Author's Profile Photo

တင်ညွန့်

23/03/2026

ပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်

3 mins read
Life Style
General Knowledge
ပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်'s photo

အညာသားမဟုတ်သော်လည်း ကျွန်တော်က ပဲကြိုက်သည်။ အညာသားလည်း ပဲကြိုက်ချင်မှကြိုက်မည်။ အပြောမှားလျှင် ခွင့်လွှတ်စေချင်သည်။
ပဲကိုအဘယ်ကြောင့်ကြိုက်သနည်း။ ယခုအချိန်တွင် တန်ဖိုးအနည်းဆုံး၊ အာဟာရအဖြစ်ဆုံး၊ အကောင်းဆုံး အစားအစာတစ်ခုအနေဖြင့် မှတ်ယူထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပဲပြုတ်၊ ပဲဟင်းတို့ကို မကြာခဏ စားသည်။
ကုလားပဲလေးကို နုအိနေအောင် ထမင်းပေါင်းအိုးထဲထည့်ပြီး ပြုတ်သည်။ ကုလားပဲက ရိုးရိုးအိုးနှင့် ပြုတ်လျှင် ဝေကျလွန်းသောကြောင့်ဖြစ်သည်။ ထမင်းပေါင်းအိုးထဲထည့်ပြီး ရေအနေတော်ထည့်၊ ခလုတ်နှိပ်ထား လိုက်ရုံပင်။ ရေခမ်းလျှင် ခလုတ်တတ်သွားလိမ့်မည်။ ပဲလည်း နုအိနေလိမ့်မည်။
ဒယ်အိုးထဲကို ဆီထည့်။ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဆီသတ်၊ နနွင်းမှုန့်အနည်းငယ်ထည့်၊ ကြက်သွန်လေးတွေ ရွတတဖြစ်လာပြီဆိုလျှင် စောစောက ပဲပြုတ်ထားသည်တို့ကို ခပ်ထည့်ကာ နှပ်ထား လိုက်ရုံပင်။ ရေမထည့်ပါ။ ပဲဟင်းမဟုတ်သောကြောင့်ဖြစ်သည်။
ကျွန်တော်က ပဲနှပ်၊ သရက်သီးသနပ်တို့နှင့် ထမင်းစားမည်အပြုတွင် အိမ်ရှေ့တွင် ဆိုင်ကယ် ဟွန်းတီးသံ ကြားလိုက်ရသည်။ ကျွန်တော်က အိမ်အပြင်ထွက်ကြည့်သည်။ မောင်ကျော်စွာနှင့်အတူ လူတစ်ယောက်ပါ လာသည်။
“ဆရာ … ဆရာ”
“အေးလာပြီ …”
ကျွန်တော်က တံခါးသွားဖွင့်ပေးလိုက်သည်။
မောင်ကျော်စွာက သူနှင့်ပါလာသူ လူကြီးတစ်ယောက်အား
“လာပါဆရာ …” ဟူ၍ ခေါ်လာသည်။
ကျွန်တော့်တစ်ကိုယ်တော် ထမင်းဝိုင်းလေးက အိမ်ရှေ့တွင် ပြင်ထားသည်။ ကျွန်တော့်ထမင်းထဲတွင် ပဲနှပ် တွေကိုအပေါ်က ပုံထားပြီး ဖြစ်နေသဖြင့်
“ထိုင်ကြဗျာ … ထမင်းတွေပွကုန်မှာစိုးလို့ စားလိုက်ဦးမယ်” ဟု ကျွန်တော်ကပြောလိုက်သည်။
မောင်ကျော်စွာနှင့် ဧည့်သည်ကို လောကွတ်လုပ်ပြီး ကျွန်တော်မခေါ်ပါ။ အဘယ်ကြောင့်ဆိုသော် ထမင်းနှင့် ဟင်းတွေက ကျွန်တော့်တစ်ယောက်စာ ကွက်တိချက်ထားသောကြောင့်ဖြစ်သည်။
မောင်ကျော်စွာနှင့် ထိုဧည့်သည်က ကျွန်တော့် ထမင်းစားပွဲဝိုင်းလေးရှေ့တွင်ထိုင်လိုက်ကြသည်။
“ဆရာ … ဒါက ဆရာ့ကိုတွေ့ချင်လို့ဆိုလို့ ကျွန်တော်ခေါ်လာတာ။ ဆရာ့စာဖတ်ပရိသတ် တစ်ယောက်ပါ”
ထိုသူက သူ့ကိုယ်သူ မိတ်ဆက်သည်။
“ကျွန်တော့်နာမည် ကျော်ဦးပါ”
“ဟုတ်ကဲ့”
ကျွန်တော်က ထမင်းဆက်စားနေသည်။
“ဆရာ ပဲဟင်းနဲ့ ထမင်းစားရသလားဗျာ”
“ဘာဖြစ်လို့လဲဗျ။ ပဲဟင်းနဲ့စားတော့ ဘာဖြစ်လို့လဲ”
“ဆရာရယ် ဆရာ့ကိုဒီလိုစားနေတာမြင်တော့ စိတ်မကောင်းလို့ပါ။ ကျွန်တော်သိတဲ့ စာရေးဆရာတစ်ယောက် အကြောင်း ပြောချင်လို့။ သူ့အိမ်ကို ကျွန်တော် မကြာသေးခင်ကမှ ရောက်ခဲ့တာ”
“ဘယ်သူလဲဗျ”
သူက ကျွန်တော့်ကို စာရေးသူအမည်ပြောလိုက်သည်။
ကျွန်တော်ဘာမျှသူ့ကို ပြန်မပြောပါ။
“သူ့အိမ်ကို ကျွန်တော်ရောက်သွားတော့လည်း ထမင်းဝိုင်းနဲ့တိုးတာပဲဆရာ။ ဆရာ့ထမင်းဝိုင်းလို မဟုတ်ဘူး။ သူ့ထမင်းဝိုင်းမှာက ဟင်းခွက်ပေါင်း လေးငါးခွက်နဲ့ ဟင်းကောင်းတွေချည်းပဲ။ ပြီးတော့ အဲဒီ စာရေးဆရာက တိုက်နဲ့ကားနဲ့နေရတယ်ဆရာ”
ကျွန်တော်သူ့ကို ဘာမျှမပြောပါ။ ကျွန်တော့်ထမင်းကို ကျွန်တော်ကုန်အောင်စားလိုက်သည်။ ထို့နောက် စားပြီးသား ပန်းကန်တွေကို ယူကာ နောက်ဖေးတွင်သွားဆေးသည်။ ပြီးတော့ ပြန်လာပြီး သူတို့ရှေ့တွင် ထိုင်လိုက်သည်။
“ကိုကျော်ဦး ခင်ဗျား ကျွန်တော့်ဆီလာတာ အဲဒီစာရေးဆရာအကြောင်း ပြောဖို့တော့ ဟုတ်ဟန် မတူဘူး”
“ကျွန်တော်က မောင်ကျော်စွာတို့စက်ရုံက မန်နေဂျာပါဆရာ။ ဆရာ့စာတွေကိုလည်း သူပြောလို့ ဖတ်မိပြီး ကြိုက်နေတာပါ။ ဒါကြောင့် ဆရာ့ကိုတွေ့ချင်လို့ လိုက်ခဲ့တာပါ”
“စောစောက ခင်ဗျားတွေ့ခဲ့တဲ့စာရေးဆရာဆိုတဲ့သူက ချမ်းသာလား”
“ချမ်းသာတယ်ဆရာ။ စာရေးလို့ ချမ်းသာတာတော့ မဟုတ်ပါဘူး။ သူက သူ့အသိုင်းအဝိုင်း၊ သူ့နီးစပ်မှုတွေကို မြှောက်ပင့်ပြောဆိုရေးသားတတ်မှုတွေကြောင့် နေရာတစ်ခု ရနေတာလို့ ထင်ပါတယ်။ ဆရာ့ကို ပဲနဲ့ထမင်းစား နေတာတွေ့တော့ စိတ်မကောင်းဘူး။ ဒါကြောင့်ပြောမိတာပါ”
“ကိုကျော်ဦး … ကျွန်တော်က ပဲစားတယ်ဆိုတာ ကြိုက်လို့စားတာ။ စားသင့်လို့လည်း စားတာ။ စိတ်ထဲမှာ သံသယရှင်းရှင်းနဲ့ ကြိုက်လို့ကိုစားတာ။ စောစောက ခင်ဗျားပြောတဲ့စာရေးဆရာဆိုတဲ့သူက ပဲဟင်း မစားတာ ဘာမှပြဿနာမရှိဘူး။ သူ့အတွက် ပဲဟင်းစားစရာ မလိုလို့ကို မစားတာဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ပြောချင်တာတစ်ခုက ကျွန်ခံပြီး ကျွန်စိတ်နဲ့ အသားဟင်း၊ ငါးဟင်းကောင်းကောင်းတွေ စားနေရ တာထက်၊ ကျွန်တော်ကတော့ သခင်စိတ်နဲ့ ကိုယ့်ဘာသာကိုယ် လွတ်လပ်စွာ ပဲဟင်းစားရတာကို ဂုဏ်ယူတာ။ ပြောရရင်တော့ဗျာ ကျွန်ခံပြီး မှန်လှပါဘုရားလုပ်ပြီး အသားဟင်း၊ ငါးဟင်း စားရအောင်လုပ်တာထက်၊ သခင်စိတ်နဲ့ ပဲဟင်း စားရတာကို ပိုပြီး ဂုဏ်ရှိတယ်လို့ထင်နေတဲ့သူဗျ”
ထိုသူက ပြုံးနေသည်။ ထို့နောက်
“ကျွန်တော့်ကို ခွင့်ပြုပါဦးဆရာ။ ပြန်ပါဦးမယ်။ မောင်ကျော်စွာ လိုက်မပို့နဲ့။ မင်းဆရာနဲ့ နေခဲ့မလို့ဆို နေခဲ့” ဟု ပြောပြီး ပြန်သွားသည်။
ထိုသူပြန်သွားမှ မောင်ကျော်စွာက
“ဆရာကလည်း ပြောချလိုက်တာ အားနာစရာကြီး”
“ဘာဖြစ်လို့လဲကွ”
“အဲဒီ စာရေးဆရာဆိုတဲ့သူက သူ့အစ်ကိုအရင်းကြီး”
“မောင်ကျော်စွာ အဲဒါ အားနာစရာလားကွယ်။ အမှန်အတိုင်းပြောတာပဲ”
“သူ့ခမျာ ဆရာ့ဆီလာလည်ပြီး စာပေအကြောင်းလေး ပြောချင်လို့ပါဆိုလို့ ခေါ်လာတာဆရာ”
“လူတိုင်းနဲ့ စာအကြောင်းပေအကြောင်း ပြောစရာ မလိုပါဘူးကွာ။ တချို့လူတွေက သူတို့စကားမှာကိုက ဇာတိပြနေတာပါ။ သူတို့စကားနဲ့ သူတို့ဆုံးဖြတ်သွားတာပါ။ သူ့အစ်ကိုအကြောင်း ငါမသိပါဘူး။ စာတွေလည်း မဖတ်ပါဘူး။ ဒါပေမဲ့ သူဘာလဲဆိုတာ စာဖတ်သူတွေအားလုံးသိနေတာပဲ။ လူတစ်ယောက်ရဲ့စာမှာ သူ့ရဲ့ စိတ်စေတနာတွေက အထင်းသားပေါ်ပြီးသားကွ။ လိမ်လို့မရဘူး။ ပြည်သူတွေကိုလည်း ညာလို့မရဘူး။ ဘယ်သူဘာဆိုတာကို သိပြီးသား။ ငါစောစောက ပြောသလိုပဲ ကျွန်ခံပြီး အသားစားရတာထက်၊ သခင်စိတ်နဲ့ ပဲဟင်းစားရတာကို ဂုဏ်ယူတယ်။ ဒီခေတ်မှာ ပဲဟင်းစားရတာကို တို့ပတ်ဝန်းကျင်က ဂုဏ်ငယ်တယ်လို့ ဘယ်သူမှ မထင်ပါဘူးကွာ”
“အမှန်ပဲဆရာ”

တင်ညွန့်
၁၅.၃.၂၀၂၆

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်❝ မသိမှု ဝတ်ရုံကြီး ❞စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...