တင်ညွန့်
.jpeg)
ကျောင်းဆရာကိုထွေးမောင် ကျောင်းကအိမ်ကို ပြန်လာသည်။ သူက စက်ဘီးဘဲလ်လေးကို ကလင် … ကလင် ဟု တီးကား အိမ်ထဲကို စက်ဘီးစီးဝင်လိုက်သည်။ ထို့နောက် စက်ဘီးကိုရပ်ပြီး
“မြင့်ရေ” ဟု သူ့ဇနီးကို လှမ်းခေါ်လိုက်သည်။
“အစ်ကိုရေ … ဒီမှာထမင်းအိုးငှဲ့နေတယ်”
သူ့ဇနီးကပြန်အော်လိုက်သည်။ ကိုထွေးမောင်က သူ့လွယ်အိတ်လေးကိုဆွဲပြီး အိမ်ပေါ်ကိုတက်လာသည်။
သူအိမ်ဖိနပ်ချွတ်ကိုရောက်သည့် အခါတွင် တွေပြီးရပ်ကြည့်နေမိသည်။ သူကြည့်နေမိသည်က ဖိနပ်ချွတ်တွင် ခင်းထားသည့် ပုဆိုးခေါက်လေးဖြစ်သည်။ ကချင်ပုဆိုးအကွက်လေး။ သူက ဒူးထောက်ကာ ပုဆိုးလေးကို ကိုင်ကြည့်နေမိသည်။ ပုဆိုးလေးမှာ အစိမ်းနှင့်အနက်အရောင်လွင့်ကာ ဖြူလျော်လျော်ဖြစ်နေသည်။ အပေါက်လေးတွေ ဖြစ်သည့်နေရာကဖြစ်နေသည်။
ကိုထွေးမောင်က ပုဆိုးကို ဖုန်တွေခါလိုက်သည်။ ထို့နောက် ခေါက်ကာ ကိုင်လိုက်ပြီး အိမ်ထဲဝင်မည်ပြုလိုက်သည့် အခါတွင်
“အဲဒါဘာလုပ်တာလဲ” ဆိုသည့်အမေးနှင့် သူ့ကိုခါးထောက်ကြည့်နေသော ဇနီးဖြစ်သူကို တွေ့လိုက်ရသည်။
သူက ပုဆိုးကို နောက်တွင်ကွယ်လိုက်ပြီး
“ဘာလုပ်လို့လဲ”
“ကျွန်မ ခြေသုတ်ဖို့ချထားတဲ့ ပုဆိုးကို ဘာဖြစ်လို့ပြန်သိမ်းနေတာလဲ”
“မြင့်ရယ် … ပုဆိုးကို ခြေသုတ်စရာလား”
“ပုဆိုးစုတ်ကြီးကို ဘာဖြစ်လို့လဲ။ ဝတ်မှ မဝတ်တော့တာ။ ဘာလုပ်မလို့လဲ”
“ဘာမှမလုပ်ပါဘူး … နှမြောလို့ပါ”
“ပေးပါ ကျွန်မကို အဲဒီပုဆိုး”
“ဘာလုပ်မလို့လဲ … မပေးနိုင်ပါဘူး”
“ပေးဆို”
မြင့်မြင့်အေးက အတင်းလိုက်လုသည်။
“မြင့်ရာ ဘာဖြစ်နေတာလဲ။ မောင်က ပုဆိုးကို ခြေသုတ်တာမလုပ်စေချင်လို့ဟာ။ ဘာဖြစ်နေတာလဲ”
“ကျွန်မ မသိဘူးထင်နေသလား။ ရှင့် ရည်းစားဟောင်းပေးခဲ့တဲ့ လက်ဆောင်မို့လို့ မဟုတ်လား”
ကိုထွေးမောင်က အိမ်ထဲကို အတင်းဝင်ပြီး ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
“ပေး … ကျွန်မကို အဲဒီပုဆိုး”
“မြင့် တော်ရင်ကောင်းမယ်ကွယ်။ မောင်က ခြေသုတ်တာမလုပ်စေချင်ဘူးဆိုရင် မလုပ်နဲ့ပေါ့။ မနက်ဖြန်မှ ခြေသုတ်ခုံဝယ်လာမယ်”
“ရှင်ဒီပုဆိုးကို စုတ်တဲ့အထိလည်း ဝတ်တယ်။ ခုလည်း မဝတ်တာကြာပြီး ပိုနေလို့ ခြေသုတ်ပုဆိုးလုပ်တာ ဘာဖြစ်သလဲ။ ဘာဖြစ်လို့ အဲဒီလောက်တောင် ဒီပုဆိုးကို စွဲလမ်းနေရတာလဲ”
“မြင့် အထွေအထူးတွေပြောမနေနဲ့ကွာ။ မောင်မကြိုက်ဘူး။ မလုပ်ပါနဲ့ဆို မလုပ်နဲ့ ဟုတ်ပြီလား”
ဇနီးဖြစ်သူက ခြေဆောင့်ကာ အိမ်နောက်ဖေးဝင်သွားသည်။ သူက မျက်စိကို မှိတ်လိုက်ပြီး ဖူးခနဲ သက်ပြင်း ကြီးကို မှုတ်ထုတ်ကာ စိတ်သက်သာမှုရှာလိုက်သည်။
ဘီအီးဒီနောက်ဆုံးနှစ်ကဖြစ်သည်။ ခင်နွဲ့မူနှင့်သူ ကန်တင်းတွင်ဆုံကြသည်။ သူမက လွယ်အိတ်ထဲမှ တစ်ခုခုကို နှိုက်လိုက်ပြီး
“ဆရာ့ကို လက်ဆောင်ပေးမလို့” ဟုဆိုကာ သတင်းစာစက္ကူနှင့်ပတ်ထားသည့် အထုပ်လေးကို သူ့ရှေ့သို့ တွန်းပေးလိုက်သည်။
“ဘာလဲ ဆရာမ”
“ဖွင့်ကြည့်လေ”
သူက ဖွင့်ကြည့်လိုက်သည်။
“ကချင်ပုဆိုးပါလား”
“ဟုတ်တယ် … အဲဒါနွဲ့ရဲ့လက်ဆောင်”
“တန်ဖိုးကြီးမှာပဲ မယူရက်ပါဘူး”
“တန်ဖိုးကြီးတယ်။ ကြီးတာမှ အတော်လေးကြီးတယ်။ အသက်နဲ့အမျှ တန်ဖိုးကြီးတယ်”
“ဘယ်လိုလဲဗျာ … အသက်နဲ့အမျှ ဟုတ်လား”
“ဟုတ်တယ်။ အဲဒီပုဆိုးကို နွဲ့မှာလိုက်တာ။ ယူလာတဲ့လူက လမ်းမှာ သေသွားပြီ”
“ဟာဗျာ ကျွန်တော် မယူရက်ပါဘူး”
“ယူလိုက်ပါ။ နွဲ့အစ်ကိုက ရန်ကုန်ကိုလာရင်း လမ်းမှာသေသွားတယ်။ ဘာကြောင့်သေတယ်ဆိုတာတော့ မပြောချင်တော့ပါဘူး။ ဒါပေမဲ့ နွဲ့ဆီကို ပုဆိုးလေးကရောက်လာတယ်။ အစကတည်းကလည်း သူငယ်ချင်း တစ်ယောက်ကို လက်ဆောင်ပေးမလို့ဆိုပြီး မှာလိုက်တာ။ ဘာပဲဖြစ်ဖြစ် ဆရာဝတ်စေချင်တယ်။ နွဲ့က အစ်ကို့ကို ပြောထားတယ်။ ကျောင်းပြီးရင် နွဲ့တို့ဆီကို အလွန်တော်တဲ့ ဆရာတစ်ယောက် ခေါ်ခဲ့မယ်လို့။ အစ်ကိုက အဲဒါကိုသဘောကျတာ။ ဘာပြောပြောတို့နယ်အတွက် ဆရာရပြီဆိုပြီးတော့။ ဆရာ လာမှာ မဟုတ်လား”
“ဆရာမရှေ့မှာပဲ ဦးစားပေးမြို့နယ်တွေလျှောက်တော့ နံပါတ်တစ်နေရာမှာ အတူတူထည့်ခဲ့ကြတာလေ”
“နွဲ့မျှော်နေမှာ”
တောင်တန်းဒေသရှိ သူလျှောက်သည့်နေရာကိုပင် အထက်တန်းပြအဖြစ် ရာထူးခန့်အပ်ခြင်း ခံခဲ့ရပါသည်။
သို့သော် သူထိုတာဝန်ကျရာနေရာကို မသွားခဲ့ပါ။ မြင့်မြင့်အေးနှင့် အိမ်ထောင်ကျသည်။ သူနေထိုင်ရာ မြို့အနီးမှာပင် တာဝန်ကျသဖြင့် နယ်ကို မထွက်နိုင်ခဲ့ပါ။ သို့သော် ထိုကချင်ပုဆိုးလေးကိုတွေ့တိုင်း သူ ခင်နွဲ့မူ ကို သတိရနေမိသည်။ ထိုပုဆိုးလေးကို အမြတ်တနိုးဝတ်ရင်း သူ့တောင်တန်းဒေသခရီးသည် အိပ်မက်တွေ ဖြစ်ခဲ့ရသည်။
“မောင် … ရေချိုးလေ … ထမင်းစားမယ်”
သူ့ပခုံးကို လှုပ်နှိုးလိုက်သဖြင့် လန့်သွားသည်။ သူအိပ်ပျော်သွားပုံရသည်။
သူကထိုင်ခုံမှထမည်ပြုပြီးမှ
“ပုဆိုးရော … ဘယ်ရောက်သွားပြီလဲ”
“ဪ ကချင်ပုဆိုးလား”
“ဟုတ်တယ်”
“ခဏလေး”
မြင့်မြင့်အေးက အခန်းထဲပြေးဝင်သွားသည်။ ထို့နောက်အပြင်ကို အထုပ်လေးကိုင်ပြီး ပြန်ထွက်လာသည်။
“ဘာလဲ”
“သိချင်ရင်ဖွင့်ကြည့်”
သူက အထုပ်ကို ဖွင့်ကြည့်လိုက်သည်။
“ဟာ … ကချင်ပုဆိုးပါလား”
“ဟုတ်တယ် … မြင့်ဒီနေ့ ဘောနပ်စ်ဆုကြေးရလို့ မောင့်အတွက် အမှတ်တရ ကချင်ပုဆိုးလေး ဝယ်လာပေးတာ”
“ပုဆိုးအဟောင်းရော”
“မောင်ရယ် … အသစ်ရနေပြီပဲ အဟောင်းကြီးက ဘာလုပ်မှာလဲ”
“ခြေသုတ်ပုဆိုးတော့ မလုပ်လိုက်ပါနဲ့ကွာ”
“မလုပ်ပါဘူးမောင်ရယ် … သွား ရေချိုး၊ ထမင်းစားကြမယ်။ မောင်ကြိုက်တဲ့ အမဲအကြောရယ်၊ ပဲချဉ်ရည်ဟင်းရယ် ချက်ထားတယ်”
“ဟုတ်လား”
ကိုထွေးမောင် ရေချိုးရန် အိမ်နောက်ဖေးကို ထွက်လာသည်။ သူက ရေတိုင်ကီနားရောက်မှ ခြံထဲတွင် အမှိုက်တွေ မီးရှို့ထားသည်ကိုတွေ့လိုက်ရသည်။ သူက ရေကိုကမန်းကတန်းချိုးပြီး အိမ်ပေါ်ပြန်တက်သည်။ သူ့ဇနီးက မျက်နှာသုတ်ပဝါလှမ်းပေးသည်။
သူတို့ထမင်းအတူစားကြသည်။
နောက်တစ်နေ့တွင် သူကချင်ပုဆိုးအသစ်လေးဝတ်သွားသည်။
ပုဆိုးအဟောင်းအကြောင်းကို သူဘယ်တော့မျှ မမေးမိတော့။
တင်ညွန့်
၁၃.၃.၂၀၂၆
Keep Reading