မောရိသျှ
အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်သာလုပ်နေရပေမဲ့ စိတ်တိုင်းမကျဘဲ ဖြစ်နေလားဗျ။ ဒါမှမဟုတ် လုပ်တာ အဆင်ပြေပေမဲ့ စိတ်ကျေနပ်မှု မရနိုင်ဘဲ ဖြစ်နေလားဗျ။ ဒါမှမဟုတ် အလုပ်မှာ တခုခု လွဲသွားမှားသွားမှာ စိုးကြောက်နေတာမျိုး ဖြစ်နေလားဗျ။ ဒါမှမဟုတ် ကိုယ်ကြိုးစားထားသလောက် မျှော်လင့်ထားတဲ့ တုန့်ပြန်မှုမျိုး မရဘဲ ငြင်းဆိုခံရမှာကို ကြောက်နေတာမျိုးကော ဖြစ်နေသေးလားဗျ။
အဲဒီလို ခံစားချက်တွေ ဖြစ်နေတယ်ဆိုရင်တော့ အဆင်ပြေမနေဘူးနော်။ ကျွန်တော်ကတော့ ချေးများစေ့စပ်တဲ့သူမျိုး (Perfectionist) မဟုတ်ပေမဲ့ တခါတလေမှာတော့ အပေါ်က ပြောခဲ့သလိုမျိုး ခံစားချက်တွေ ဖြစ်ခဲ့ဖူးတယ်။ အရင်တုန်းက ပြောတာပါ။ အခုတော့ မဟုတ်တော့ဘူးပေါ့နော်။ တခုပဲ ကျွန်တော့်မှာ အရင်က ရှိခဲ့တဲ့ အကျင့်ဆိုး။ ဘာပဲလုပ်လုပ် မှားသွားခဲ့ရင် ဝန်မခံရဲဘူး။ အလွဲကို လက်မခံဘဲ ခေါင်းမာစွာနဲ့ ငြင်းတတ်တဲ့ အကျင့်ရှိခဲ့ဖူးတယ်။ အပြစ်ထောက်ပြခံရရင် မခံချင်စိတ်နဲ့ ကြိုးစားပြတတ်ပေမဲ့ ဘယ်တော့မှ တခါတည်း တကြိမ်တည်း ပြီးအောင် မလုပ်ဘူး။ တမင် အချိန်ဆွဲပြီး အရွဲ့တိုက်တဲ့ အကျင့် ရှိခဲ့ဖူးတယ်။ မပျင်းဘဲနဲ့ ပျင်းသလိုမျိုး သိလျက်နဲ့ ‘အ’ သလိုမျိုး တမင်နေခဲ့ဖူးတယ်ဗျ။ ဆင်ခြေပေးရင်တော့ ချေးများသလို စေ့စေ့စပ်စပ် လုပ်တတ်တဲ့သူလိုလို ဟန်ဆောင်ခဲ့တယ်။
· အချိန်ကောင်း စောင့်နေတတ်တယ်။
· အမှားမလုပ်မိအောင် သိပ်ပြီး ဂရုစိုက်လွန်းတယ်။
· အချိန်ကို လိုတာထက်ပိုပြီး လိုချင်တတ်တယ်။
ဒါပေမဲ့ နောက်ဆုံးတော့လည်း ဘယ်လိုလုပ်လုပ် လက်ဖျားခါလောက်တဲ့ ရလဒ်မျိုး ထွက်သွားတာလည်း မဟုတ်ပါဘူး။ ကျေနပ်နိုင်ရုံလောက်ပဲ လုပ်ဖြစ်ခဲ့တာ များပါတယ်။ ချေးများပြသလောက် ရလဒ်ကောင်းကြီး ထွက်သွားတာလည်း မဟုတ်ဘူး။ စေ့စပ်သလောက် မတိကျပါဘူး။ လူပင်ပန်း စိတ်ပင်ပန်းပြီး အဆုံးသတ်မှာ ဘယ်ဘက်မှ ကျေနပ်ရတယ်လို့ မရှိဘဲ ပြီးသွားရတာများတယ်။
အလုပ်လုပ်ရင် ချေးများပြီးစေ့စပ်တဲ့ပုံစံနှစ်မျိုးရှိတယ်။ အလုပ်ခွင်တိုင်း အဲဒီလို ဟိုမရောက်ဒီမရောက် လုပ်တတ်တဲ့သူတွေ ရှိကိုရှိနေတတ်တယ်။
ပထမတမျိုးက။ ။ အချိန်ဆွဲလို့ မပြီးနိုင်ဘူး။ လုပ်ချင်စိတ်ကိုင်ချင်စိတ်တော့ ရှိပေမဲ့ တကယ် စလုပ်ဖို့အတွက် လက်တွန့်နေပြီး အချိန်ဆွဲနေရော။ ချိန်သားကိုက်ချိန်ကို မရောက်နိုင်ဘူး။ အချိန်တွေ ဆွဲလို့ ဝလည်း ဝသွားရော တကယ်လုပ်ဖို့အတွက် လုပ်ချင်စိတ်ပျောက်သွားပြီး ယုံကြည်ချက် ပျောက်ဆုံးမှုနဲ့ မလုပ်ရဲတော့တဲ့ အချိုးမျိုး ဝင်သွားပြန်တယ်။ အဲတာနဲ့ပဲ အလုပ်က မလုပ်ဖြစ်တော့ဘူး။
ဒုတိယတမျိုးက။ ။ အလုပ်တော့ လုပ်ဖြစ်ပါရဲ့ ဖြစ်ချင်တာတွေ များနေလို့ အလုပ်မပြီးနိုင်ဘူး။ အလုပ်မလုပ်ခင်ကတည်းက ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်တယ်။ တကယ်လည်း လုပ်ရော ပိုးစိုးပက်စက် ကြိုးစားတယ်။ နည်းနည်းမှ မပျင်းဘူး။ အချိန်လည်း မဆွဲဘူး။ ဒါပေမဲ့ ဖြစ်ချင်တာတွေက များသွားတော့ မှန်းချက်နဲ့ ရလဒ်မကိုက်သလိုမျိုး ခံစားလာရတယ်။ ကိုယ့်ရဲ့ ပြီးမြောက်မှု အကျိုးရလဒ်တွေကို မမြင်နိုင်တော့ဘဲ ကိုယ့်ဖြစ်ချင်တဲ့အတိုင်း မဖြစ်နိုင်လို့ ကျရှုံးသလိုမျိုး ခံစားသွားရပြီး လုပ်နေတဲ့ အလုပ်ကို အဆုံးမသတ်နိုင်ဖြစ်သွားတယ်။
နှစ်မျိုးလုံးက ကောင်းတာတခုမှ မပါဘူး။ တခုက အလုပ်မလုပ်။ တခုက လုပ်သလောက် အလုပ်မဖြစ်။ နှစ်မျိုးလုံး စိတ်ပင်ပန်းစရာတွေပေးတယ်၊ စိတ်ပူပန်စရာတွေနဲ့ ရှုပ်သွားတယ်၊ စိတ်ဖိဆီးမှုတွေနဲ့ အဆုံးသတ်တယ်။ ဘာမှ ထူးခြားမသွားဘူး။
အလုပ်မှာ ချေးများပြီး စေ့စေ့စပ်စပ် လုပ်တတ်တာက ကောင်းတဲ့ အရည်အချင်းတမျိုးပါ၊ ဒါပေမဲ့ ချေးများလွန်ပြန်ရင်လည်း အဆင်မပြေဘူးဗျ။ ဖြစ်ချင်တာတွေ များသွားပြီး တကယ်ဖြစ်မြောက်အောင် လုပ်နိုင်တာ လျှော့သွားတတ်တယ်။ အဲဒီအခါ ကိုယ်တိုင်က မပျင်းဘဲ အချိန်မဆွဲတောင်မှ အချိန်ဆွဲသလို ဖြစ်သွားရော။
ဒါကြောင့် ဘာပဲလုပ်လုပ် ဘာကြောင့်ပဲလုပ်လုပ် အလုပ်အကိုင်နဲ့ ပန်းတိုင်အပေါ်မူတည်ပြီး အလုပ်ကို ချေးများသင့်မှ ချေးများရမယ်။ ချေးများစရာမလိုရင် လက်သင့်ခံနိုင်လောက်တဲ့ အခြေအနေရောက်အောင် လုပ်ဖြစ်ရုံ လုပ်ပြီး ကျေနပ်နိုင်ရမယ်ဗျ။ တက်ကျွမ်းထားတဲ့ အရည်အချင်းတွေ အကုန်ထုတ်သုံးပြီး ပိုးစိုးပက်စက် လုပ်တိုင်းလည်း ရလဒ်ကောင်း မထွက်ဘူးဗျ။
အလုပ်တွေရဲ့ အကျိုးဆက် ရလဒ်ပန်းတိုင်က မတူဘူး။ တချို့အလုပ်တွေက ပိုးစိုးပက်စက် လုပ်နိုင်မှ သင့်တင့်တဲ့ အကျိုးဆက်မျိုး ထွက်တယ်။ တချို့ကျတော့ လုပ်ရုံလေး ပုံမှန်လောက် သွားရင်ပဲ ခရီးပေါက်တာမျိုး ရှိတယ်။ တချို့အလုပ်တွေကျတော့ ပျင်းတွဲတွဲ အေးအေးဆေးဆေး လုပ်သွားပြီး ရလဒ်ကောင်းကောင်း မကောင်းကောင်း အလုပ်လုပ်ဖြစ်နေရုံနဲ့ လုံလောက်တာမျိုးလည်း ရှိတယ်။ ဒါကြောင့် သိပ်ပြီးတော့လည်း မကြိုးစားပါနဲ့။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ အချည်းနှီးဖြစ်သွားနိုင်ပါတယ်။ သိပ်ပြီးတော့လည်း မပျင်းပါနဲ့၊ ပြီးမြောက်သင့်တာတွေ မပြီးမြောက်ဘဲ နောက်ကောက်ကျကျန်တတ်ပါတယ်။ အချိန်ဆွဲသင့်ရင် ဆွဲပါ၊ အချိန်ယူသင့်ရင် ယူပါ၊ လိုတာထက် ပိုပြီးတော့ လွန်တာမျိုး မဖြစ်ပါစေနဲ့ပေါ့။ တခါတလေ ဘာဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်ပါစေလေ ဆိုတဲ့ စိတ်ထားမျိုးနဲ့ အလုပ်လုပ်သင့်တဲ့အချိန်တွေ ရှိသလို၊ သေရေးရှင်ရေး ဖုတ်ပူမီးတိုက် ပိုးစိုးပက်စက် ကြိုးစားအားထုတ်ရမယ့် အချိန်တွေလည်း ရှိတတ်ပါတယ်။ စွမ်းဆောင်ရည်ဆိုတာက အလုပ်အကိုင်တခုတည်းအပေါ်ပဲ မူတည်နေတာတော့ မဟုတ်ပါဘူး၊ အခြေအနေ အနေအထား အသွားအလာ အကျိုးဆက် သက်ရောက်မှု စသဖြင့် ဘက်ပေါင်းစုံအပေါ် မူတည်နေတာကို မမေ့ပါနဲ့။
အလုပ်ကို ပိုးစိုးပက်စက်လည်း ကြိုးစားစရာမလိုသလို တခါတလေ လက်ကြောမတင်းသလိုမျိုး ပြုမူသင့်ရင် လုပ်တတ်ရမယ်ဆိုတော့ ဘာကို ပြောချင်နေတာလဲ နားလည်ရခက်သလို ဖြစ်နိုင်ပါတယ်။ တကယ်တော့ အလုပ်ကို အလုပ်လို အလုပ်အကိုင် အမျိုးအစားအလိုက် သေသေချာချာ လုပ်တတ်ဖို့ရာ ပြောနေတာပါ။
ကိုယ်လုပ်ရမယ့်အလုပ်အကိုင် အမျိုးအစားကို သိနေပါစေ။ သိနေသည့်အလျောက် လုပ်တတ်ကိုင်တတ်အောင် ရှိရမယ့် အရည်အချင်းတွေ ရှိနေပါစေ၊ ဘယ်လောက်အတိုင်းအတာအထိ လုပ်ရမလဲဆိုတဲ့ နောက်ဆုံး ရလဒ်ကိုလည်း သိနေပါစေ၊ ကျွမ်းကျင်ပိုင်နိုင်ပြီး အလုပ်အထာနပ်နေခဲ့ရင် မှားသွားစရာ အကြောင်း ရှိကို မရှိတော့ပါဘူး။ ဒီအချက်ကို ဦးတည်ပြီး ပြောနေတာပါ။ အလုပ်ကို အလုပ်ပီပီ အာရုံအပြည့်နဲ့ လုပ်တတ်ဖို့ပါပဲ။
#မောရိသျှ
Keep Reading