မောရိသျှ
အဲလက်ဇ် ဘာဂျာ ရဲ့ ဘဝ တိုးတက်ပုံ အဆင့်ဆင့်ကို သေချာလေး သုံးသပ်ရင် - သက်မွေးမှုဆိုင်ရာ အရင်းပြုမှု တွေနဲ့ သက်ဆိုင်နေတယ်။ သေချာတွေးကြည့်ပါ။ မိုက်ကယ် အိုင်စနာလို လူမျိုးဆိုတာ အဲလက်ဇ်ရဲ့ အနေအထားနဲ့ ယှဉ်လိုက်ရင် အများကြီးကွာတယ်။ ဒါပေမဲ့ ဘာကြောင့် အိုင်စနာက အဲလက်ဇ်ကို ယုံကြည်မှုအပြည့်နဲ့ ထုတ်လုပ်ချင်နေတဲ့ ဇာတ်လမ်းတွဲအသစ်အတွက် ဝကွပ် အပ်လိုက်တာလဲ။ စေ့စေ့စပ်စပ် ပြန်တွေးကြည့်ပါ။
အဖြေက — အိုင်စနာနဲ့ အဲလက်ဇ်တို့ တွေ့ဖြစ်ကြတော့၊ အဲလက်ဇ်က နာမည်ကျော် ရုပ်မြင်သံကြား အစီအစဉ် ထုတ်လုပ်ရေးတစ်ခုမှာ ဇာတ်ညွှန်းဆရာ တစ်ယောက်ဖြစ်နေပြီ၊ အဲဒါပဲမဟုတ်ပါဘူး။ အချိန်များစွာ ပေးဆပ်ထားပြီး၊ အရူးအမူး စိတ်နှစ်ရေးသားထားသလို၊ လူပေါင်းစုံရဲ့ ဝေဖန်မှုတွေကို အခြေခံပြီး ဖန်တီးထားတဲ့ အရည်အသွေးရှိ ဇာတ်ညွှန်းနမူနာကိုလဲ - ကိုယ်ပိုင်အရည်အသွေးအဖြစ် တင်ပြနိုင်ခဲ့လို့ပါ။ ဒါတွေက အရေးကြီးတဲ့ သက်မွေးမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်ပါတယ်။
ရှေ့ပိုင်း နည်းနည်းစောတဲ့အထိ ပြန်ရစ်ကြည့်လိုက်ရင် — အဲလက်ဇ် ဘယ်လိုလုပ်ပြီး K-Ville ကို ရောက် သွားခဲ့တာလဲ။ ဒီနေရာမှာလဲ သက်မွေးမှုဆိုင်ရာ ရင်းနှီးမှု မှန်နေလို့ပါ။ Commander In Chief ကြောင့် အရည်အသွေးရှိ ဇာတ်လမ်း၊ ဇာတ်ညွှန်း လက်ရာတစ်ခုကို ဖန်တီးထားနိုင်သလို၊ ရိုက်ကူးထုတ်လွှင့်ခံရတဲ့ အနေအထားထိ ရောက်နေခဲ့တယ်။ ဒါကလဲ မဖြစ်မနေ ထည့်တွက်ရမဲ့ သက်မွေးမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုပဲ။
အဲဒီထက် ရှေ့ပိုင်းထပ်ပြီး ရစ်ကြည့်လိုက်ရင် — အောက်ခြေတန်း လက်ထောက်ဇာတ်ညွှန်းရေးဆရာအဆင့်နဲ့၊ ဘယ်လိုလုပ်ပြီး Commander In Chief လိုမျိုး ထုတ်လွှင့်ဆဲ ရုပ်သံအစီအစဉ်အတွက်၊ အရည်အသွေးရှိ ဇာတ် လမ်းဇာတ်ညွှန်း ရေးပေးနိုင်တာလဲ။ ဒီနေရာမှာလဲ အချိန်အများကြီး ပေးဆပ်ထားပြီး၊ ရူးသွပ်မှုများစွာနဲ့ သူ့အရည်အချင်းကို ကြိုသွေးထားခဲ့လို့ပါ။ ဘွဲ့ရခါစ လူငယ်ပေါက်စ၊ LA ကို စရောက်တုန်းက ဘာမှ မလုပ်တတ်ခဲ့ပါဘူး။ ဇာတ်ညွှန်းရေးတယ်ဆိုတာ ဘာမှန်းတောင် မသိခဲ့ဘူး။ ဒါပေမဲ့ လုပ်ဖြစ်ခဲ့တဲ့ အလုပ်ကနေ ယူသင့်တဲ့ အရည်အသွေးကို ရှာဖွေတတ်ခဲ့လို့သာ၊ လုပ်သမျှ အလုပ်အပေါ် အကောင်းဆုံးဖြစ်အောင် လုပ်ချင်စိတ် သက်သက်နဲ့ အထူးကြိုးစားခဲ့လို့၊ Commander In Chief အတွက် အရည်အသွေးမြင့် ဇာတ်လမ်း ဇာတ်ညွှန်း ဖန်တီး ရေးသားနိုင်ခဲ့တာပါ။ ဒါတွေကလဲ သက်မွေးမှုဆိုင်ရာ အခရာကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါပဲ။
အဲလက်ဇ် ရဲ့ ဇာတ်လမ်းကို အနှစ်ချုပ်လိုက်ရင် — အသေချာဆုံးကတော့ — ဝါသနာနောက်လိုက်လိုစိတ် ပြင်းပြပြီး၊ မဖြစ်ဖြစ်အောင် လုပ်ချင်တဲ့ ရဲစိတ်ကြောင့် အောင်မြင်ခဲ့တာ လုံးဝ မဟုတ်ဘူး။ ဒီဘိတ်ချန်ပီယံဟောင်း အဲလက်ဇ်ဟာ၊ ဈေးကွက်အရရော၊ ဘဝအနေအထား အရပါ၊ လိုအပ်တဲ့ သက်မွေးမှုဆိုင်ရာ ရင်းနှီးမှုတန်ဖိုးကို နားလည်ခဲ့ပြီး၊ သဘောပေါက်တဲ့အလျောက် ဖြည့်တင်းတတ်ခဲ့လို့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ကျပန်းစကားပြောပြိုင်ပွဲမှာ အချေအတင် အနိုင်ရအောင် စကားဖန်ပြီး ပြောခဲ့ရသလိုပဲ၊ အပြိုင်အဆိုင်များတဲ့ လုပ်ငန်းနယ်ပယ်မှာ ပြိုင်ဘက်တွေထက် သာလွန်အောင် အထူးကြိုးစားခဲ့လို့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်မှာ ပျော်ဖို့ထက်၊ အလုပ်ကို ကောင်းအောင်လုပ်ဖို့ ရည်သန်ခဲ့ပြီး၊ ကောင်းသထက် ထူးအောင် လုပ်နိုင်ခဲ့ လို့လဲ မျက်ကွယ်ပြုခံဘဝ မရောက်ခဲ့ဘဲ၊ လူလေးစားခံ ဘဝမှာ မော်ကြွားနိုင်တာ ဖြစ်ပါတယ်။
လိုအပ်သမျှ အရည်အချင်းတွေကို လုံလောက်အောင် ဖြည့်တင်းခဲ့တာကလွဲရင် ထူးခြားဆန်းပြားတဲ့ အလုပ် တစ်ခုမှ သူမလုပ်ခဲ့ပါဘူး။ ဟောလိဝုဒ်လိုမျိုး တံခါးပိတ် လောကကြီးထဲကို သူဝင်ဆံ့နိုင်ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်မှ ရှိမနေပါဘူး။ တန်ဖိုးကို နားလည်ပြီး၊ ခက်ခဲမှုနဲ့ ထူးကဲခြင်းရဲ့ အကျိုးအမြတ်ကို သိခဲ့ရုံပါ။
#မောရိသျှ
Keep Reading