မောရိသျှ
Modern Life (ခေတ်ပြိုင်လူနေမှုဘဝ) က အတော်လေး မိုက်တယ်ဗျ။ ဘယ်နေရာပဲရောက်ရောက် အင်တာနက်နဲ့ အချိတ်အဆက် မပြတ်ဘူး။ အိမ်အတွင်းမှာရော အိမ်အပြင်မှာပါ အင်တာနက်ရတယ်။ လက်ထဲကိုင်ထားတဲ့ ဘာရယ်မဟုတ်တဲ့ ဖုန်းမှာတောင် အင်တာနက်က အချိန်ပြည့်ရနေပြီးသား။ လောကကြီးတခုလုံးကို ပိုင်ဆိုင်ထားသလား အောက်မေ့ရလောက်အောင် အချိတ်အဆက်က မိမိုက်နေတာဗျ။ ဟုတ်တယ်နော်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်ရင် နည်းပညာကို လူတွေ သိပ်မသုံးဖြစ်ဘူးဗျ၊ နည်းပညာကသာ လူတွေကို သုံးစားသွားတာ များတယ်။ (ဒီလိုပြောလိုက်တော့ တခုခုတော့ လွဲနေသလိုကြီးပဲ)
Apps, games, videos, articles, commercials, TV-shows (အက်ပ်တွေ၊ ဂိမ်းတွေ၊ ဗီဒီယိုတွေ၊ လိုင်းပေါ်က ပို့စ်တွေ၊ ကြော်ငြာတွေ၊ တီဗီအစီအစဉ်တွေ) အားလုံးက ကျွန်တော်တို့ကို တမင်ဆွဲဆောင်ဖို့အတွက် သက်သက်မဲ့ ဖန်တီးထားတာတွေကြီးပဲ။ ကိုယ်တိုင်က သတိမထားမိတောင်မှ တပတ်အတွင်း ကိုယ့်ကို ဆွဲဆောင်လိုက်တဲ့ အရာတွေ မနည်းဘူး။ ကိုယ်တိုင်က သတိထားပြီး မကြည့်မိခဲ့ရင်တောင် အင်တာနက် အချိတ်အဆက်ရှိနေတဲ့ နေရာတိုင်းကနေ ကိုယ့်အတွက်ဆိုပြီး ပေါ်လာတာတွေမှ အများကြီး။
Netflix ကြည့်ရင် သတိထားမိမှာပဲ။ ဇာတ်လမ်းတွဲကြည့်နေရင်း တပိုင်းပြီးသွားတာနဲ့ (၃) (၂) (၁) ဆိုပြီး သုံးစက္ကန့်အတွင်း နောက်တပိုင်း ဆက်ပြတယ်လေ။ မကြည့်ချင်ရင်တောင် ကြည့်ဖြစ်သွားရော။ YouTube လည်း ဘာထူးလို့လဲ။ ကိုယ်ကြည့်နေတဲ့ ဗီဒီယိုတပုဒ် ပြီးသွားတာနဲ့ ရပ်သွားတာမှ မဟုတ်ဘဲ။ နောက်ထပ် ဆက်ကြည့်စရာလေး တမျိုးမျိုးနဲ့ သူက အကြံပေးတယ် လုပ်သေးတာ။
ဒါကိုမှ အော်တိုပြအောင် လုပ်ထားလိုက်ရင် အဆက်မပြတ်တော့ဘူး။ အင်တာနက်က Auto-recommendation တွေ ပြန်ဆန်းစစ်ကြည့်လိုက်ရင် ကိုယ့်အကြိုက်နဲ့ လိုက်နေတာကို သတိထားမိလားဗျ။ အင်တာနက်က ကိုယ့်အကြောင်းမှန်သမျှ သိနေသလိုပဲနော်။ ဘာလာလာ သူအကုန်သိတယ်။ ဂိမ်းလား။ ဇာတ်လမ်းတွဲလား။ ဖတ်စရာသတင်းလား။ ကြိုက်တာပြော အင်တာနက်က ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေကို အပြည့်ဆွဲဆောင်ထားဖို့ တာဝန်ကျေတယ်ဗျ။
ရယ်ချင်စရာက အရေးမပါတဲ့နေရာတွေနဲ့ အရေးမပါတဲ့အရာတွေရဲ့ ဆွဲဆောင်မှု ခံရရင် ကျွန်တော်တို့ရဲ့ အာရုံတွေက ချက်ချင်းဆိုသလို ပြောင်းသွားပေမဲ့၊ တကယ်အရေးပါပြီး အရေးကြီးတဲ့ကိစ္စတွေမှာကျတော့ အာရုံစိုက်ဖို့ အတော်ကြိုးစားရတယ်။ မဟုတ်တန်းလျား လိုင်းပေါ်က အတင်းအဖျင်းဆိုရင် စိတ်ဝင်စားလိုက်တာမှ ကိုယ်တိုင်မပါရုံတမယ်ကိုဖြစ်တတ်တယ်။ ဒါပေမဲ့ လုပ်စရာရှိတဲ့ အလုပ်ကိစ္စတွေမှာကျတော့ ဘာမဟုတ်တဲ့ စိတ်အနှောက်အယှက်တခုခုနဲ့ကြုံလိုက်ရင်ပဲ အာရုံပျက်သွားပြီး ဈာန်ပျောက်သွားရော။ အင်တာနက်က စိတ်ပျက်စရာ သတင်းတွေ ကြိုက်သလောက်ဖတ်ပါစေ နည်းနည်းမှ စိတ်ခွန်အားပျောက်မသွားဘူး။ ဒါပေမဲ့ အရေးမပါတဲ့ ပြင်ပ ကိစ္စတခုခုက လူကို ခွေကျသွားလောက်တဲ့အထိ စိတ်ဆင်းရဲမှုပေးနိုင်တယ်။ လူတွေရဲ့ စိတ်သဘာဝများ သိပ်အံ့ဩဖို့ကောင်းတယ်ဗျာ။
စိတ်အနှောက်အယှက်ဖြစ်လွယ်တာက ကျွန်တော်တို့ရဲ့ အားနည်းချက်တော့ မဟုတ်ဘူးဗျ။ တိုးတက်လာတဲ့ နည်းပညာတွေရဲ့ လွှမ်းမိုးမှု အားကောင်းလို့ပါ။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေအားလုံးရဲ့ အားနည်းချက်ကို နည်းပညာက မြင်နိုင်စွမ်းရှိတော့ အဲဒီချက်ကောင်းကို ဖိပြီး ကျွန်တော်တို့ အားလုံးရဲ့ ဘဝကို ဝါးမြိုထားလို့သာ စိတ်ထွေပြားလေးလံသွားရတာပါ။ အဲဒီလို လက်ဝါးကြီးအုပ် ဝါးမြိုထားမှုက အားကောင်းလွန်းလို့လည်း ဘယ်သူကမှ အင်တာနက်နဲ့ မကင်းနိုင်ဘဲ ဖြစ်သွားရတာပါ။ အဲတာကြောင့်လည်း အင်တာနက်လိုတဲ့နည်းပညာတိုင်းကို တမ်းတမ်းစွဲ ဖြစ်နေရတာပါ။
တခါတလေ အင်တာနက်ကြီးကို စိတ်ကုန်မိပြီး ဟိုးအရင်ခေတ်တုန်းကလိုမျိုး ဘဝကို တမ်းတတာမျိုး ဖြစ်လာခဲ့ရင်တောင် ဖြစ်တုန်းခနပဲ စိတ်ကူးကောင်း စိတ်ကူးမိကြပေမဲ့၊ အချိန်တခုကြာသွားတာနဲ့အမျှ နဂိုအတိုင်း အင်တာနက်ရဲ့ ကျေးကျွန် ပြန်ဖြစ်သွားကြမှာပါ။ အင်တာနက်ကြီးကိုက ဩဇာကောင်းလွန်းတော့ ဘယ်သူမှ မကင်းနိုင်ပါဘူး။ လုံးလုံးလျားလျားကြီးမကင်းနိုင်ရင် ဘယ်လိုနည်းနဲ့ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်ခွင့် ပေးကြမလဲ။
အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် လိုတာထက်ပိုသွားရင် ဘာမှ မကောင်းပါဘူး။
ပုံမှန်ထက်ပိုပြီး လေ့ကျင့်ခန်းလုပ်လိုက်လို့ ဘာထူးသွားမလဲ။ ထူးပြီးတိုးတက်တာမျိုး မရှိပါဘူး။ ပုံမှန်ထက် နာကျင်ကိုက်ခဲတာပဲ ပိုသွားမှာပါ။ ကျန်းမာရေးပိုကောင်းသွားမှာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို လိုတာထက် ပိုခိုင်းမိလို့ မကျန်းမမာဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။
ပုံမှန်ထက်ပိုပြီး ချစ်လိုက်လို့ ဘာထူးသွားမလဲ။ ထူးပြီးတိုးတက်လာမှာတော့ မဟုတ်ပါဘူး။ ကိုယ့်အချစ်ကို လွယ်လွယ်ရမှန်းသိလို့ လူပါးဝခံရမှာပါ။ ပုံမှန်ထက်ပိုပြီး အလုပ်လုပ်လိုက်ရင် ဘာထူးသွားနိုင်လဲ။ ထူးပြီး တိုးတက်သွားမှာ မဟုတ်ပါဘူး။ ပုံမှန်ထက်ပိုပြီး ပင်ပန်းသွားတာကြောင့် နောက်ပိုင်းမှာ ပုံမှန်လိုတောင် အလုပ်လုပ်ဖို့ မလွယ်ဘဲ ဖြစ်သွားနိုင်ပါတယ်။ ပုံမှန်လေးပဲ ကောင်းပါတယ်။ စားကောင်းလို့ ပိုစားလိုက်ရင်ကော ဘာဖြစ်သွားနိုင်လဲ။ ဗိုက်တင်းလွန်ပြီး မအီမသာဖြစ်သွားနိုင်ပါတယ်။ ကောင်းတိုင်းလည်း ပိုမစားသင့်ပါဘူး။ တော်သင့်ရုံပဲ ကောင်းပါတယ်။
ရေများများသောက်ရင်ကော လူအတွက် ကောင်းလား။ ကောင်းတော့ ကောင်းပါတယ်။ ရေငတ်တဲ့ပြဿနာ သိပ်မရှိတော့ဘူးပေါ့။ ဒါပေမဲ့ သေးခနခန ပေါက်နေရမှာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲက ဓါတ်ဆားဓါတ်တွေကို အပြင်ခနခန ထုတ်သလိုဖြစ်သွားတော့ ကိုယ်တွင်းအာဟာရဓါတ်ချို့တဲ့မှုအချို့တော့ ဖြစ်သွားနိုင်ပါတယ်။ လိုတာထက်ပိုရင် ဘာမှ မကောင်းပါဘူး။ ပုံမှန်ပဲကောင်းပါတယ်။
နည်းပညာခေတ်ကြီးမှာ အင်တာနက်နဲ့ ကင်းလို့ မရပါဘူး။ လုံးလုံးလျားလျားကြီး ကင်းဖို့လည်း ကျွန်တော် မတိုက်တွန်းပါဘူး။ အင်တာနက်ခေတ်ကြီးဖြစ်တာကြောင့် လူနေမှုဘဝကြီးကို အင်တာနက်နဲ့ မဖြစ်မနေ တည်ဆောက်နိုင်ဦးမှလည်း လူတန်းစေ့နေနိုင်မှာပါ။ ဒါပေမဲ့ အင်တာနက်ခေတ်ဆိုတိုင်း အရာအားလုံးကို အင်တာနက်နဲ့ ချိတ်ဆက်ထားမှ ဖြစ်မှာလားဆိုတော့ မဖြစ်သင့်ဘူးလေ။
#မောရိသျှ
Keep Reading