Author's Profile Photo

Kaung Hein Soe - Strategic

6/04/2026

အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့...

3 mins read
Business
General Knowledge
Finance
အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့...'s photo

စီးပွားရေး လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ပြီး အောင်မြင်နေဖို့အတွက် အချက်အလက်ပေါင်းများစွာကို ထိန်းကြောင်းပေးနေဖို့ လိုအပ်လှပါတယ်။ လုပ်ငန်းတစ်ခုကို စတင်လိုက်ဖို့ဆိုတာ အတော်လေးလွယ်ပါတယ်။ လက်ထဲမှာသာ အရင်းအနှီးရှိရင် အခုချက်ချင်း လုပ်ငန်းတစ်ခု စလိုက်လို့ ရပါတယ်။ နောက်ဆုံးအရင်းအနှီးမရှိဘဲ တောင်မှ လုပ်ငန်းတစ်ခု စတင်လို့ရတဲ့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။ ဒီလို စတင်ဖို့ လွယ်ပေမယ့် ရေရှည် ရပ်တည်နေနိုင်ဖို့ကျတော့ နည်းနည်း ခက်ခဲသွားပါတယ်။ ဒါကိုမှ ရေရှည်လဲ ရပ်တည်နိုင်မယ် တစ်နှစ်ထက် တစ်နှစ်လဲ ဆက်တိုက် ကြီးထွားလာရဖို့ကတော့ ပိုပြီး ခက်ခဲသွားမှာ ဖြစ်ပါတယ်။
.
လုပ်ငန်းတစ်ခုအတွက် ဒီလို အခြေအနေကိုရဖို့ အဓိကအားဖြင့်ကတော့ အချက်နှစ်ချက်ကို ထိန်းကျောင်းနေရလေ့ရှိပါတယ်။ ပထမ တစ်ခုကတော့ လုပ်ငန်းရဲ့ Ability to generate income ဆိုတဲ့ ဝင်ငွေ ရှာဖွေနိုင်စွမ်း ဖြစ်ပါတယ်။ ဒုတိယကတော့ Financial Health ဆိုတဲ့ ခိုင်မာတောင့်တင်းမှု ကျန်းမာ ကြံ့ခိုင်မှုပါပဲ။
.
ပထမ တစ်အချက်အနေနဲ့ လုပ်ငန်းက ငွေတွေ ဘယ်လောက် ရှာဖွေ နိုင်ပါစေ ခိုင်မာတောင့်တင်းမှု မရှိရင် တစ်နည်းအားဖြင့် အကြွေးတွေနဲ့ လည်ပတ်နေရတယ်ဆိုရင် အချိန်မရွေး ပြိုလဲသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ ငွေကြေးတွေ အများအပြား အရင်းအနှီးအဖြစ်ရှိနေပေမယ့် ဒါတွေကို မြတ်စွန်းအောင်၊ ထိုက်သင့်တဲ့ အမြတ် ပမာဏရအောင် မလုပ်ဆောင်နိုင်ဘူးဆိုရင်လည်း လုပ်ငန်းလုပ်ရတာ မတန်တော့ဘူးလို့ ဆိုရမှာပါပဲ။ ဒီအတွက် ဒီနှစ်ချက်ကို ဟန်ချက်ညီအောင် ထိန်းနေဖို့လိုပါတယ်။
.
.
စီးပွားရေးလောကမှာ အချိန်အခါဆိုတာရှိပါတယ်။ မိုးရွာတုန်းရေခံ ဆိုသလို ဈေးကွက်က ကောင်းနေတုန်း Demand တွေ များနေတုန်းမှာ ဒါကို ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်ဖို့လိုပါတယ်။ ဒီလို ဖြည့်ဆည်းပေးနိုင်ရင်အမြတ်အစွန်း ကောင်းကောင်းရပြီးလုပ်ငန်းလဲ ထောင်တက် သွားနိုင်တာပါပဲ။ ဒါပေမယ့် ဈေးကွက်ကကောင်းနေချိန်မှာ ကိုယ့်လုပ်ငန်းက အရင်းအနှီး မရှိဘူးဆိုရင် သူများတွေ မြတ်နေတာကိုပဲ တောက် တစ်ခေါက်ခေါက်နဲ့ ထိုင်ကြည့်နေရတော့တာပါပဲ။ ဒီလို မဖြစ်ဖို့အတွက် လုပ်ငန်းတွေဟာ ချေးငွေတွေ အကြွေးတွေ ရယူကြလေ့ရှိပါတယ်။ သိန်းတစ်ရာရင်းပြီး လုပ်လို့ တစ်လ ဆယ်သိန်းမြတ်မှာ သေချာတဲ့အခါ တစ်လ သုံးသိန်း သုံးကျပ်တိုးနဲ့ သိန်းတရာချေးပြီး လုပ်လိုက်ရင် ၇သိန်းရမှာဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းတွေဟာ အကြွေးတွေ ရယူကြလေ့ရှိရပါတယ်။
.
ပုံမှန်အားဖြင့်တော့ အကြွေးရယူပြီး လည်ပတ်တာကို အားပေးပါတယ်။ ဥပမာ ငွေကြေးဖောင်းပွမှုတွေ များတဲ့ အချိန်မှာ ဘဏ်တိုးနှုန်း ၁၀% လောက် ပေးပြီး ချေးငွေနဲ့ လုပ်ငန်းလည်ပတ်တာမျိုးဟာ ပုံမှန်အချိန်ထက် ပိုကိုက်နေတတ်ပါတယ်။ ဒါ့အပြင် ဈေးကွက်ကောင်းတုန်း Timing ကိုက်တုန်း ငွေချေးပြီး အောလိုက်တာကလဲ မြိုးမြိုးမြက်မြက်ရစေလေ့ရှိပါတယ်။
.
သတိပြုရမှာကတော့ အကြွေး ရယူလိုက်လေလေ လုပ်ငန်းရဲ့ ကြံခိုင်မှု Financial Health က အားနည်းလာလေလေဆိုတာဖြစ်ပါတယ်။ ဥပမာ မ,တည်ရင်းနှီးငွေ သိန်းတစ်ထောင်ရှိတဲ့ လုပ်ငန်းကြီးက အကြွေး သိန်း ၁၀၀ ရှိရာကနေ သိန်း ၂၀၀ ဖြစ်လာမယ်ဆိုရင် ငွေကြေးတောင့်တင်းမှု အားနည်းလာတယ်လို့ ယူဆလို့ရပါတယ် ။တကယ်လို့သာ ထင်သလို အမြတ်မထွက်ခဲ့ရင် အကြွေးတွေကို ပြန်မဆပ်နိုင်တဲ့အပြင် အတိုးကိုပါ အပိုပေးဆပ်ဖို့ခက်ခဲလာတတ်ကာ ငွေကြပ်သွားတတ်ပါတယ်။ ဒီအခါမှာ လုပ်ငန်းပိုင်ဆိုင်မှုတွေကို ထိုးပေးရတတ်လို့ လုပ်ငန်းတစ်ခါတည်း ပြိုလဲသွားတတ်ပါတယ်။
.
ဆိုတော့အကြမ်းအားဖြင့် အများဆုံး Liability ဆိုတဲ့ ပေးရန်ရှိ အကြွေးတွေဟာ လုပ်ငန်းတစ်ခုရဲ့ ပိုင်ဆိုင်မှု တန်ဖိုး စုစုပေါင်းထက် ၃၀% အောက်သာ ရှိနေတာ သင့်တော်ပါတယ်။ လုပ်ငန်းသဘော သဘာ၀အရ အကြွေး ပမာဏ ဒီထက်များတဲ့ လုပ်ငန်းတွေလည်း ရှိတတ်ပါတယ်။ ၃၀% ထက် အကြွေး ပမာဏ ပိုများနေတယ်ဆိုရင်တော့ ပိုမိုတင်းကျပ်တဲ့ Risk Management Plan တွေ လုပ်ငန်းမှာ ရှိနေဖို့လိုပါတယ်။
.
ဒါဆိုရင် ကြံ့ခိုင်မှုကောင်းအောင် လုံး၀ အကြွေးမရှိဘဲ ကိုယ်ပိုင်ငွေနဲ့ လည်ပတ်ရင်ရောကောင်းလားဆိုရင် မကောင်းဘူးလို့ပဲဖြေရပြန်မှာပါပဲ။ ဒါကိုကျ Financing အားနည်းတယ်လို့ ဆိုကြလေ့ရှိပြီး Leverage မရှိတဲ့ Leverage ကိုမသုံးတတ်တဲ့ လုပ်ငန်းလို့ နာမည်တပ်ကြပါတယ်။ ဥပမာ သိန်းတစ်ထောင်နဲ့ လုပ်ငန်း စလည်ပတ် မယ် ဆိုပါစို့။ လုပ်ငန်းအတွက် နေရာတွေ ငှားမယ် လိုတာတွေ ဝယ်ဖို့ သုံးရစွဲရပါတော့မယ်။ အဲဒီလိုအစား ဒီသိန်းတစ်ထောင် နဲ့ အိမ်တစ်လုံးဝယ်လိုက်မယ် အဲဒီအိမ်မှာပဲ ရုံးခန်းဖွင့်မယ် ဒီအိမ်ကိုပဲ ဘဏ်မှာ အပေါင်ထားပြီး ဘဏ်ချေးငွေပြန်ရယူမယ် အဲဒီချေးငွေ နဲ့ လုပ်ငန်းကိုပြန်လည်ပတ်မယ် ၊ လုပ်ငန်းက အမြတ်နဲ့ ချေးငွေကို ဖဲ့ဆပ်သွားမယ် ဒါဆို လုပ်ငန်းလည်း လည်ပတ်နိုင် အမြတ်လဲရ အိမ်တစ်လုံးလဲပိုင်၊ အိမ်ဈေးတက်တာလည်းမြတ် ဆိုတာမျိုး လုပ်ဆောင်နေကြတာ အများအပြားရှိပါတယ်။
.
ဆိုတော့ အကြွေးဆိုတာ အသုံးချတတ်ရပါတယ်။ ချေးငွေတွေကို ကိရိယာ တစ်ခုအဖြစ် အသုံးပြုတတ်ရပါတယ်။
.
.
နောက်တစ်ခုကတော့ ငွေရှာနိုင်စွမ်း Ability to generate income ပါပဲ။ သိန်းတစ်ထောင်နဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတူ နှစ်ခုမှာတောင်မှ ငွေရှာဖွေနိုင်စွမ်းက မတူနိုင်ပါဘူး။ တစ်ခုနားလည် ထားဖို့လိုတာကတော့ ရောင်းရတိုင်း မြတ်တာ မဟုတ်ဘူး ဆိုတာပါပဲ။ ရောင်းအားတွေ ကောင်းပေမယ့် အကြွေး ကောက်မရတာ၊ လည်ပတ်စရိတ်တွေ များသွားတာ၊ Expenses အပိုတွေ ရှိနေတာ၊ အလေအလွင့်များတာတွေရှိရင် ရောင်းရပေမယ့် အသားတင်အမြတ်က နည်းနေဦးမှာပါပဲ။
.
နောက်တစ်ခါ အကြွေးကို အသုံးမချနိုင်ရင်လည်း အမြင့်ဆုံး အမြတ်ကို မရနိုင်သေးပြန်ပါဘူး။ ဆိုတော့ လူ တစ်ယောက်လိုပါပဲ။ အလုပ်တွေကို နေ့မနား ညမနား ဖိလုပ်ပြီးငွေရှာမယ်ဆိုရင် ငွေတွေတော့ ရလာနိုင်ပေမယ့် ကျန်းမာရေး အားနည်းပြီး ထိခိုက်လာပါလိမ့်မယ်။ လူမပင်ပန်းအောင် အလုပ်တွေ လျော့လိုက်မယ်ဆိုရင်ကျတော့လဲ ငွေက ထိုက်သင့်သလောက် မဝင်ဘူးဆိုတာ ဖြစ်လာမှာပါပဲ။ ဒီတော့ ဒါကို ချိန်ညှိနေရဖို့လိုတာပါပဲ။
.
လုပ်ငန်းတစ်ခုမှာလည်း ဈေးကွက်ကောင်းနေတုန်းငွေ ရှာရမှာဖြစ်သလို ရေရှည်ရပ်တည်နိုင်ဖို့အတွက် Financial Health ကိုလည်း ဘယ်လို ထိန်းသိမ်းနေမလဲဆိုတာကို စဉ်းစားလုပ်ဆောင်နေရမှာ ဖြစ်ပါကြောင်း။
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ဖြတ်ကျော်စေနိုင်ပါတယ်။
.
.
Kaung Hein Soe – Strategic
Business Consultant

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့...အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်