မောရိသျှ
အဝစားဘူဖေးစားသလိုပဲ အင်တာနက်ကို သုံးသင့်ပါတယ်။ အဝတော့စားပါ။ စားပိုးနင့်တဲ့အထိတော့ မစားသင့်ပါဘူး။ တဝကြီးစားလို့ ရတိုင်း လိုတာထက် ပိုသွားရင် မကောင်းပါဘူး။ တန်ရုံပဲကောင်းပါတယ်။ သေချာတဲ့အချက်က အင်တာနက်နဲ့မကင်းတဲ့ နေရာတိုင်းမှာ အင်တာနက်နဲ့ မလွဲမသွေ ချိတ်ဆက်ပြီး ဆက်နွယ်နေအောင် အမြဲလိုလို ဆွဲဆောင်ခံရမှာပါ။ အဲဒီလို ဆွဲယူမှု ညှို့ငင်မှုတွေနဲ့ တွေ့တိုင်း ကြုံတိုင်း လိုက်ပါမသွားအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပါ။
အထူးသဖြင့် YouTube, Facebook, Whatsapp, Snapchat စသဖြင့် လူမှုကွန်ယက်ပလက်ဖောင်းတွေက အဆိုးဆုံးပါ။ သုံးပြီးရင်း သုံးချင်အောင် ဆွဲဆောင်နိုင်စွမ်း လွှမ်းမိုးနိုင်စွမ်း ကြီးလွန်းတဲ့အခါ ရုန်းထွက်ဖို့ အင်မတန် ခက်ခဲနိုင်ပါတယ်။ နဂိုကတည်းက တော်သင့်ရုံ သုံးတတ်အောင် အကျင့်လုပ်ထားပါ။ ကျွန်တော်ဆိုရင် ကျွန်တော် စိတ်ဝင်စားတာတွေကိုပဲ သီးသန့် ကန့်သတ်ထားပြီး Follow လုပ်ထားပါတယ်။
မဆီမဆိုင်တွေ ကျွန်တော့် NewsFeed ထဲ ရောက်လာရင် Block တန်သည် Block ပစ်လိုက်ပါတယ်။ Not Interested လုပ်သင့်ရင် လုပ်ပစ်လိုက်ပါတယ်။ Do Not recommend လုပ်သင့်တာမှန်သမျှကို တွေ့တာနဲ့ ချက်ချင်း လုပ်ပစ်ပါတယ်။ မလိုအပ်ရင် Post တင်တာ လုံးဝ မလုပ်ပါဘူး။ ကိုယ့်အတွက်လည်း အကျိုးရှိသလို ကျွန်တော့်ပို့စ်ကို မြင်တဲ့သူတိုင်း အကျိုးရှိတာ သေချာမှ ပို့စ်တင်ဖြစ်ပါတယ်။
တွေ့ကရာ မြင်ကရာ ပို့စ်တိုင်း ဗီဒီယိုတိုင်း Share တာတွေ၊ Save တာတွေ လုံးဝ မလုပ်ပါဘူး။ ကောင်းတယ်ထင်သမျှ လိုက် Share နေရအောင်လည်း အရပ်ထဲက ပါကြီးလိုမျိုး မဖြစ်ချင်ပါဘူး။ ကိုယ်ရေးကိုယ်တာကို ကိုယ်ရေးကိုယ်တာ အကန့်ခွဲပြီးတော့ ကင်းကင်းရှင်းရှင်းပဲ နေဖြစ်ပါတယ်။ နေရာတကာ ဆရာကြီး မလုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းပြီး နေဖြစ်သုံးဖြစ်ပါတယ်။ ဒါတွေကလည်း အကျင့်လုပ်ထားမှ လုပ်ဖြစ်တာတွေပါ။ ကျွန်တော် အာမခံနိုင်တာက ဒီလိုတွေ လုပ်ဖြစ်ထားတော့ အင်မတန် သိပါတယ်ဆိုတဲ့ အင်တာနက်လည်း ကျွန်တော့်ကို စိတ်ညစ်စရာ ကြော်ငြာတွေနဲ့ မနှိပ်စက်တော့ပါဘူး။
အင်တာနက်နဲ့ပတ်သက်ပြီး ကျွန်တော်လုပ်ဖြစ်တာတွေက -
ဖုန်းမှာဆိုရင် WiFi နဲ့ Data (Mobile data) ကို အမြဲလိုလို ပိတ်ထားပါတယ်။ လိုအပ်မှသာ မဖြစ်မနေ စစ်ဖို့လိုတဲ့အခိုက်မှသာ ဖွင့်သုံးပါတယ်။ (သို့မဟုတ်ရင် တောက်လျှောက်လိုလို ဝင်နေတဲ့ နိုတီတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရလို့ပါ၊ အစပိုင်းမှာတော့ နေရတာတမျိုးကြီးဖြစ်ပါတယ်။ အချိတ်အဆက်တွေ ပျက်သွားမှာ စိုးထိတ်တာမျိုးတောင် ဖြစ်ရပါတယ်။ ဒါပေမဲ့ တကယ်အရေးကြီးတဲ့အဆက်အသွယ်တွေကတော့ အင်တာနက်ကနေ ချိတ်ဆက်မရရင် - တိုက်ရိုက်ဖုန်းခေါ်ပြီး ဆက်သွယ်တာကြောင့် နောက်ပိုင်း ကျင့်သားရသွားပါတယ်)
ကွန်ပြူတာမှာဆိုရင် SelfControl လို့ခေါ်တဲ့ Mac Application လေး သုံးဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်ချိန်မှာ ဖွင့်ထားဖြစ်ပါတယ်။ (Windows အတွက်ဆိုရင်တော့ FocusMe ကို သုံးပါတယ်။) ဒီ App က စိတ်အနှောက်အယှက်ဖြစ်မယ့် Website တွေကို Auto Block လုပ်ပေးတာကြောင့် တော်ရုံ တခြားအရာတွေကြောင့် အာရုံနောက်သွားတာမျိုး မဖြစ်တော့ပါဘူး။ ကိုယ်သုံးဖို့ စီစဉ်ထားတဲ့ Apps တွေပဲ ဖွင့်ထားတာကြောင့် အလုပ်မှာ အာရုံကောင်းကောင်း စိုက်လို့ ရသွားပါတယ်။
အချိန်ပြည့် အင်တာနက်ရဲ့ ကွန်ယက်အောက်ကနေ မလွတ်နိုင်သေးတာက အတော်ဆိုးတယ်ဗျ။ မသိရင် Gym သွားနေတဲ့အချိန် တရုံးလုံးထဲက ရှိသမျှ လုပ်ဖော်ကိုင်ဖက်တွေ ခေါ်သွားသလိုပါပဲ။ ကားမှတ်တိုင်ကြီးမှာ ညစာစားနေသလိုနဲ့ တူပါတယ်။ ၂၄ နာရီပတ်လုံး အင်တာနက်နဲ့ ချိတ်နေတာက ကိုယ့်အတွက်လည်း မကောင်းသလို၊ ကိုယ့်ရဲ့ဘဝကြီးကို အင်တာနက်ရဲ့ ခြယ်လှယ်ခွင့်အောက် တမင်ထိုးကျွေးသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ရင် ပိတ်ထားပါ။ အချိတ်အဆက်ကို အချိန်နဲ့အချိန် ကန့်သတ်ပါ။ အမြဲတမ်းကြီး နိုတီတက်ခွင့် မပေးပါနဲ့။
အစောပိုင်းမှာတော့ ဟိုလွတ်ဒီလွတ် ဖြစ်သွားမှာ စိုးရိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အင်တာနက်ကနေ ကန့်သတ်ဖို့ မဝံ့မရဲဖြစ်ပါလိမ့်မယ်။ မကြောက်ပါနဲ့။ အရေးကြီးတဲ့ အချိတ်အဆက်ဆိုရင် ပြတ်မသွားပါဘူး။ ရတဲ့ လိုင်းက ဆက်သွယ်လာပါလိမ့်မယ်။ ဒါမှမဟုတ် အချိန်နဲ့အချိန် လုပ်ထားရင် အချိန်နဲ့အချိန် လိုအပ်တဲ့ အချိတ်အဆက်ဟူသမျှ ဆက်သွယ်လာမှာပါ။
ကျင့်သားရသွားရင် အင်တာနက်မရှိခြင်းရဲ့ အကျိုးကျေးဇူး တည်ငြိမ်အေးချမ်းမှုကို အရသာခံတတ်လာပါလိမ့်မယ်။ ကြာလာရင် အင်တာနက်က တကယ်တော့ အသုံးချစရာ ပစ္စည်းကိရိယာတခုသာသာလောက်ပဲ အသုံးဝင်တာကို နားလည်လာနိုင်ပါလိမ့်မယ်။ သိပ်ပြီးလည်း အားမကိုးချင်ပါနဲ့။ မလွဲသာလို့သာ သုံးရတဲ့ အရာတခုအဖြစ်သာ သတ်မှတ်ထားလိုက်ရင် အင်တာနက်ရဲ့ လွှမ်းမိုးဩဇာအောက်ကနေ လွန်မြောက်နိုင်ပါလိမ့်မယ်။ ကိုယ့်စိတ်ကသာ အဓိကပါ။
အင်တာနက်ကို လိုသုံးမလုပ်တတ်ဘဲ အစွဲကြီးတဲ့သရဲကြီးလို ဖြစ်နေခဲ့ရင် - သေခါနီး ကိုယ့်အိမ်သူအိမ်သားတွေကို “အောင်းမလေး ငါသေရကျိုးနပ်ပါပြီ YouTube က FAIL ဗီဒီယိုလေး ကြည့်ခဲ့ရလို့ တော်ပါသေးရဲ့” လို့ ပြောမယ့်အစား၊ ဘယ်သူမဆို ကြည်နူးဖွယ် အမှတ်တရ အခိုက်အတန့်လေးတွေကိုပဲ ပြောချင်ကြမှာပါ။ ဒါကြောင့် အရေးမပါတဲ့ အင်တာနက်ကို အရေးပါသလို အလုပ်မခံဘဲ၊ ကိုယ့်ဘဝကို အပြည့်အဝ ထိန်းချုပ်ခွင့် ရအောင် ပြန်ကြိုးစားပါ။ လွတ်လပ်မှုဆိုတာ ကိုယ့်စိတ်က စတင်ရပါတယ်။
#မောရိသျှ
Keep Reading