Kaung Hein Soe - Strategic

ရှယ်ယာထည့်ဝင်ရင် လတိုင်း ၁၀% နဲ့အထက် ပေးမယ်ဆိုတော့ တကယ် လုပ်လဲလုပ်ရ ငွေလဲထည့်ရတဲ့ လုပ်ငန်းရှင် အနေနဲ့က သူ့အတွက်လဲကိုက်အောင် တစ်လ အနည်းဆုံး ၂၀% နဲ့အထက်တော့ မြတ်မှ ဖြစ်ပါလိမ့်မယ်။
.
ဒီလိုလုပ်ငန်း တစ်ခုလုပ်နေတဲ့သူက အမြတ် ၂၀% ၃၀% လောက် အမြဲရနေမယ်ဆိုရင် အဲဒီ အမြတ်ကိုပဲ စုထားပြီး Retain Earning အနေနဲ့ လုပ်ငန်းထဲပြန်ထည့်ရင် တဖြည်းဖြည်းလုပ်ငန်းက ပိုကြီးလာမှာပါပဲ။ ဒီတော့ ဘာလို့ တခြားသူကို ရှယ်ယာအနေနဲ့ လုပ်ငန်းပိုင်ဆိုင်မှုကိုရော အမြတ်ကိုရော ခွဲပေးမလဲ။
.
နောက်တစ်ချက် ...ရှယ်ယာ ရှင်ဆိုတာလုပ်ငန်းကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တာပါပဲ။ ပိုင်တယ်ဆိုကတည်းက လုပ်ငန်းအကြောင်း အသေးစိတ်ပေး သိရပါတော့တယ်။ မပေးသိလဲ ရှယ်ယာရှင်က မေးမြန်း စစ်ဆေးခွင့်ရှိပါတယ်။ ဆိုတော့ ကိုယ်လုပ်နေတဲ့ နည်းလမ်းတွေ၊ အဖိုးတန် data တွေ Idea တွေ Strategy တွေကို ပေးသိရမှာပါပဲ။ ဒီတော့ လိုင်းပေါ်က တွေ့သမျှ လူကို ငွေထည့်တိုင်း ပေးသိမလား။ ငွေပဲ ချေးတော့မှာပေါ့။
.
နောက်တစ်ခါ တကယ်ပဲကိုယ့်လုပ်ငန်းက အမြတ်တွေ ထွက်နေတယ်ဆိုရင် တစ်လကို ၁၅% ၂၀% ရှယ်ယာရှင်ခေါ်မယ့်အစား အလွတ် ၁၀ တိုးနဲ့ ငွေချေးပြီးလုပ်တာ ပိုမကိုက်ဘူးလား။
.
ငွေတစ်လုံးတစ်ခဲထဲ ရချင်လို့ လို့ပြောမယ်ဆိုရင်လဲ ဒါဆိုရင် မိမိ တကယ်လည်ပတ်နေတဲ့လုပ်ငန်းနဲ့ အမြတ်ကိုပြပြီး တစ်ခါထဲ သိန်းရာချီ ထောင်ချီထည့်မယ့်သူ သုံး. လေးယောက်ကိုပဲ ချပြီး စည်းရုံးတာပိုမလွယ်ဘူးလား။ ဘာလို့ ၁သိန်း ၅သိန်းလေးတွေ အယောက်ရာချီပြီး ခေါ်မလဲ။
.
ဒါမှမဟုတ် အပေါင်ပစ္စည်းတင်ပြီး ဘဏ်ချေးငွေပဲ ယူတာပိုမကိုက်ဘူးလား
.
နောက်တစ်ခါရှယ်ယာ ခေါ်လို့ ငွေနိုင်တဲ့ ရှယ်ယာရှင်က သူ့ငွေနဲ့သူ လုပ်ငန်းတူ တစ်ခုထပ်ထောင်သွားရင်ရော...
.
ဒါ့အပြင် လုပ်ငန်းဆိုတာ အပင် စိုက်သလိုပဲရယ်။ အပင်လေး သေးတုန်းမှာ အသီး နည်းနည်းပဲသီးပေမယ့် အပင်ကြီးလာရင်လာသလို အသီးတွေပိုရမယ်။ ဆိုတော့ လုပ်ငန်းသေးချိန်မှာ ရှယ်ယာထုတ်ရောင်းတာထက် လုပ်ငန်း ကြီး တန်ဖိုးတက်လာတော့မှ ရှယ်ယာထုတ်ရောင်းတာက ပိုကိုက်ပါတယ်။ ဆိုတော့ ဘာလို့ရှယ်ယာ ခေါ်မလဲ။
.
ရှယ်ယာ ရှင်တွေများလို့ လုပ်ငန်းပိုင်ဆိုင်မှုတွေ ပေးထားရပြီး နောက်ဆုံး ကိုယ့်လုပ်ငန်းအပေါ် ဝင်ရောက်စွက်ဖက်မှုတွေဖြစ်၊ နားမလည်ပဲဝင်ပြော စတဲ့ အုပ်ချုပ်မှုဆိုင်ရာတွေ ၊ လစဉ် ရှင်းလင်းတင်ပြရတဲ့ ပိုလာမယ့် ကိစ္စတွေ ဒါတွေကိုရော လုပ်မှာလား။
.
.
ကျွန်တော့် ရှယ်ယာပါတဲ့လုပ်ငန်းတွေ အတော်များများမှာ ထည့်ချုပ်ကြတဲ့ တစ်ချက်ကတော့ တကယ်လို့ လက်ရှိရှယ်ယာ ပိုင်သူ တစ်ဦးဦးက သူပိုင် ရှယ်ယာတွေကိုထုတ်ရောင်းမယ်ဆိုရင် အရင်ဆုံးလက်ရှိ ရှယ်ယာပိုင်သူတွေကိုသာ အရင်ရောင်းရမယ် အတွင်းစည်းပေါ့ဗျာ ။ မဝယ်ဘူးဆိုတော့မှ ရှယ်ယာပိုင်သူတွေ သိကျွမ်းတဲ့သူ ဖြစ်ဖြစ် သူငယ်ချင်းဖြစ်ဖြစ် အပြင်မရောက် တရောက်စည်းကို ရောင်းမယ်လို့ သဘောတူ စာချုပ်ချုပ်ထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လုပ်ငန်းထဲကို ကိုယ်မသိတဲ့အထာ မပေါက်တဲ့သူစိမ်းတစ်ယောက် ဝင်လာပြီး ဟာမိုနီ ထပ်ညှိနေဖို့ ဘယ်သူကမှ မလိုလားလို့ပါပဲ။
.
ဒီမေးခွန်း အချက်တွေကြောင့် လုပ်ငန်းရှင်တိုင်းဟာ ရှယ်ယာ ခေါ်ဖို့အတွက် အသေအချာစဉ်းစား ကြရလေ့ရှိပါတယ်။ ကိုယ်ပြုစုထားတဲ့ လုပ်ငန်းကို ရှယ်ယာ ထုတ်ရောင်းတယ်ဆိုတာ အသားဖဲ့ပေးရသလောက် နီးနီး စဉ်းစားကြရပါတယ်။
.
.
.
အိုကေ..ဒါဆို ဘာကြောင့်ရှယ်ယာ ခေါ်ကြသလဲ။. (ကျွန်တော့်အတွေ့အကြုံအရသာဖြစ်ပြီး နိုင်ငံတကာ စံနှုန်း မဟုတ်ပါ)
.
ပထမ အချက်က Risk ကိုမျှပြီး ခံကြဖို့အတွက်ပါပဲ။ တကယ်လို့ ကိုယ့်မှာ သိန်း ၁၀၀ နဲ့လုပ်ငန်းလေး တစ်ခုစမယ်။ ရှိတာကလဲ သိန်း ၁၀၀ ပဲ တစ်သက်လုံးစုထားတာ။ မတော်လို့ရှုံးသွားရင် ၁၀၀ လုံးကုန်သွားနိုင်တယ်။ ဒါကြောင့် Funding လုပ်ပေးမယ့် share ရှင် ရှာလေ့ရှိပါတယ်။ တကယ်လို့ လုပ်ငန်းက အောင်မြင်သွားရင်လည်း အကျိုးအမြတ်တွေကို အတူတကွ ခံစားကြမယ်။ ဆုံးရှုံးရင်လည်း အတူတူ မျှခံကြမယ်ပေါ့။ ဒီတော့ လုပ်ငန်းလုပ်မယ့်သူကလဲ သူလုပ်မယ့် အလုပ်ကို တကယ်ကျွမ်းကျင်ဖို့လိုသလို ရှယ်ယာရှင်ကလဲ စီးပွားရေးအကြောင်းနားလည်ပြီး ဘယ်ဒင်းကတော့ အလုပ်ဖြစ်မယ် ဘယ်ဟာကတော့ အာပလာပါဆိုတာကို သိနိုင်တဲ့ Sense ရှိ ဖို့လိုပါတယ်။
.
ဒါ့အပြင် Risk ရှိတယ်ဆိုတာကိုနားလည်ဖို့လိုပါတယ်။ များသောအားဖြင့် ဒီအခြေအနေက မစတင်ရသေးတဲ့ လုပ်ငန်းမျိုးတွေ အတွက်ပါ။ အဲဒီလိုအခြေအနေမှာ လုပ်ငန်း လုပ်တဲ့သူက Pitch Presentation ဆိုတဲ့ ရှယ်ယာရှင် စိတ်ဝင်စားဖို့ လုပ်ငန်းအကြောင်း Business Plan အကြောင်းတွေ အသေးစိတ်ရှင်းပြရလေ့ရှိပါတယ်။ ဒီလိုရှင်းမပြခင်မှာ လုပ်ငန်း Idea တွေကို မပေါက်ကြားစေဖို့ လုပ်ငန်းလုပ်မယ့်သူက ရှယ်ယာထည့်မယ်သူ့ကို NDA ဆိုတဲ့ Non-Disclosure Agreement ထိုးခိုင်းလေ့ရှိပါတယ်။
.
ဒုတိယ အချိန်ကတော့ လုပ်ငန်းလေးက လည်ပတ်နေပြီး အမြတ်လေးလဲ ထွက်နေပြီ ၊ ဒီအချိန်မှာ ပိုကြီးထွားလာ ပြီးစနစ်တကျဖြစ်ဖို့၊ အတွက် ခေါင်းတစ်လုံးထဲ စဉ်းစားတာထက် ခေါင်းများများနဲ့ ဝိုင်းကူ စဉ်းစားဖို့ ရှယ်ယာ ထုတ်ရောင်းတတ်ပါတယ်။ ဥပမာ ကျွန်တော့်ကိုဆိုရင် ရှယ်ယာထည့်ဖို့ လုပ်ငန်းရှင်အချို့က ကမ်းလှမ်းလေ့ရှိပါတယ်။ ကျွန်တော်လဲ ရှယ်ယာပါ အမြတ်လဲရနေတဲ့ လုပ်ငန်းက ကျွန်တော့်ဆီကနေ အကြံပေးချက်တွေ၊ Strategy တွေ စနစ်တွေ လုပ်ထုံးလုပ်နည်းတွေ Network တွေ၊ အတွေ့အကြုံတွေရရင် ပိုပြီး လုပ်ငန်းတိုးတက်လာမယ်လို့ယူဆကြတာကြောင့်ပါပဲ။
.
တတိယ အချက်ကတော့ လုပ်ငန်းက အောင်မြင်လည်ပတ်နေပြီ။ ဒါပေမယ့် နောက်ထပ် ပိုပြီး ဈေးကွက်ကို ချဲ့ထွင်ဖို့အတွက် တစ်ခုခုလိုနေတယ်ပေါ့။ ဆိုလိုတာကနောက် Level အဆင့်တက်ဖို့ နည်းပညာဖြစ်ဖြစ်၊ လုပ်ထုံးလုပ် နည်းဖြစ်ဖြစ်၊ Resources တွေဖြစ်ဖြစ်ပေါ့။ အဲဒီလိုအချိန်မှာ ဒီလိုအပ်တာတွေကို ပေးနိုင်မယ့်လူ သို့မဟုတ် လုပ်ငန်းကြီးဆီကို ရှယ်ယာ ထုတ်ရောင်းကြပါတယ်။ ဒီအခါမှာတေ့ာ လုပ်ငန်းဟာ ပိုပြီး အကြီးအကျယ် တိုးတက်အောင်မြင်သွားနိုင်တယ်ပေါ့။
.
စတုတ္ထကတော့ Public လုပ်ငန်းအဖြစ် Stock Exchange တင်တဲ့အခါမှာ အများအပြား ပြည်သူတွေကို ထုတ်ရောင်းပါတယ်။ ဒါကတော့ လုပ်ငန်းကြီးတွေ လုပ်နေကျပုံစံပါပဲ။
.
.
.
တကယ်ကတော့ ရှယ်ယာ ထည့်ဝင်လုပ်ဆောင်တယ်ဆိုတာ ကောင်းမွန်တဲ့ အလုပ်ပါပဲ။နိုင်ငံတကာမှာလည်း ဒီလို နည်းလမ်းနဲ့ပဲ လုပ်ငန်းတွေထူထောင်ပြီး ကြီးပွားသွားကြတော့တာပါပဲ။ ဒါပေမယ့် ဒီနိုင်ငံမှာလို ရှယ်ယာနဲ့ငွေချေးတာကိုတောင် မကွဲတဲ့ အခြေအနေတစ်ရပ်မှာ အတုအယောင် ရှယ်ယာခေါ်သူတွေ အများအပြား ပေါ်ပေါက်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် Investment စလုပ်စဉ် နုစဉ်အခါက ၂ခါ ၃ခါ ခံလိုက်ရတာတွေ ရှိတယ် ဆိုတော့ တခြားသူများဆိုရင် ပြောစရာကိုမလိုလောက်တော့ပါဘူး။
.
.
.
ဘယ်လိုလူဆီ ရှယ်ယာထည့်မလဲ….(ဒါလဲ ကိုယ့်အတွေ့အကြုံပါပဲ...သိန်းရာချီပြုတ်ပြီးမှ ထုတ်ထားတဲ့ သီအိုရီပေါ့လေ)
.
.
နံပါတ်တစ်ကတော့ သူ ဘယ်လောက်ရှာနိုင်လောက်လဲပေါ့။ ရှာနိုင်လောက်အောင် ဘာSkillတွေ အတွေ့အကြုံတွေ လုပ်သက်တွေ ပညာတွေ တတ်သလဲ ဆိုတာကိုကြည့်ပါတယ်။
.
နှစ်ကတော့ ကိုယ့်ကျင့်တရားပေါ့။ အရင်က လိမ်ဖူးလား။ နာမည်ပျက်ရှိလား ဘာညာပါ။ ဘယ်လောက်အထိ ယုံလို့ရမလဲ။ ငွေပမာ ဘယ်လောက်အထိ စိတ်ချနိုင်မလဲ။ ဂုဏ်သိက္ခာ ကြီးသူလားဆိုတာပါ။
.
သုံးကတော့ သူလုပ်မယ့် လုပ်ငန်းပေါ့ တစ်နည်းအားဖြင့်တော့ Business Plan ပါပဲ ဒါက ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဘယ်လောက်မြတ်မလဲ ကိုက် မကိုက် ကိုကြည့်ဖို့လိုပါတယ်။
.
လေး ကတော့ ပြင်ပအခြေအနေပါ အခုလိုကိုဗစ်ကာလ မပြီးသေးချိန် ထလုပ်ရင် စတာနဲ့ ထီခနဲကွဲမယ့် အနေအထားလားပေါ့
.
ငါးကတော့ ကိုယ့်အခြေအနေပါ။ ရှယ်ယာဆိုတာ ရေရှည်သဘောပိုသက်ရောက်ပါတယ်။ ကိုယ်ထည့်ထားရမယ့်ငွေကို အနည်းဆုံး ၁ နှစ် ၂နှစ်လောက် ထည့်ထားလို့ အဆင်ပြေနိုင်လားပေါ့။
.
ခြောက်ကတော့ ထည့်ရမယ့် ငွေပမာဏပါ။ အဲဒီ ပမာဏလောက် ဆုံးရှုံးမယ်ဆိုရင် ကိုယ် ဘယ်လောက် ခံစားထိခိုက်နိုင်မလဲ။
.
ခုနစ် ကတော့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းအနေအထားပေါ့။ ငွေကြေးအခြေအနေ ရှင်းတမ်းတွေ စစ်ဖို့လိုပါတယ်။ သူလုပ်ငန်းက အကြွေးတွေ ပိနေလို့ ကိုယ့်ကို ရှယ်ယာခေါ်တာမျိုးလဲ ရှိတတ်ပါသေးတယ်။ ရှယ်ယာလဲထည့်လိုက်ရော သူကတော့ အကြွေးဆပ်ပြီး ပျော်၊ ကိုယ်ကတော့ ..ဆုံးရှုံးခြင်းသာရရှိခဲ့ပြီ...ဆိုတဲ့ အာဇာနည် သီချင်းလိုဖြစ်ကရော
.
ဒီအချက်တွေကို ၁ ကနေ ၁၀ အတွင်း အမှတ်လေးတွေပေးကြည့်လိုက်ပါ။ ဒါတွေအားလုံး အိုကေလောက်တယ် ဆိုရင်တော့ ဘာပြောကောင်းမလဲဗျာ..တွယ်ပေါ့။
.
.
.
ဘာတွေ သတိထားရမလဲ။
.
.
ရှယ်ယာရှင်သဘောတူစာချုပ် သေချာချုပ်ပါ။ ဘယ်လောက်ရင်းနှီးတယ်ပြောပြော ပြသနာဖြစ်လို့ တရာရုံးရောက်တဲ့အခါ စာရွက်စာတမ်းကသာ ကိုယ့်ကို သက်သေခံနိုင်တာဖြစ်ပါတယ်။
.
ကိုယ့်ဖက်က ရှယ်ယာ အကြောင်းနားလည်တဲ့ ရှေ့နေ့တစ်ဦး ငှားပါ။ ငွေကုန်တာထက် ဥပဒေအရ စာချုပ်ခိုင်မာဖို့ နည်းလမ်းမှန်ဖို့. ဟာကွက်တွေစစ်ဖို့ လိုအပ်ပါတယ်။ ရှေ့နေပါရင်ပြီးရော မဟုတ်ပါဘူး ။သူ့ဖက်က ငှားရမ်းထားတဲ့ ရှေ့နေက သူ့အကျိုးအတွက်ပိုပြီးရှေးရှု ရမှာပါပဲ။
.
Exit Plan လေးတွေပါ ထည့်ချုပ်ပါ။ ဥပမာ လုပ်ငန်းက ၆လ ဆက်တိုက် အရှုံးပေါ် ရင် ဘယ်လိုလုပ်မလဲ။ ဒါ့အပြင် လုပ်ငန်းကိုစီမံမှာက ဘယ်သူလဲ။ ရှယ်ယာရှင်က ဘယ်လို Rights တွေ ရှိမလဲ။ အမြတ်ငွေ ခွဲဝေမှု ဘယ်လို ဆုံးဖြတ်မလဲ၊ ဒါတွေလိုအပ်ပါတယ်။
.
.
.
ကျွန်တော်ပြောနေကျ စီးပွားရေး Concept တစ်ခုရှိပါတယ် ဒါကတော့ Profit နဲ့Risk ဟာ တိုက်ရိုက်အချိုးကျပါတယ်။ ဆိုလိုတာက အမြတ်များများရမယ် ဆိုရင် Risk ဆိုတဲ့ ကိုယ့်ငွေ ဆုံးရှုံးနိုင်ချေကများပါတယ်။ တစ်လ ငါးကျပ်တိုးလောက်ရမယ်ဆိုရင်ကို ဒါဟာ အမြတ်များနေတယ်လို့ ဆိုနိုင်နေပါပြီ။
.
ဆိုတော့ဗျာ…အမြတ်တွေလဲ လတိုင်းအများကြီးရမယ်… ကိုယ့်ငွေလဲ ဆုံးရှုံးမှု လုံးလုံးမရှိဘူး အာမခံချက် အပြည့်ရှိတယ်လို့ ခင်ဗျားကိုတစ်ယောက်ယောက်က ပြောလာခဲ့ရင်တော့ ခင်ဗျားအနေနဲ့ လုပ်စရာတစ်ခုပဲ ရှိပါတယ်။ ဒါကတော့ သူ့မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး အားရပါးရသာ ပြုံးပြလိုက်ဖို့ပါပဲ။
.
.
.
.
.
.
.
လူအချင်းချင်းလှည့်ပတ်ခြင်း. ကင်းရှင်းကြပါစေ။
.
Kaung Hein Soe – Strategic
Professional Management Trainer
Keep Reading