
Kaung Hein Soe - Strategic

ကျွန်တော်မျှဝေပေးတာကို တချို့က “ဆရာပြောမှပဲ စီးပွားရေးမလုပ်ချင်တော့ဘူး”၊ “စီးပွားရေးလုပ်ရတာ ဒီလောက်တောင် စဉ်းစားစရာတွေများသလား” ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်အခုမျှဝေ ပေးနေတာတွေက စီးပွားရေး မလုပ်ဖို့ မဟုတ်ပါဘူး။ အောင်မြင်စွာလုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီ Knowledge တွေကို သိမထားရင် ဒါတွေကိုတွက်ချက်မထားရင် မိတ်ဆွေရဲ့ ပထမဆုံးစီးပွားရေးသည် ပလုံခနဲ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ဆိုရင် စစချင်းလုပ်တဲ့ လုပ်ငန်းတွေမှာ အများကြီးပလုံသွားခဲ့တာတွေရှိ ပြီး ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့ ဖူးပါတယ်။ ရှိသမျှငွေရင်းတွေ ပြုတ်သွားတာမျိုးတွေလည်းရှိပါတယ်။ ဒါတွေကို တွက်ချက်နိုင်မှသာ စီးပွားရေး တစ်ခု စတင်ရမှာဖြစ်ပါတယ်။ ရှေ့ကအပိုင်း(၁) နဲ့ အပိုင်း(၂) မှာ ပြောခဲ့တဲ့ အချက်တွေအားလုံးကို စဉ်းစား တွက်ချက်ပြီးလို့ ကိုယ့်လုပ်ငန်းက အမြတ်ထွက်နေသေးတယ်ဆိုရင် ကျွန်တော်တို့ ထပ်ပြီးတော့ စဉ်းစားစရာ ရှိနေပါသေးတယ်။
အခုအပိုင်း(၃)မှာဆိုရင် ပထမဦးဆုံးအနေနဲ့ အပိုင်း(၁)က ဥပမာလေးကိုပဲပြန်သုံးပါမယ်။ ပစ္စည်းတစ်ခုကို (၁)ယူနစ် တစ်သောင်းနဲ့ ‘အေ’ ဆိုတဲ့ နေရာကနေ ဝယ်လာလိုက်တယ်၊ ပြီးရင် ‘ဘီ’ ဆိုတဲ့နေရာမှာ တစ်သောင်းခွဲနဲ့ ပြန်ရောင်းမယ်လို့ Example လေးပေးထားပါတယ်။ ဘာကိုစဉ်းစားရမလဲဆိုတော့ “Cost of Goods Sold” ကို စဉ်းစားရပါမယ်။
ဒီနေရာအထိ မြတ်လာပြီ၊ ရောက်လာပြီဆိုရင် Business သည်လည်း Profit ဖြစ်နေသေးတယ်ဆိုရင် ထပ်ပြီးစဉ်းစားရမှာက ရောင်းချရန် အသင့်ဖြစ်နေဖို့ ကုန်ကျစရိတ်တွေလိုပါမယ်။ နံပတ်တစ် ကုန်ကျစရိတ်က Warehouse နေရာစရိတ်ဖြစ်ပါတယ်။ Business ရဲ့ သဘောတရားက ပိုပိုပြီးတော့ Investment လုပ်တဲ့ ပမာဏ များလေလေ Business က ပိုပိုကြီးလာလေ၊ Overhead Cost လို့ခေါ်တဲ့ Admin Cost တွေ၊ မျှခံရတဲ့ စရိတ်တွေ သည် ပိုပြီးတော့ များလာပါတယ်။ ဥပမာ ကျွန်တော်က ဆိုက်ကားလေးတစ်စီးဝယ်ပြီးတော့ ပြန်ငှားပြီး အုံနာကြေး တစ်နေ့ကို နှစ်ထောင်ယူမယ်ဆိုရင် တစ်စီး နှစ်စီးလောက်ဝယ်ထားတဲ့အချိန်က ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ အစီး ၂၀လောက်ဝယ်ပြီး အုံနာချစားမယ်ဆိုရင်တော့ ဒီဆိုက်ကားတွေကို အိမ်ရှေ့လမ်းဘေးမှာ ရပ်လို့မရတော့ပါ ဘူး။ တစ်နည်းအားဖြင့် သူတို့ကိုထားဖို့ မြေနေရာ မြေကွက်တစ်ခုလိုလာပြီပဲဖြစ်ပါတယ်။
ကိုယ်က တစ်နိုင်တစ်ပိုင် Online Shop လေးလုပ်မယ်၊ ပစ္စည်းလေး အခု ၂၀၊ ၃၀ လောက်ကိုယူမယ်၊ အိမ်မှာထားပြီးရောင်းမယ်ဆိုရင်တောင် အဆင်ပြေနေပါသေးတယ်။ Business ကပိုပိုပြီး ကြီးလာတဲ့အချိန်မှာ ပစ္စည်းအခု ၁၀၀ ယူလာမယ်၊ ၂၀၀ ယူလာမယ်ဆိုရင် ဒီပစ္စည်းတွေကို အိမ်မှာထားလို့ ရသေးရဲ့လားဆိုတာမျိုး စစဉ်းစားလာရပါပြီ။ တစ်နည်းအားဖြင့် Warehouse စရိတ်တွေ စပြီးတော့ဖြစ်လာပြီ။ Warehouse မှာ ပစ္စည်း တွေ များလာတာနဲ့ အမျှ ပစ္စည်းအခုရေ ၁၀၀၊ ၂၀၀ ဖြစ်လာပြီဆိုရင် Warehouse Management System လေးတွေ စသုံးရပါပြီ။ ပစ္စည်းတစ်ခုကို လိုချင်တယ်ဆိုတိုင်း ပစ္စည်းရာနဲ့ချီနေတဲ့ အပုံကြီးထဲမှာ ဒီအရောင်က ဘယ်မှာလဲ၊ ဟိုပစ္စည်းက ဘယ်မှာလဲ လိုက်ရှာနေရင် Waste တွေ အများကြီးဖြစ်ပါတယ်။ Customer က ပစ္စည်းတစ်ခုဝယ်လို့ နာရီဝက်လောက်ရှာနေရရင် တစ်နေ့ကိုအလုပ်ချိန် ၁၀ နာရီ ရှိတယ်ဆိုရင်တောင် Customer အယောက် ၂၀ ပဲရောင်းလို့ရတော့မှာဖြစ်ပါတယ်။
အဲ့ဒီမှာ ဘာလိုလာလဲဆိုတော့ Warehouse Management System လိုလာပါတယ်။ ပစ္စည်းတွေကို ဘယ်လိုခွဲထားမလဲ၊ စင်တွေနဲ့ ခွဲထားမလား၊ အသေးလေးတွေကို ဘယ်လိုစုထားမလဲ၊ မျိုးတူတွေကို ဘယ်လို စုထားမလဲ၊ Expired ကုန်ခါနီးပစ္စည်းတွေကို ရှေ့မှာထားမယ်၊ Expired လိုသေးတဲ့ ပစ္စည်းတွေကို နောက်မှာ ထားမယ်၊ အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ တန်းတွေ ဒါမျိုးတွေ စပြီးလိုအပ်လာပြီပဲဖြစ်ပါတယ်။ အဝတ် အထည်လိုပစ္စည်းမျိုးတွေဆိုရင် ခေါက်ထားတဲ့အတိုင်း ဒါကြီးက ဘယ်လိုပါပြောရောင်းတာထက်၊ လူအရုပ် နဲ့ချိတ်ပြီးတော့ ပြထားရင် ပိုပြီးတော့ကောင်းတာဖြစ်ပါတယ်။ အဲ့အခါ လူအရုပ်တွေ ၊အင်္ကျီချိတ်တွေ၊ တန်းတွေ၊ စင်တွေဝယ်လာရပြီပဲဖြစ်ပါတယ်။ အင်္ကျီက တစ်ထည်မှ နှစ်ထောင်၊ သုံးထောင် လောက်မြတ်တဲ့အချိန် လူအရုပ် က နှစ်သောင်းခွဲ သုံးသောင်းလောက်ပေးနေရတာဖြစ်ပါတယ်။
ဒါကဘာလဲဆိုတော့ ရောင်းချရန်အသင့်ဖြစ်ဖို့အတွက် လိုအပ်တဲ့စရိတ်များလို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ Warehouse နေရာစရိတ်တွေ၊ ထားသိုမှုတွေ၊ ထိန်းသိမ်းစရိတ်တွေလည်း လိုလာပြီပဲဖြစ်ပါ တယ်။ ကိုယ့်ဆီမှာ Customer တွေက မဝယ်သေးဘဲ ဂိုဒေါင်ထဲမှာ(သို့မဟုတ်) ကိုယ့်အိမ်မှာ ထိန်းသိမ်းထားတဲ့ အချိန် ပျက်စီးမသွားအောင် ထိန်းသိမ်းရတော့မှာဖြစ်ပါတယ်။
ကိုယ်က နို့နဲ့ နို့ထွက်ပစ္စည်းတွေရောင်းတယ်၊ ဒိန်ခဲ တွေ ရောင်းမယ်၊ အသီးတွေရောင်းမယ်ဆိုရင် ဘာနဲ့ထားရတော့မလဲဆိုတော့ အအေးခန်းထဲမှာ ထားရတော့မှာပဲ ဖြစ်ပါတယ်။ အအေးခန်းတွေက ဝယ်မှာလား၊ ဘယ်လိုမျိုးသိုလှောင်မှာလဲ အစရှိတဲ့ ထိန်းသိမ်းစရိတ်တွေ ပိုပြီး တော့ လိုအပ်လာပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် ပစ္စည်းများရင် များသလို ဘာတွေထပ်လိုလာမလဲဆိုတော့ လုပ်အားခ တွေလိုလာမယ်၊ ဖုန်သုတ်ရမယ်၊ ပါကင်ထုတ်ရမယ်၊ ပါကင်ဖိုးတွေ ပိုပြီးတော့ကုန်လာမှာဖြစ်ပါတယ်။ ကတ်ထူပုံး မရှိသေးရင် ကတ်ထူပုံး ဝယ်ရပါမယ်။ ပါကင်ထုတ်ရင် ထုတ်တဲ့လုပ်အားခတွေ စတင်ပြီးတော့ ကုန်လာမှာဖြစ်ပါ တယ်။ ဒါတွေကို Expenses နံပတ်(၁)လို့သတ်မှတ်ပါမယ်။ အဲဒီအမှတ်(၁) သည် ဘာလုပ်ဖို့ လိုတာလဲဆိုရင် ရောင်းချဖို့အတွက်၊ Expenses တွေကိုတွက်ချက်ဖို့ လိုတာဖြစ်ပါတယ်။
ဒုတိယအဆင့်က ဘာလဲဆိုရင် “Cost of Goods Sold” ရောင်းချရန် အသင့်ဖြစ်ဖို့ ကုန်ကျတာတွေ တွက်ချက်ပြီးပြီ၊ ရောင်းရဖို့ကုန်မဲ့ ကုန်ကျစရိတ် ဒါကို Expenses နံပတ်(၂)လို့ သတ်မှတ်ပါမယ်။
ဒီ Expenses နံပတ်(၂)ကို Operation Expenses လို့ခေါ်ပါတယ်။ Operation Expenses ဆိုတာ လုပ်ငန်းလည်ပတ်ဖို့အတွက် ကုန်ကျတဲ့စရိတ်ကိုခေါ်တာဖြစ်ပါတယ်။ ဘာလုပ်ရမှာလဲဆိုတော့ Marketing လုပ်ရမှာဖြစ်ပြီး ကြော်ငြာရမယ်၊ မဂ္ဂဇင်းထဲထည့်မှာလား၊ TV ကကြော်ငြာမှာလား၊ ရေဒီယိုက လွှင့်မှာလား၊ အခု ခေတ်ဆိုရင် ဖေ့စ်ဘွတ်ကနေကြော်ငြာရမယ်၊ ပေ့ချ်ထောင်မယ် အနည်းဆုံးတော့ ဒေါ်လာ သုံးပြီးတော့ Boost လုပ်ရမှာဖြစ်ပါတယ်။ တချို့လုပ်ငန်းတွေဆို ဒေါ်လာထောင်နဲ့ချီပြီး သုံးရတာမျိုးရှိပါတယ်။ ဒီလိုမျိုး Marketing စရိတ်တွေလည်း စကုန်လာပြီပဲဖြစ်ပါတယ်။ Marketing စရိတ်ဆိုတဲ့နေရာမှာ ပုံတွေ၊ ဓာတ်ပုံတွေ၊ ဒီဇိုင်းတွေက ကိုယ်ကိုယ် တိုင်ဆွဲမှာလား၊ တခြားကိုအပ်မှာလား၊ Copy Writing Skill တွေ ၊ ရောင်းတဲ့ပိုစ့်တွေ၊ Live လွှင့်ဖို့တွေ ဒါမျိုးတွေကို စဉ်းစားလာရပြီပဲဖြစ်ပါတယ်။
နောက်တစ်ခါ Delivery စရိတ်တွေလိုလာပါမယ်။ Customer ကိုပို့ပေးတဲ့နေရာမှာ လွယ်လွယ်လေးတော့ ပြောစရာရှိတာ Delivery စရိတ်က Customer ကို ခံခိုင်းလိုက်မယ်ဆိုရင် ရချင်ရမယ် မရချင်မရပါဘူး။ ကိုယ့်ရဲ့ ပစ္စည်းတူပြိုင်ဘက်က Delivery ကို ဖရီးပေးနေတယ်ဆိုရင် ကျွန်တော်တို့ဘက်က Delivery ဖရီးမပေးတာနဲ့ Customer က ပြိုင်ဘက်ဆီကို ရောက်သွားနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူက Value တစ်ခုဖြစ်နေလို့ ဖြစ်ပါတယ်။ တချို့ရေခဲသေတ္တာလို ပစ္စည်းကြီးကြီးမားမားရောင်းမယ်ဆိုရင် ကားငှားရမယ်၊ Customer က ကားငှားတဲ့သူကိုချိတ်ရမယ်၊ ဆိုင်ကိုတစ်ခါချိတ်ရမယ်၊ သူတို့နှစ်ယောက်ကိုပေါင်းပြီး ကိုယ်ကလူစောင့်လိုက်ပြီး တော့ ကိုယ့်အိမ်ကိုသွားရမယ်၊ အိမ်အပေါ်ထပ်ကိုတင်ဖို့အတွက် အလုပ်သမားသက်သက်ငှားရဦးမယ်။ ဒါမျိုးတွေ Customer ဆီမှာလည်း Stress တွေအများကြီးရှိပါတယ်။ အဲ့ဒီအချိန်မှာ ပြိုင်ဘက်က Delivery ကို သူ့ဝန်ထမ်း နဲ့သူ ထည့်ပေးမယ်ဆိုရင် ကိုယ့်ဆီက ဘယ်သူမှဝယ်တော့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး Expenses တွေလည်းရှိလာ မှာဖြစ်ပါတယ်။
နောက်တစ်ခုက Marketing ဝန်ထမ်းတွေ ၊ ကိုယ့်မှာထားတဲ့ Admin Staff တွေရဲ့ ဝန်ထမ်းလစာတွေရှိ လာပါပြီ။ ထုပ်ပိုးမှုစရိတ်တွေလည်းလိုလာပါတယ်။ ထုပ်ပိုးမှုစရိတ်တွေဆိုတာ Delivery ပို့မယ်ဆိုရင် Special ထုပ်ပိုးရတဲ့ အနေအထားတွေရှိပါမယ်။ ဥပမာ ကိုယ့်ဆိုင်မှာလာဝယ်ရင်တော့ ဒီအတိုင်းပေးလိုက်လို့ရပေမဲ့ Delivery နဲ့ပို့မယ်ဆိုရင်တော့ Plastic နဲ့ ထုပ်ရတာ ၊ တခြားထုပ်ပိုးမှုပုံစံနဲ့ လုပ်ပေးရတဲ့ ကုန်ကျစရိတ်တွေ ရှိလာ နိုင်ပါတယ်။ နောက်တစ်ခါ Customer ဆီကိုပို့တဲ့ လမ်းမှာလည်း Damage တွေ၊ ပစ္စည်း ဆုံးရှုံးမှုတွေဖြစ်နိုင်ပါ တယ်။ ကိုယ်ကပို့လိုက်တာတော့ အကောင်းပေမဲ့ Delivery က ဖိမိလို့ ၊ တိုးမိလို့၊ တစ်ခုခုနဲ့ ဆောင့်မိလို့၊ လွတ် ကျလို့၊ Human Error တစ်ုခုကြောင့် ပျက်စီးသွားပြီဆိုရင် ကျွန်တော်တို့ဆီကို ဘာပြန်ဝင်လာမလဲဆိုတော့ Sales Return ပြန်ဝင်လာပါမယ်။ Sales Return ဝင်လို့ Customer ကမယူတော့ရင် အမြတ်မရတော့ပါဘူး။ ပစ္စည်းက လည်း ပြင်မရအောင်ပျက်စီးသွားရင် ပစ္စည်းဖိုးပါဆုံးမယ်။ ဒီလိုမျိုး Expenses တွေရှိနိုင်ပါသေးတယ်။
နောက်တစ်ခုက Waste ဆိုတဲ့ ဘယ်လိုအလေအလွင့်တွေရှိနိုင်မလဲ၊ သေးသေးလေးတွေဆိုပြီး ဂရုမစိုက် မိတဲ့ Waste တွေကို ပေါင်းလိုက်တဲ့အချိန်မှာ အကြီးစား Waste တွေဖြစ်လာနိုင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ ခုနက Example တွက်ကြည့်တာဆိုရင် Revenue က ပစ္စည်းတစ်ခုကို တစ်သောင်းနဲ့ဝယ်မယ် တစ်သောင်းခွဲနဲ့ ပြန်ရောင်းမယ်။ အခုတစ်ရာဆိုရင် ၁၅ သိန်းလောက်ပြန်ရမယ် အမြတ် ငါးသိန်းတောင်ပြန်ရမယ်ဆိုပြီး ပျော်နေ တတ်ပါတယ်။ တကယ်လည်း တွက်ကြည့်လိုက်ရော COGS တွေက ငွေရင်းဆယ်သိန်းအပြင် လမ်းကြေး၊ ဂိတ် ကြေး၊ သယ်ယူပို့ဆောင်စရိတ်တွေက တစ်သိန်းလောက်ထပ်ကုန်ရင် စုစုပေါင်း ဆယ့်တစ်သိန်းလောက် ကုန်ပါ မယ်။ Gross Profit အကြမ်းအမြတ်က လေးသိန်းလောက်ပဲကျန်ပါတော့မယ်။
ခုနက ပြောခဲ့တဲ့ Expenses အမှတ်(၁) အမှတ်(၂)တွေကလည်း သုံးသိန်းလောက်ရှိမယ်ဆိုရင် အသား တင် အမြတ်သည် တစ်သိန်းလောက်ပဲမြတ်မှာ ဖြစ်ပါတယ်။ ဒါက Business တစ်ခုကို ယေဘုယျပြောပြတာဖြစ်ပါ တယ်။ ဒါတွေအကုန်လုံးကို တွက်ချက်ပြီးတော့မှ ဘယ်လို Expenses တွေ ဘယ်နေရာမှာရှိနိုင်သလဲဆိုတဲ့ Cost ကို သေသေချာချာတွက်ချက်နိုင်မှ ကျွန်တော်တို့လုပ်ငန်းက ကောင်းကောင်းအမြတ်ရနိုင်မှာဖြစ်ပါတယ်။ ဘယ် Expenses တွေ ဘယ်လိုကုန်နိုင်လဲဆိုတာသိရင် သက်သာအောင် ဘယ်လိုလုပ်မလဲ၊ မကုန်အောင် ဘယ်လို လုပ်မလဲ၊ ပိုမြတ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဒါမှ ကျွန်တော်တို့ရဲ့ Business က အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ဒါဆို ဒီအပိုင်းအထိ မျှဝေပေးတာတွေကို ကိုယ့်လုပ်ငန်းမှာ တွက်ချက်စဉ်းစားပြီးရင်တော့ လုပ်ငန်းက မြတ်ပြီလားလို့မေးရင် စိတ်မကောင်းစွာနဲ့ပြောရမှာက မဟုတ်သေးပါဘူး။ ထပ်စဉ်းစားရမဲ့ အပိုင်းလေးတွေ ရှိနေသေးတာကြောင့် နောက်ထပ်အပိုင်းမှာ ဆက်ပြီးလေ့လာကြည့်ပါလို့ ပြောချင်ပါတယ်။
Keep Reading