Author's Profile Photo

မောရိသျှ

25/06/2025

အချိန်ဆွဲတာကိုကုစားမယ်

1 min read
Life Style
Personal Development
Book Review
အချိန်ဆွဲတာကိုကုစားမယ်
's photo

လုပ်နေတဲ့အလုပ်ဖြစ်စေ လုပ်ရမယ့်အလုပ်ကိုပဲဖြစ်စေ ကျွမ်းကျင်မှုလည်းမရှိ ရင်းနှီးမှုလည်းမရှိခဲ့ရင် လုပ်လိုစိတ်အား ထက်သန်မှုရှိနေခဲ့တောင်မှ ရလဒ်ကောင်းထွက်အောင် လုပ်နိုင်စွမ်း ရှိမှာ မဟုတ်ဘဲ၊ လုပ်ရမယ့် အလုပ်အပေါ် ငြီးငွေ့သွားနိုင်ပါတယ်။ ပိုင်နိုင်တဲ့အလုပ် မဟုတ်ခဲ့ရင် ဘယ်လောက်ပဲ လုပ်ချင်စိတ် မွေးမွေး မလုပ်နိုင်မှန်း သိနေတော့ အလုပ်လုပ်လိုက်ဖို့အရေး အချိန်ဆွဲပြီး ပျင်းသလိုလို ဘာလိုလိုနဲ့ အလုပ်မလုပ်ဖြစ်ဘဲ တွေဝေသွားတာမျိုး ဖြစ်တတ်ပါတယ်။

လုပ်တတ်တိုင်းလည်း ချက်ချင်းလုပ်ဖို့အတွက် အချိန်ဆွဲတာမျိုး ဖြစ်ရတဲ့ နောက်ကွယ်အကြောင်းအရင်းက လုပ်လိုက်ရင်တောင် ထင်ထားတဲ့ အရည်အသွေး ဒါမှမဟုတ် ရလဒ်ကောင်းထွက်အောင် လုပ်နိုင်မှာ မဟုတ်လောက်ဘူးလို့ ထင်နေမိတဲ့ ယုံကြည်ချက် အားနည်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရှင်းဆုံးပြောရရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်မထားနိုင်သရွေ့ ဘယ်အလုပ်ကိုမဆို ဘယ်သူမဆို အချိန်ဆွဲမှာပါ။ ပျင်းလို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ အကြောင်းပြချက် အမျိုးမျိုးထုတ်ပြီး ပျင်းမှာပါ။

ဒါဖြင့် ကျွန်တော်ကျတော့ ဘာလို့ အချိန်ဆွဲတဲ့အကျင့်နဲ့ အပျင်းကြီးတဲ့ အကျင့်ကို ပြင်နိုင်ခဲ့တာလဲ။ လျို့ဝှက်ချက်ကို မသိသေးသရွေ့ကတော့ အဲဒီအကျင့်ဆိုးကြီးတွေကို ပြင်နိုင်ဖို့ မလွယ်လောက်ဘူး၊ မဖြစ်နိုင်လောက်ဘူးလို့တောင် ထင်နိုင်ပါတယ်။ အမှန်တော့ အဲဒီလောက်လဲ မဟုတ်ဘူးဗျ။

ကျွန်တော်အပါအဝင် ဘယ်သူမဆို ကိုယ့်အတွက် အကျိုးရှိရင် ဘယ်အရာကိုမဆို တန်ဖိုးထားပါတယ်။ ဒီနေရာမှာ ပိုပြောချင်တာက အကျိုးရှိမှသာ တန်ဖိုးထားလိုစိတ် မွေးနိုင်တာတော့ မဟုတ်ပါဘူး။ အမှန်တော့ အကျိုးလည်းရှိမယ် ကိုယ့်အတွက် အဓိပ္ပါယ်လည်း ရှိနေမယ်ဆိုရင် ဘယ်အလုပ်ကိုမဆို ဘယ်အရာကိုမဆို တန်ဖိုးထားပြီး လုပ်ချင် ကိုင်ချင်ပါတယ်ဗျ။

ကျွန်တော်ဆိုရင် စာရေးရတာကို အင်မတန် မြတ်နိုးတယ်ဗျာ။ စာရေးနေရရင်ကိုပဲ (ဆရာကြီးလုပ်နေရရင်ကိုပဲ) ပျင်းချင်တဲ့စိတ် ပျောက်သွားရော။ စာသာရေးနေရရင် အချိန်မဆွဲဖြစ်ဘူး။ တရေးနိုး ထပြီး ရေးရရင်တောင် ရေးချင်စိတ်က အပြည့်။ ဒီလိုစိတ်အားထက်သန်မှု ရှိသွားတာကလည်း ဟိုးငယ်ငယ်ကတည်းက စာရေးရတာ ဝါသနာပါနေခဲ့လို့တော့ မဟုတ်ဘူးဗျ။

အရင်တုန်းကတော့ စာရေးရမှာ ပျင်းတာမျိုး ရှိတယ်။ ဝါသနာက ပါသာပါတာ အမြဲတမ်းကြီး မရေးနိုင်ခဲ့ဘူး။ ရေးစရာ ကုန်ကြမ်းမရှိတာရယ်၊ ရေးလိုက်တဲ့ စာတွေအပေါ် ယုံကြည်မှု မရှိလို့ပါ။ ဒါပေမဲ့ စာရေးတာကို သေသေချာချာ လေ့လာပြီး အစမ်းကျင့်ထားတဲ့ အကြိမ်တွေ မနည်းဘူး ကြိုးစားခဲ့ပြီးတော့မှသာ ဘယ်ချိန်ရေးရ ရေးရ ယုံကြည်ချက် အပြည့်နဲ့ မပျင်းမရိ ရေးနိုင်ခဲ့တာပါ။ ဆိုလိုတာက ကျွမ်းကျင်တာ သေချာတော့မှ ပျင်းစိတ်ပျောက်သွားခဲ့တာပါ။ ပိုင်နိုင်တာ သေချာသွားတော့မှ အချိန်မဆွဲဖြစ်တော့ဘဲ ချက်ချင်းလုပ်လိုတဲ့ စိတ်အပြည့်မွေးနိုင်ခဲ့တာပါ။

နောက်တချက်က စာရေးရတဲ့အလုပ်က စာဖတ်ဝါသနာပါတဲ့ ကျွန်တော့်အတွက် ကိုယ်ပိုင်အဓိပ္ပါယ်ရှိတယ်ဗျ။ ကျွန်တော်ရေးထားတဲ့စာတွေကို လူတိုင်းဖတ်ခွင့်ရပါစေဆိုတဲ့ စိတ်နဲ့ ရေးဖြစ်တာထက်၊ ကျွန်တော် ဖတ်ထားတဲ့ အသိတွေကို ဘယ်လောက်ထိ မှတ်မိသေးလဲ သိလိုစိတ်နဲ့ ရေးဖြစ်တာများပါတယ်။ (ဆရာကြီး လုပ်လိုစိတ်နဲ့ ရေးတာမျိုးတွေ ရှိပေမဲ့၊ တကယ်တမ်းတော့ အများအားဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ချင်လို့ ရေးဖြစ်တာမျိုးပါ။)
အဲဒီတော့ဗျာ - စာရေးတဲ့အလုပ်က ကျွန်တော့်အတွက် တန်ဖိုးလည်းရှိတယ်၊ အဓိပ္ပါယ်လည်းရှိတယ်။ အဲတာကြောင့်ပဲ စာရေးနေရရင် အချိန်မဆွဲဖြစ်ဘူး။ ပျင်းစိတ်လည်း မဖြစ်ဘူး။ အစပိုင်းက စာရေးတဲ့ အလုပ် တခုတည်းနဲ့ ကျွန်တော့် ဘဝရပ်တည်ရေး မဖြစ်နိုင်ခဲ့သေးတော့ တခြားအလုပ်တွေ လုပ်ခဲ့ရတယ်။ စာရေးတဲ့ အလုပ်မဟုတ်တော့ အချိန်ဆွဲတာတို့၊ ပျင်းတာတို့ ဖြစ်ခဲ့တယ်။ အမြဲတမ်းကြီး မဟုတ်တောင် - မကြာ မကြာဖြစ်ခဲ့တယ်။ စာရေးစာဖတ်နဲ့ နီးစပ်တဲ့ အလုပ်အကိုင်မျိုးတွေဘက် ပြောင်းနိုင်ခဲ့တော့မှ အချိန်ဆွဲတဲ့အကျင့်နဲ့ အပျင်းကြီးတဲ့အကျင့်ကို တဖြည်းဖြည်းချင်း လျှော့နိုင်ခဲ့တယ်။

စိတ်ပိုင်းဖြတ်ပြီး အကျင့်ပြောင်းခဲ့တာမျိုးလည်း မဟုတ်ဘူးဗျ။ ဒီအတိုင်း ကိုယ့်အတွက် အဓိပ္ပါယ်ရှိတယ်လို့ ယူဆတဲ့ အလုပ်အကိုင်တွေ ပြောင်းလဲဖြစ်တော့မှ သူ့အလိုလို အကျင့်ဆိုးတွေကို ပြုပြင်ပြီးသား ဖြစ်သွားတာာပါ။ တမင်သက်သက်ကြီး ရည်ရွယ်ပြီး ပြုပြင်ပြောင်းလဲခဲ့တာတော့ မဟုတ်ပါဘူး။ အစပိုင်းကတော့ ဝါသနာလည်း မပါ၊ စိတ်လည်းမဝင်စားတဲ့ အလုပ်တွေ လုပ်ခဲ့ရတယ်။ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တွေ မဟုတ်ခဲ့ဘဲ ငွေကြေးအတွက် သက်သက် လုပ်ခဲ့ရတာတွေဖြစ်နေတော့ အချိန်ဆွဲတဲ့အကျင့်နဲ့ အပျင်းကြီးတဲ့ အကျင့်တွေရဲ့ ဆိုးကျိုးကို အလူးအလဲခံခဲ့ရတယ်။

နောက်ပိုင်း ကိုယ်ကျွမ်းကျင်တဲ့ အလုပ်နဲ့ စိတ်ဝင်စား ဝါသနာလည်း ပါသလို၊ ကိုယ့်အတွက် တန်ဖိုးရှိတယ်လို့လည်း ခံစားရသလို၊ အဓိပ္ပါယ်ရှိတဲ့ အလုပ်တွေကို လုပ်ရတော့မှ အကျင့်ဆိုးတွေလည်း သက်သာသွားတာပါ။ ပြန်တွေးကြည့်ရင် ကိုယ့်အပေါ်မှာပဲ မူတည်တာပါဗျာ။ သူများကြောင့်လည်း မဟုတ်သလို၊ ကိုယ့်ကြောင့်ကြီးပဲလည်း မဟုတ်ပြန်ပါဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်ရပ်တည်မှုအပေါ်ပဲ မူတည်သွားတာပါ။

ဒါကြောင့် အကျင့်ဆိုးကို ပြင်ချင်ရင် အကျင့်ဆိုးဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သေချာဆန်းစစ်ပြီး၊ အကျင့်ဆိုးတွေ သက်သာသွားနိုင်မယ့် တခြားအလုပ်ပြောင်းလုပ်တာမျိုးနဲ့ ကုစားရပါမယ်။ အဲတာကပဲ အချိန်ဆွဲအကျင့်နဲ့ အပျင်းကြီးအကျင့်ကို ကုစားပေးနိုင်တဲ့ တခုတည်းသော လျို့ဝှက်ချက်ပါ။

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်