မိုးနှောင်းအလင်္ကာ
ရှမ်းပြည်ဘက်ကို သွားလည်ခဲ့တုံးကအဖြစ်အပျက်ကလေးတစ်ခုပါ။အဲ့ဒီတုံးက ကျွန်တော် စျေးထဲမှာအိမ်အတွက်အသီးအရွက်တွေဝယ်နေတုံး ပြောင်းဖူးသည်နှစ်ယောက်ကိုသတိထားမိတယ်။ပထမပြောင်းဖူးရောင်းတဲ့ အန်တီကြီးက ပြောင်းဖူးတွေကိုစုံလို့ သူ့ဆီမှာ နိုင်လွန်ပြောင်း လို့ခေါ်တဲ့ ပြောင်းဖူးအဖြူ သကြားပြောင်းလို့ခေါ်တဲ့ ပြောင်းဖူးအဝါ အဲ့ဒီပြောင်းဖူးတွေကိုဗန်းအကြီးကြီးနဲ့ခင်းပြထားတယ်။အဲ့တာတင်မကသေးပါဘူး အဲ့ဒီပြောင်းဖူးတွေကို မီးသွေးခဲနဲ့ ကင်ထားတာတွေရှိတယ်။သူ့နဘေးမှာလည်း ပြောင်းဖူးတွေကို ပေါင်းအိုးလိုပုံမျိုးအိုးအကြီးကြီးနဲ့လည်း ပေါင်းထား ပါသေးတယ်။
ခပ်လှမ်းလှမ်းက ပြောင်းဖူးသည် အမကြီးက ကျတော့ ပြောင်းဖူးကို အပေါင်းသီးသန့်ဘဲရောင်းတယ်။သူ့အရှေ့မှာ နိုင်လွန်ပြောင်းဖူးတွေကို ပလက်စတစ်နဲ့စုထုတ်ထားတဲ့ အထုပ်ကြီး တစ်ထုပ်နဲ့ သကြားပြောင်းတွေစုထုပ်ထားတဲ့ အထုပ်ကြီး တစ်ထုပ် စတဲ့နှစ်ထုပ်ဘဲရှိတယ်။ ဒီပြောင်းဖူးသည် အမကြီးက ဟိုဘက်က အန်တီကြီးလို သိပ်မရင်းနိုင်တော့ စုံနေအောင်ဘယ်တင်နိုင်မလည်း။အဲ့တာနဲ့ကျွန်တော်လည်း ဒီဘက်က စုံနေအောင်တင်ထားတဲ့ အန်တီကြီးဆီမှာဘဲ ပြောင်းဖူး အစိမ်းတွေ၊အပေါင်းတွေနဲ့ မီးကင်ထားတာတွေပါ၀ယ်ခဲ့တယ်။ထူးဆန်းတာတစ်ခုက ဘေးက ပြောင်းဖူးပေါင်းဘဲ ရောင်းတဲ့အမကြီးက ပိုရောင်းကောင်းနေတာတွေ့ရတယ်။
ကျွန်တော်လည်း ပထမတော့ ဘာကွာလို့လည်းပေါ့။အဲ့တာနဲ့နောက်အခေါက်တွေ မှာ မစုံပေမဲ့ရောင်းကောင်းတဲ့အမကြီးဆီမှာ ၀ယ်စားကြည့်တော့လည်း ဘာမှသိပ်မကွာပါဘူး။ပြောင်းဖူးအရည်အသွေးလည်းအတူတူ၊စျေးလည်းအတူတူပါဘဲ အများကြီးကွာတယ်လို့မခံစားမိပါဘူး။အဲ့တာနဲ့ နောက်အခါတွေမှာလည်း တစ်ဦးကိုသုံးခါစီလောက်၀ယ်စားကြည့်လိုက်တယ်။အဲ့ဒီတော့မှ ထူးဆန်းတာလေးတစ်ခုတွေ့ခဲ့တယ်။ပြောင်းဖူး ရဲ့အဖျားပိုင်း(ဖင်ပိုင်း)မှာရှိတဲ့ အမွှေးလေးတွေကို ဖြတ်ထားတာဗျာ။နောက်ပြီးပြောင်းဖူး ပြုတ်တဲ့အခါ ပြောင်းဖူးခွံအနောက်ပိုင်းပြုတ်အိုးရဲ့ဖင်နဲ့ထိလို့ မီးကျွမ်းတဲ့နေရာလေးကိုပါ ကပ်ကြေးလေးနဲ့ညှပ်ထားသေးဗျာ။
ပြောင်းဖူးသိပ်ကြိုက်တဲ့ ကျွန်တော်အတွက်ကတော့ စျေးကအပြန် လမ်းမှာ ပြောင်းဖူးစားသွားတတ်တဲ့အကျင့်ရှိပါတယ်။အဲ့ဒီလို စားသွားတဲ့အခါမှာ ပြောင်းဖူးမွှေးတွေနဲ့ဆို လုံး၀အဆင်မပြေပါဘူး။ပူပူလောလောကြီး စားရတဲ့အပြင်ကိုပါးစပ်မှာကပ်ပါလာတဲ့ အမွှေးတွေကြောင့် တထွီထွီနဲ့ဖြစ်နေပါတယ်။ပြောင်းဖူးမွှေးတွေဖယ်ပြီးတော့အခွံကိုပြန်အုပ်တဲ့အခါမှာလည်း သပ်သပ်ရပ်ရပ်ကလေးရှိတယ်။မီးကျွမ်းတဲ့ပြောင်းဖူးခွံအနောက်ပိုင်းတွေကိုလည်းသေသေချာချာကလေး ဂရုတစိုက်နဲ့ ညှပ်ပေးထားတာကလည်း စားသုံးသူအပေါ်တန်ဖိုးထားရာရောက်တယ်လို့ ထင်ဟပ်စေတယ်။ထိုတော့မှကျွန်တော်တွေးမိပါတယ်။ဒါကြောင့် ဒီအမကြီးရောင်းကောင်းနေတာကိုး။နောက်ပိုင်းကစ ပြောင်းဖူးဆို အဲ့ဒီအမကြီးဆီမှာဘဲ၀ယ်စားဖြစ်ပါတယ်။
ကျွန်တော်ဒီနေရာမှာတစ်ခုကိုသတိရမိပါတယ်။ကဗျာဆရာ ဆရာကြီးဦးအောင်သင်း ပြောဖူးတဲ့ အရာလေးပါ။ အဲ့တာလေးက "ဓားရှည်မရှိဘူးဆိုရင် ဓားရှည်ကိုတောင်းတ မနေပါနဲ့။ကိုယ့်မှာရှိတဲ့ဓားတိုကလေးနဲ့ ရှေ့တလှမ်းတိုးခုတ်လိုက်ပါ"တဲ့။ အခု အဲ့ဒီအမကြီးကလည်း ဆရာကြီးဦးအောင်သင်းပြောလိုပါဘဲ။သူ့မှာအရင်းအနှီးအများကြီးမရှိပေမဲ့ စေတနာလေးထည့်ပြီးရှေ့ကိုတလှမ်းတိုးခုတ်လိုက်တာပါ။စာဖတ်သူတို့လည်း ကိုယ့်မှာလုပ်လက်စ အလုပ်ကလေးတွေရှိတဲ့အခါ အရင်းအနှီးအများကြီးမရှိလို့ အရင်းအနှီးသာလုံလုံလောက်လောက်ရှိရင် အစိမ်း၊အပြုတ်၊အကင် အကုန်စုံနေအောင်တင်နိုင်မှာ ဒါဆိုဘယ်လို၀ယ်လက်မျိုးကို မဆို လက်မလွတ်တော့ဘူးလို့မတွေးလိုက်ပါနဲ့။ကိုယ့်မှာရှိတဲ့ဓားတိုကလေးနဲ့ဘဲရှေ့တလှမ်းတိုးခုတ်လိုက်ပါ။ကိုယ်တတ်နိုင်တဲ့အတိုင်းအတာလေးကိုဘဲ စေတနာပါပါနဲ့ လုပ်ပေးခြင်းအားဖြင့် ဝယ်လက်တွေကိုဖိတ်ခေါ်ရာရောက်ပါတယ်။
#မိုးနှောင်းအလင်္ကာ
Keep Reading