ဆေးခန်းသွားပြလည်း စောင့်နေတဲ့အချိန် ဖတ်ပေါ့။ အလုပ်ရောက်နေလို့ ဖတ်ချိန်မရစရာ အကြောင်းမရှိပါဘူး ခနတဖြုတ်အားသွားတိုင်း ဖတ်နိုင်သလောက် ဖတ်ပေါ့။ တကယ်စိတ်ပါရင် ဘယ်သူမဆို အချိန်ဖဲ့လို့ ရကိုရပါတယ်။ စိတ်အလိုက အရှိန်အဟုန်နဲ့ ပြင်းထန်နေဖို့ပဲ လိုတာပါ။
အရေးကြီးဆုံးက ဖုန်းပွတ်နေသလိုမျိုး စာအုပ်ကိုလည်း စိတ်အပြည့်ထည့်ပြီး ဖတ်ဖို့လိုတယ်နော်။ Facebook Newsfeed ကိုကျတော့ ဘယ်လောက်ပဲ အချိန်ကြာပါစေ ပွတ်လို့ မပျင်းသလောက်၊ စာအုပ်ကိုကျတော့ လေးငါးမျက်နှာနဲ့ သန်းနေတယ်ဆိုရင် ကိုယ့်လောက်ညံ့တာ ဘယ်သူရှိဦးမလဲ။ ဘယ်ဟာက ကိုယ့်အတွက် ပိုပြီး အရေးပါသလဲ ကွဲပါစေ။
တရက်ကို စာမျက်နှာ ၅၀ အနည်းဆုံးထား ဖတ်ရင် တနှစ်ကို စာမျက်နှာပေါင်း အနည်းဆုံး ၂၆,၀၀၀ မကဘူးနော်။ ဒါဆို စာအုပ်ပေါင်း ပျမ်းမျှ ၁၀၄ အုပ်ရှိတယ်။ အဲတော့ တနှစ်ကို စာအုပ်ပေါင်း ၁၀၀ မက ဖတ်နိုင်တယ်လို့ ဆိုလိုတာပဲ။ အဲဒီလိုကြီးလုပ်ပါလို့တော့ မဆိုလိုဘူး။ စာဆိုတာ တကယ်ဖတ်ရင် အဲလောက်တောင် လုပ်နိုင်တယ်လို့ ပြောချင်တာပါ။ ဒါကြောင့် ဆင်ခြေပေး အကြောင်းပြမနေပါနဲ့။ ဖတ်လို့ရတိုင်း ဖတ်စရာရှိတာကို ဖတ်ဖြစ်အောင်သာ ဖတ်လိုက်ပါ။
#မောရိသျှ
Keep Reading