Author's Profile Photo

မောရိသျှ

8/09/2025

အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်

3 mins read
Personal Development
Business
Book Review
အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်'s photo

သိပ္ပံပညာရပ်ဆိုင်ရာ ခေတ်ပြောင်းတိုးတက်မှုဆိုတာက၊ ဆိုင်ရာ နယ်ပယ်အတွင်း ထူးခြားပြောင်မြောက်တဲ့ အဖြေရလဒ် တစ်စုံတစ်ရာ ရှိမှ ဖြစ်နိုင်တာပါ။ အဲဒီလို ပြောင်မြောက်တဲ့ အဖြေရလဒ်ကို အခြေခံပြီးတော့မှ ဓါတ်ကူးပြောင်းမှု သဘာဝအတိုင်း နောက်ထပ် ဆင့်ပွား ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ကြံဆမှု၊ ရှာဖွေတွေ့ရှိမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဖန်တီးနိုင်မှု စွမ်းရည်၊ တီထွင်နိုင်မှု စွမ်းရည်၊ ပြောင်မြောက်တဲ့ အရည်အသွေး၊ ဆန်းသစ်တဲ့ အတွေးအခေါ် စသဖြင့် ထိပ်တန်းဖြစ်ဖို့၊ ထိပ်တန်း မရောက်ခင် အနေအထားအတွက် အမြင့်ဆုံးသော အောက်ခြေခိုင်ခံ့မှု အုတ်မြစ်လိုအပ်ပါတယ်။

ဂျွန်ဆန်ရဲ့ အယူအဆကို စီစီစစ်စစ် ဆန်းစစ်လိုက်တော့မှ၊ ပါဒိစ် ရဲ့ လူနေမှုဘဝပုံစံ သဘောသဘာဝကို အဖြေရှာလို့ ရသွားတာပါ။ ပြီးပြည့်စုံတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘဝ ရည်မှန်းချက်ဆိုတာက - သိပ္ပံပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တူပါတယ်။ ဆိုင်ရာနယ်ပယ်အတွင်း ဓါတ်ကူးပြောင်းဖို့အတွက် လိုအပ်တဲ့ အခြေခံ ထူးခြားပြောင်မြောက်မှုရလဒ်တွေ ရှာဖွေတွေ့ရှိနိုင်ဖို့ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်၊ ကိုယ့်ဘဝ အနာဂတ် ရည်မှန်းချက်က ဘာဖြစ်မလဲ သိချင်လား၊ ဒါဆိုရင် ကိုယ့်ဘဝ နဲ့ ကိုက်ညီမဲ့ အလုပ်ကို သိဖို့ လိုအပ်ပါတယ်။ကိုက်ညီမဲ့ အလုပ်ကို သိဖို့လိုနေသေးလား။ ဒါဆိုရင် အလုပ်နဲ့ ကိုက်ညီတဲ့ အခြေခံ အသက်မွေးမှုဆိုင်ရာ အရည်အချင်းကောင်းတွေ လိုအပ်ပါတယ်။

အခုမှ ဆာရာရဲ့ ပြဿနာ အရင်းအမြစ် ရှင်းသွားပါတော့တယ်။ သူက သူ့ဘဝနဲ့ ကိုက်ညီမဲ့ အခြေခံ အလုပ်ကို မသိသေးသလို၊ အလုပ်နဲ့ ကိုက်ညီတဲ့ အခြေခံ အရည်အချင်းတွေလဲ မရှိသေးဘဲ၊ ဘဝ ရည်မှန်းချက်ကို လိုက်ရှာနေမိသလိုဖြစ်နေတာပါ။ (ဘွဲ့ကြို ကျောင်းသူဘဝ နှစ်နှစ်ပဲ ရှိသေးတာကို၊ အနာဂတ် ဘဝအတွက် စိတ်ပူလွန်ပြီး၊ ကျောင်းထွက်လိုက်တယ်၊ ပြီးတော့ စိတ်ထင်ရာ အလုပ်တွေ လိုက်လုပ်တယ်၊ အဆင်မပြေဘူး ဆိုပေမဲ့၊ မပြီးမြောက်ခဲ့တဲ့ အလုပ်တစ်ခုကို ချန်ထားခဲ့ရသလိုမျိုး၊ စိတ်ခံစားချက်ဝင်နေပြန်တော့၊ အလုပ် ပြန်ထွက်ပြီး၊ ဘဝ ရည်မှန်းချက် အဖြေ ရလေမလား တလွဲ အတွေးနဲ့ ကျောင်းပြန်တတ်တယ်။ အဲဒီမှာတင် ချာချာလည်သွားတာပါပဲ။)

သာမန် ဒီပလိုမာ ကျောင်းသူအနေနဲ့ ဘဝအခြေခံအရည်အချင်း မပြည့်စုံ၊ မပြည့်ဝသေးပါဘူး။ ကျောင်းပြန်တက်ရင် ရလောက်တယ် အထင်နဲ့ မသေချာ မရေရာဘဲ၊ စာပြန်သင်တယ်။ ဒါနဲ့တင် လုံးချာ ပတ်ချာလည်နေပြီး၊ သူ့ဘဝရဲ့ ဓါတ်ကူးပြောင်းနိုင်မှု ဖြစ်စဉ် မချော့မွေ့တော့ဘဲ၊ ဟိုမရောက် ဒီမရောက်နဲ့ ပြောင်းလဲမှုကောင်း မရနိုင်ဘဲ ဖြစ်သွားတာမျိုးပါ။

ဂျွန်ဆန်ရဲ့ အယူအဆနဲ့ ပြန်နှိုင်းယှဉ်ကြည့်လိုက်ရင်၊ ဆာရာက သူထင်ထားတာတက် ပိုကောင်းတဲ့ ဘဝမျိုး ရကို ရနိုင်တယ်။ တကယ်လို့သာ နဂိုအတိုင်း ကျောင်းဆက်တက ဖြစ်ခဲ့ရင်ပေါ့။ ဒါမှမဟုတ် အလုပ်ဆက်လုပ်နေရင်း၊ အလုပ်အတွက် အရည်အချင်းကောင်း စုဆောင်းပြီး၊ ပိုထူးခြား ပြောင်မြောက်တဲ့ အယ်ဒီတာ တစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ရင်၊ ဘဝ ရည်မှန်းချက်ပီပီပြင်ပြင် ပေါ်လာမှာပါ။

ဆာရာခမျာ အဲဒီလို မတွေးနိုင်ခဲ့လေတော့၊ ကျောင်းသူဘဝ အနေနဲ့လဲ ခရီးမရောက်၊ အယ်ဒီတာ အလုပ်နဲ့လဲ ခရီးမတွင်၊ လမ်းလယ်ရောက်နေလျက်သားနဲ့ လမ်းပျောက်သွားတယ်။

ဂျိန်းလဲ ဓါတ်ကူးပြောင်းမှုအတွက် အခြေခံ မရှိခဲ့လို့သာ လမ်းပျောက်သွားတာပါ။ သူ့ဘဝ အခြေခံကောင်း ဖြစ်စေနိုင်မဲ့ ကျောင်းကို ပြီးအောင် မတတ်တော့၊ မည်မည်ရရ အလုပ်ကောင်း ဝင်ခွင့် ပိတ်သွားတယ်။ အခွင့် အလမ်း ပိတ်သွားတော့၊ နောက်ထပ် အခွင့်အလမ်း ရှာဖို့ထက်၊ ဖြစ်ချင်ဇောနဲ့ ဖြစ်သလို ဘဝမှာ - သူစိတ်ထဲ တေးမှတ်ထားတဲ့ ဘဝမှတ်ကျောက်တွေကို ဘဝ ရည်မှန်းချက်လို့ အထင်လွဲပြီး၊ လမ်းပျောက်သွားတယ်။

သူ့အနေနဲ့ စွန့်စားခန်းတွေကို ရည်မှန်းချက်အဖြစ် တွေးထားမှတ်ထားတာ မမှားပါဘူး။ အပြစ်မဖြစ်ပါဘူး။ အကျိုးမယုတ်ပါဘူး။ ဂျိန်းရဲ့ အဓိက အမှားက ဝ မရှိဘဲ၊ ဝိ လုပ်ချင်စိတ်ကြောင့်ပါ။ အောက်ခြေ မခိုင်ဘဲ၊ အပေါ်ကို အတင်းတက်ချင်လို့ ချော်ကျတာပါ။ တကယ်လို့ ဂျိန်းအနေနဲ့ ကျောင်းဆက်တက်ပြီး၊ သူဖြစ်ချင်တဲ့ စွန့်စားခန်း ဘဝကို အထောက်အပံ့ပေးနိုင်မဲ့၊ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု လုပ်နေခဲ့ရင်၊ သူများ ပေးစာကမ်းစာ စားနေရတဲ့ ဘဝ လုံးဝ မရောက်ပါဘူး။

ကျောင်းတက်ပြီး ရတဲ့ အလုပ်ဝင်၊ ဝင်တဲ့ အလုပ်မှာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ကြိုးစားလိုက်ရင်ပဲ၊ ဓါတ်ကူးပြောင်းမှုအရ၊ ဘဝအခြေခံ အုတ်မြစ် ခိုင်မာသွားမှာပါ။ သူ့ခမျာ အဲဒီလို စိတ်မျိုး မရှိခဲ့ဘဲ၊ ဖြစ်ချင်စိတ် နဲ့ စိတ်ရဲသွင်း လွန်တာကြောင့်၊ လမ်းပျောက်သွားရတယ်။

ဘဝ ရည်မှန်းချက် ရှာတာက အင်မတန် ရိုးရှင်းပါတယ်။ အောက်ခြေခိုင်ဖို့ပဲ လိုတာပါ။ စားပွဲထိုးပြီး ဆရာဝန် ဖြစ်သွားနိုင်သလို၊ ဆရာဝန်ဘဝကနေ စားပွဲထိုးဖြစ်သွားနိုင်တဲ့ ဓါတ်ကူးပြောင်းမှု သဘာဝကိုသာ သတိချပ်ပါ။ အောက်ခြေခိုင်ဖို့ ဘာလုပ်ရမလဲ။ ဒီအမေးအတွက် အဖြေကို လူတိုင်း သိပြီးသားပါ။ သက်မွေးမှု အခြေခံ အရင်းအနှီး စုဆောင်းခြင်းပါပဲ။ ဘာပဲလုပ်လုပ် အရည်အချင်း လိုအပ်ပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အတွက် လိုအပ်တဲ့ အခြေခံအရည်အချင်းတွေကို စုဆောင်းထားပြီး၊ လက်တွေ့ လုပ်ကိုင်တဲ့ အချိန် စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ အားထုတ်ပြလိုက်ရင်၊ ရည်မှန်းချက်က ပီပြင်လာမှာပါ။

RULE#2 မှာ သိခဲ့ကြတဲ့အတိုင်း၊ အလုပ်ကောင်းအတွက် အရင်းအနှီးကောင်း လိုပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ် တန်ဖိုး အလိုက်၊ အရည်အချင်းကောင်း ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အရည်အချင်းကောင်း ရှိနေမှတော့၊ ရည်မှန်းချက်ကောင်းကို စိတ်ကူးယဉ်ခွင့်ရမှာ အသေအချာပါ။

ဘယ်လောက်ပဲ စိတ်ပင်ပန်း၊ ကိုယ်ဆင်းရဲပါစေ၊ လုပ်နေတဲ့ အလုပ်မှာ ပျော်နေသလို၊ ကျေနပ်နိုင်တဲ့သူတွေရဲ့ လျှို့ဝှက်ချက်က၊ လုပ်နေတဲ့ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင်နဲ့ စွမ်းဆောင်ရည်မြင့် လုပ်ကိုင် တတ်ကြလို့ပါ။ အဲဒါကလဲ အချိန်ပေးဆပ်မှုတွေနဲ့ ခက်ခက်ခဲခဲ ရထားတဲ့ အရည်အချင်းတွေကြောင့်ပါ။

ဘဝရည်မှန်းချက် ပီပြင်လာဖို့ဆိုတာက၊ အလုပ်ကောင်းတစ်ခု လုပ်တတ်ဖို့ ကြိုးစားသလိုပါပဲ။ အခြေခံ အရည် အချင်းကောင်း၊ ကိုယ်ရည်ကိုယ်သွေး ရှိအောင် ဦးစွာ အရင်ကြိုးစားဖြည့်ဆည်းထားရပါမယ်။ ဒါမှသာ ဆိုင်ရာ အရည်အချင်းနဲ့ လိုက်မဲ့ - အလုပ်ကို လုပ်ပြီး၊ ဖြစ်ချင်တဲ့ ဆန္ဒအလျောက် ရည်မှန်းချက်၊ ပန်းတိုင် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အရည်အချင်းကောင်း၊ အရည်အသွေးကောင်းတွေ မရှိကြလို့သာ၊ ဆာရာရော၊ ဂျိန်းရော လမ်းပျောက်သွားကြတာ ဖြစ်ပါတယ်။

ပါဒိစ် ဆာဘေတိ ရဲ့ ဇာတ်လမ်းကို ပြန်သုံးသပ်ကြည့်လိုက်ရင်၊ သူ့ဘဝ နဲ့ သူ့အလုပ်၊ သူ့စိတ်နဲ့၊ သူ့ပျော်ရွှင်မှုတွေ အားလုံးဟာ ပြီးပြည့်စုံ၊ လုံလောက်တဲ့ သက်မွေးမှုဆိုင်ရာ အရည်အချင်း အရင်းအနှီးတွေ ရှိနေလို့ပါ။ တန်ဖိုး အလိုက် ဖလှယ်နိုင်လို့ ပီပြင်တဲ့ ရည်မှန်းချက် ချမှတ်နိုင်သလို၊ ပန်းတိုင် အရောက်သွားနေတဲ့ ခရီးလမ်းက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ၊ ယုံကြည်မှုရှိရှိနဲ့ ဆက်လက် လျှောက်လှမ်းနိုင်တာ ဖြစ်ပါတယ်။

#မောရိသျှ

Keep Reading

အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်တန်ရာတန်ကြေးနိယာမအဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်