တင်ညွန့်

ဒေါ်ခလေးမသည် သူ့သားလေးကို အတော်လေးချစ်ရှာသည်။ သားက ၈ တန်းအထိလောက်သာ ကျောင်းတက်ပြီး
“အမေရာ ကျောင်းမတက်ချင်တော့ဘူးဗျာ” ဟူ၍ ပြောလာသည့်အခါတွင်
“မနေချင်လည်း ထွက်ပေါ့။ အမေဈေးရောင်းတာနဲ့ စားလောက်ပါတယ်” ဟုပြောရှာသည်။
ဒေါ်ခလေးမက ပြောင်းဖူးပြုတ်၊ ဖရဲသီး၊ ပဲပြုတ်တို့ကို အလှည့်ကျ ဈေးတောင်းခေါင်းပေါ်ရွက်ကာ သားသမီး သုံးယောက်ကို ရှာကျွေးနေသူဖြစ်သည်။ ယခု သားအကြီးဆုံးက ကျောင်းထွက်မည်ပြောပြီး ကျောင်းထွက်ကာ ဘာအလုပ်မျှ မည်မည်ရရမရှိ။ ဂိမ်းဆော့လိုက်၊ ကစားလိုက်လုပ်နေသည်ကိုပင် ဘာမျှမပြော။ မုန့်ဖိုးလည်း တောင်းသလောက်ပေးကာ အလိုလိုက်ထားသည်။
အလတ်မက အထည်ချုပ်စက်ရုံတွင်တစ်နေ့ တစ်သောင်းနှင့် အလုပ်ဆင်းနေသည်။ အငယ်မလေးကတော့ ကျောင်းနေဆဲဖြစ်သည်။ ဒေါ်ခလေးမ ယောက်ျားကတော့ ထောင်ထဲရောက်နေသည်။ ဓားပြမှုနှင့် ဖမ်းထားသည်မှာ ယခုအထိ မလွတ်သေး။
တစ်နေ့
“အမလေး သားလေးရယ် … ဘယ်ရောက်နေတာတုန်း။ ဒီအချိန်ဆိုရင် သားလေး ထမင်းလာစားချိန်လေ။ ပြန်လာတော့လေ” ဆိုကာ ငိုသံတွေကြားရသည်။
ညက သူ့သားဖြစ်သူ ချစ်ထွေးတစ်ယောက် အိမ်ပြန်ရောက်မလာ။ သူ့မိခင်က မနက်မိုးလင်းသည်နှင့် ပဲပြုတ်တောင်းကြီး ရွက်ကာသူ့သား ချစ်ထွေးကို လိုက်စုံစမ်းသည်။
“ချစ်ထွေးတစ်ယောက် မတွေ့မိဘူးလား”
သူက အိမ်ပေါက်စေ့လောက် လိုက်မေးသည်။
ရွာအနောက်ဘက် အသုဘအိမ်က သတင်းရသည်။
“ချစ်ထွေး ညက ၁ နာရီလောက်မှာ ပြန်သွားတယ်”
ဒေါ်ခလေးမ ရွာရိုးလျှောက်ပြီး မေးသည်။
“ညက ရွာထိပ် အရက်ဆိုင်မှာလူတွေဆွဲသွားတယ်။ အဲဒီကိုများ ပါသွားသလား”
ယခုတစ်လော လူဆွဲသည့် သတင်းတွေ မကြာခဏ ကြားနေသည်။ ချစ်ထွေးကို သူ့မိခင်က ပါသွားမည် စိုးရိမ်သဖြင့် ညဘက်ဆိုလျှင် အပြင်မထွက်ရန် တားနေသည့်ကြားက ပျောက်သွားခြင်း ဖြစ်သည်။
နောက်ဆုံးတော့ ပါသွားသည်မှာ သေချာသလောက်ဖြစ်နေသဖြင့် ဒေါ်ခလေးမတစ်ယောက် တောင်ပြေး မြောက်ပြေးနှင့် ကူပါကယ်ပါတွေ ဖြစ်လာသည်။
မည်သူကမျှ မကူညီနိုင်သည့်အဆုံး ကယ်ရာ ကူရာမဲ့လာသဖြင့် မျက်ရည်နှင့်မျက်ခွက် အော်ဟစ်ငိုရုံမှတစ်ပါး မတတ်နိုင်ပြီ။
“အဒေါ် … အဒေါ့်ကို ကူညီနိုင်မယ့်သူကို ခေါ်လာတယ်”
အရပ်ထဲမှ ချဲဒိုင်ကိုင်နေသည့် မတုတ်က အမျိုးသမီးတစ်ယောက်ကို ခေါ်လာသည်။
“ညီမရယ် … အဒေါ့်သားလေးက အသက် ၁၈ နှစ်မပြည့်သေးပါဘူးကွယ် ကယ်နိုင်ရင် ကယ်ပေးပါ”
“ကျွန်မ စုံစမ်းပေးမယ်လေ … ကျွန်မကအဝင်အထွက်ရှိပါတယ်။ စုံစမ်းဖို့အတွက် ခရီးစရိတ်လောက်တော့ ပေးလိုက်ဦး”
“ဘယ်လောက်လဲကွယ်”
“ဟိုပေး သည်ပေး ဟိုမေး သည်မေးရမှာဆိုတော့ သုံးသိန်းလောက်ပေးလိုက်”
“အိုကွယ် များလှချည်လား။ အစ်မမှာ မရှိပါဘူး”
“လိုက်ရခက်တယ်အစ်မ။ အဲဒီလောက်မရှိရင် မလွယ်ဘူး”
နောက်ဆုံးတွင် နားကတ်လေးရောင်းပေးလိုက်ရသည်။
သုံးရက်ခန့်အကြာတွင် ထိုအမျိုးသမီးပြန်ရောက်လာသည်။
“အစ်မရေ … မလွယ်ဘူး။ ပြန်ထုတ်ရမှာ။ ငွေပေးမှရမယ်”
“ငါ့သားလေးကို ပြန်ထုတ်ပေးပါကွယ် … ဘယ်လောက်ကုန်ရကုန်ရ အကုန်ခံပါ့မယ်”
“အစ်မ သိန်း ၃၀ လောက်တော့ရှာထား”
“သားလေး ကောင်းကောင်းမွန်မွန်နေရရဲ့လားကွယ်။ အစ်မသားလေးက ကောင်းကောင်းကြိုက်တာ။ ထမင်းမှ စားရရဲ့လားမသိဘူး”
“စားရပါတယ် … မပူပါနဲ့အစ်မ။ နောက်တစ်ပတ်ဆိုပို့တော့မှာ။ ဒီကြားထဲရအောင် ထုတ်ပေးမယ်။ ငွေအသင့်ရှာထား သုံးရက်အတွင်း အသင့်ဖြစ်ပါစေအစ်မ”
“အစ်မ ဒီအိမ်ကိုရောင်းပြီး ပေးလိုက်ပါ့မယ်ကွယ်။ သန်ဘက်ခါ လာခဲ့ပါနော်။ အစ်မ အသင့်ပြင်ထားပါ့မယ်”
“သိန်း ၃၀ နော်အစ်မ”
“အေးပါကွယ်”
ဒေါ်ခလေးမတစ်ယောက် အိမ်ရောင်းရန် စီစဉ်ရတော့သည်။ အိမ်ကို သူ့ယောက်ျားထောင်ကျမည် ဖြစ်သောအခါ အမှုလိုက်ရသည့်အတွက် ပေါင်ထားရသည်။ ယခုလည်း အတိုးတွေနှင့် ပတ်နေသည်။ နောက်ဆုံးတွင် မတန်တဆဈေးနှင့် ရောင်းရမည်ကဲ့သို့ ဖြစ်နေသည်။ အိမ်ရောင်းပြီးလျှင် အကြွေးဆပ်၊ ချစ်ထွေးအတွက် ပိုက်ဆံပေးလျှင်ကုန်ပြီ။ သူတို့မိသားစု ဘယ်ကို သွားနေရမည်နည်း။
သောကတွေပွေနေသည့် ဒေါ်ခလေးမတစ်ယောက် ငိုရုံမှလွဲပြီး မတတ်နိုင်။
“သားလေးရေ … သားလေးရဲ့ … အမေဘာလုပ်ရမလဲ။ အမေတို့ဘဝတွေ ခွေးဖြစ်တော့မယ်ကွယ့်” ဟူ၍ ဟစ်လို့သာ ငိုနေပေတော့သည်။
“အမေ … အမေ”
သူ့နားထဲတွင် သားဖြစ်သူ ချစ်ထွေးခေါ်သံကို ကြားလိုက်ရသည်။
စိတ်ထဲများ စွဲနေသလား။ ညကလည်း ၁၂ နာရီကျော်နေပြီ။ ပိုက်ဆံကလည်း မပေးရသေး။ အိမ်ကို ရောင်းသင့် မရောင်းသင့် စကားပြောနေချိန်ဖြစ်သောကြောင့် ပိုက်ဆံမပေးနိုင်ပဲ ချစ်ထွေးလည်း ပြန်လာနိုင်စရာ အကြောင်းမရှိ။
သူက အိမ်မီးကို ဖွင့်လိုက်ပြီး
“ဟဲ့ ဘယ်သူလဲ”
“အမေ သားလေ … ချစ်ထွေးပါ”
“ဟယ် … သားလေး … ငါ့သားလေး ဘယ်လို ပြန်လွတ်လာတာလဲကွယ်”
“သားက ဘာဖြစ်လို့လဲအမေရ”
“မင်းကို ဖမ်းသွားတာ မဟုတ်လား”
“ဟာ အမေရာ ကြံကြီးစီရာ”
“ဟင် ဒါဆိုရင် ငမြွေထိုးလေး နင်ဘယ်ကိုပျောက်နေမတာလဲ … ငါ့မှာတော့ နေတိုင်းစိတ်ပူပြီး ငိုလိုက်ရတာ”
“ဟီး .. ဟီး အမေ … သားက မိန်းမခိုးသွားတာ”
“ဟင် နင် ဟိုအထဲရောက်သွားတာ မဟုတ်ဘူးပေါ့”
“မိန်းမခိုးသွားတာပါဆို”
“ဘယ်မှာလဲ နင့်မိန်းမ … ဘယ်ကကောင်မလဲ”
“တောင်ပိုင်းက ဦးမြင့်သမီး … ချမ်းအေးနဲ့ … ဟဲ့ ချမ်းအေး လာလေ”
ကောင်မလေးတစ်ယောက် အိမ်ပေါ်တက်လာသည်။
“ဟင် … ငမြွေထိုး ငါ့မှာတော့ နင့်ကို ခေါ်သွားတယ်ဆိုပြီး လာပြောလို့ အိမ်ရောင်းဖို့ စီစဉ်နေရတာ”
ဒေါ်ခလေးမတစ်ယောက် ခြေဆောင့်ပြီး အော်ငိုပြန်သည်။
“အောင်မလေးတော် … ကံကြီးပေလို့ မနက်ဖြန်မှသာ နင်ပြန်လာရင် အိမ်ရောငွေပါဆုံးပြီ။ ကံသီလို့ … ကံသီလို့ ဟီး … ဟီး … ဟီး”
ဒေါ်ခလေးမ အိမ်မရောင်းဖြစ်ပါ။ လူလိမ်မလည်း နောက်တစ်နေ့တွင် ရောက်လာပြီး ပြဿနာတက်သွားသည်။ လူမှားသွားလို့ပါဆိုကာ ပြန်ပြေးသည်။
လူလိမ်မခံရသော်လည်း ဒေါ်ခလေးမတစ်ယောက် သောကရောက်နေရပြန်သည်။
“အမလေး … လေး … ဘယ်လိုလုပ်ကြမလဲနော်။ အလုပ်မရှိ အကိုင်မရှိ မိန်းမခိုးလာ။ မင်္ဂလာဆောင် ပေးရဦးမယ်တဲ့။ ပြီးတော့ သူတို့လင်မယားကို ငါကတင်ကျွေးထားရတော့မယ်။ ဟိုဘက်ကလည်း လက်မခံ ဘူးတဲ့။ ကောင်းကြသေးရဲ့လားကွယ်တို့”
ဒေါ်ခလေးမတစ်ယောက် သူတတ်နိုင်တာကို မပျက်မကွက်လုပ်သည်။
ခုနစ်အိမ်ကြားအောင် ခုနစ်သံချီကာ အော်ဟစ်ငိုကြွေးလိုက်ခြင်းပင်။
သမီးလတ်က အလုပ်မှပြန်လာပြီး သူ့အမေကိုပြောရှာသည်။
“အမေ ငို … ငို … ပေါ့သွားတာပေါ့” ဟူ၏။
တင်ညွန့်
၂၃.၃.၂၀၂၆
Keep Reading