Author's Profile Photo

မောရိသျှ

15/07/2025

နားစရာရှိတာ နားပါ

2 mins read
Personal Development
Book Review
General Knowledge
နားစရာရှိတာ နားပါ's photo

ဖုန်းတောင်မှ အားကုန်ရင် ပြန်သွင်းရသလို၊ လူလည်း ပင်ပန်းရင် အနားယူဖို့ လိုပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က ဘယ်လောက်ပဲ အရေးကြီးနေပါစေ၊ ဒါမှမဟုတ် လုပ်ပျော်လွန်းလို့ လုပ်နေတဲ့ အလုပ်တွေပဲ ဖြစ်နေပါစေ အသက်ရှင်အောင်လုပ်ရတဲ့ အလုပ်ထက် အရေးကြီးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသက်ရှင်ရတဲ့ အလုပ်ကို အမြဲလုပ်နိုင်ဖို့အတွက် အနားယူသင့်ရင် နားစရာရှိတာနားရပါမယ်။

ကိုယ်လုပ်နေတဲ့အလုပ်ကို မုန်းသည်ဖြစ်စေ ချစ်သည်ဖြစ်စေ အလုပ်တွေ အင်မတန် များနေပြီး ရှုပ်နေပါစေ အားလုံးထက် အင်မတန်ခက်သလို အထိမခံတဲ့ အသက်ရှင်ခြင်းအလုပ်ကို မထိခိုက်အောင် နားတတ်ဖို့ လိုပါတယ်။ မနက်စောစောမှာ ကောင်းသောနိုးထခြင်းနဲ့ နိုးဖို့တောင်မလွယ်ပါဘူး၊ ဘဝမှာ ရုန်းကန်ရှင်သန်ရေးအတွက် အလုပ်တွေများပြီးတာဝန်ဝတ္တရားတွေနဲ့ ပိနေပါစေ၊ ကျန်းမာသန်စွမ်းစွာနဲ့ ရှင်သန်နိုင်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ တပတ်မှာ တခါ အားလပ်ရက်ရလို့ နားနိုင်တာက အနားယူခြင်း မဟုတ်ပါဘူး။ တနေ့တာ အလုပ်တွေကို တာဝန်တွေ ဝတ္တရားတွေ အားလုံးကို ပြီးဆီးသလောက် လုပ်နိုင်ခဲ့လို့ နောက်ဆုံးမှာ အိပ်စက်ခြင်းနဲ့ အားဖြည့်တာကလည်း အနားယူခြင်းအစစ် မဟုတ်သေးပါဘူး။

ခက်ခဲလွန်းတဲ့ အသက်ရှင်ခြင်းအလုပ်ကနေ တခါတရံမှာ အချိန်သီးသန့်ပေးပြီးအနားယူတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာတွေ၊ စိတ်ဖိဆီးစရာတွေ၊ စိတ်ရှုပ်စရာတွေ မရှိဘဲ ဘဝမှာ တွေ့ရကြုံရ ဆုံရမြင်ရသိရသမျှတွေကနေ အကင်းနိုင်ဆုံးဖြစ်အောင် ကင်းကင်းရှင်းရှင်းနေပြီး သာယာမှုအစစ်ကို ရယူဖို့ ပြောနေတာပါ။

အားလပ်ရက်ယူပြီး အလည်အပတ်ထွက် နားနားနေနေနေတာက လူအတွက် အတော်ကောင်းပါတယ်။ စိတ်ဖိဆီးမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေကို ချက်ချင်းဆိုသလို သက်သာရာရစေနိုင်လို့ပါ။ ဒါကြောင့် တခါတလေ အလုပ်မှာ ဖိဖိဆီးဆီး လုပ်ပြီးသွားခဲ့ရင် အားလပ်ရက်မှာ နားနားနေနေ နေဖြစ်အောင် နေတတ်တဲ့အကျင့်လေး မွေးပါ။

ကျွန်တော်လည်း အလုပ်သရဲဆိုတော့ စွမ်းဆောင်ရည်ကျဆင်းသွားမှာ စိုးရိမ်တာနဲ့ ဘာပဲလုပ်လုပ် ဆက်တိုက်လုပ်ပြီး မဖြစ်မနေ အိပ်ချိန်နဲ့ နားချိန်ကလွဲရင် အချိန်သီးသန့်ယူပြီး မနားဖြစ်ဘူး။ ကြာလာတော့ စိတ်ကသာ လုပ်ချင်နေပေမဲ့ လူက မလိုက်နိုင်တော့ဘဲ ပင်ပန်းလာတယ်။ ခြေကုန်လက်ပမ်းကျလွယ်လာတယ်။ နားချင်စိတ် မရှိပေမဲ့ ခန္ဓာကိုယ်က အနားယူဖို့ရာ ဖိအားပေးလာရော။ ကိုယ့်ကျန်းမာရေးထက် ပိုအရေးကြီးတာ မရှိပါဘူး။

တသက်လုံး ရှာထားသမျှ တခါနားမကျန်းဖြစ်ရုံနဲ့ ကုန်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် နားစရာရှိတာ စိတ်ချလက်ချ စိတ်အေးလက်အေး နားပါ။ ကောင်းသော အိပ်စက်ခြင်းက ကြည်လင်အေးချမ်းတဲ့ စိတ်အကြည်ဓာတ်ကို ပေးနိုင်စွမ်းရှိတာကြောင့် အလုပ်စွမ်းဆောင်ရည်ကိုပါ တိုးတက်စေနိုင်ပါတယ်။

တစ်လလုံးလုံး ပိုးစိုးပက်စက် အလုပ်ကြိုးစားပြီးရင် ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ ၅ ရက်တန်သည် တစ်ပတ်တန်သည် အားလပ်ရက်ယူပြီး နားလိုက်ပါ။ အလုပ်ပြန်ဝင်တာနဲ့ စိတ်ခွန်အားရော ကိုယ်ခွန်အားပါ ပြည့်ဝနေမှာဖြစ်တာကြောင့် နဂိုထက် ပိုပြီး စွမ်းဆောင်ရည်တက်လာပါလိမ့်မယ်။

ကောင်းကောင်း အနားယူခွင့် မရထားတဲ့သူဟာ ဘယ်လောက်ပဲ သက်လုံကောင်းနေပါစေ အလုပ်ကို ဆက်တိုက်မလုပ်နိုင်သလို၊ စွမ်းဆောင်ရည်ပိုပြီး မတက်ပါဘူး။ နားထားဦးမှလည်း အရှိန်ယူခွင့်နဲ့အတူ အလုပ်ကို တရှိန်ထိုး လုပ်နိုင်တာပါ။ ဘယ်လောက်ပဲ စာရေးချင်စိတ် ရှိပါစေဦးတော့ မျက်လုံးတွေ အညောင်းဝင်သွားပြီး လူပင်ပန်းနေခဲ့ရင် ဘာစာမှ ရေးနိုင်မှာ မဟုတ်ပါဘူး။ လက်က ချရေးနိုင်ဖို့ရာ ခွန်အားမွေး အရှိန်ယူ အချိန်ယူနေရင်းကနေ အချိန်ဆွဲတာနဲ့ပဲ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။

ဘာပဲလုပ်လုပ် အချိန်နဲ့ အလုပ်လုပ်ပါ။ လုပ်ရမယ့် အလုပ်ကိစ္စက သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ပြီးဆီးနိုင်ရဲ့လား ကြိုတင်မှန်းဆပြီးမှ သေချာလုပ်ပါ။ မတင်မကျ မဆီမလျော် မလုပ်ပါနဲ့။ ပေးထားတဲ့ အချိန်နဲ့ လုပ်ရမယ့်တာဝန် ဘက်မျှနေပါစေ။ အလုပ်လုပ်ပြီဆိုရင်လည်း တခြား အနှောက်အယှက်တွေ အဝင်မခံပါနဲ့။ အတတ်နိုင်ဆုံး ရာနှုန်းပြည့် အာရုံစူးစိုက်ထားပြီး လုပ်လို့ရအောင် အခြေအနေ အနေအထားတွေကို ဖန်တီးထားပြီးမှ လုပ်ပါ။

အစိုးမရနိုင်တဲ့ အရာတွေကို လိုက်စဉ်းစားပြီး စိတ်တော့ မလေစေနဲ့ပေါ့။ လုပ်စရာရှိတာကိုသာ တည့်တည့်မတ်မတ် စိတ်ဇောစေတနာအပြည့်ထည့် လုပ်ပြီး နားစရာရှိရင် အားပါးတရကြီး အနားယူလိုက်ပါ။ လုပ်စရာရှိလို့ လုပ်ဖို့လိုရင် ကိုယ့်ကိုယ်ကိုယ် မညှာပါနဲ့၊ အားမနာပါနဲ့၊ လုပ်မှာသာလုပ်ပါ။ အဲဒီလိုပဲ နားစရာရှိလို့ နားဖြစ်ရင်လည်း ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ပါနဲ့၊ မတွန့်တိုပါနဲ့ နားမှာသာနားပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ နားစရာရှိတာ နားပါ ချေးများစေ့စပ်တဲ့သူဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်တန်ဆေးလွန်ဘေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း