Author's Profile Photo

Kaung Hein Soe - Strategic

18/02/2026

ငွေမစုတဲ့ သူဌေးများ

3 mins read
Business
General Knowledge
ငွေမစုတဲ့ သူဌေးများ's photo

ကျွန်တော့်ရဲ့ Page မှာ သိန်းတစ်ထောင် ပြည့်ဖို့ဘဏ်မှာ တစ်နှစ်ကို ဘယ်လောက်စုရမလဲဆိုတဲ့ ပိုစ့်လေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ဒီပိုစ့်လေးဟာ Compound Interest ရဲ့. Power ကိုသိစေနိုင်ဖို့နဲ့ လူအများကိုငွေစုချင်စိတ်ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်မျှဝေခဲ့တာလဲဖြစ်ပါတယ်။ အဲဒီ မျှဝေမှုလေးရဲ့အောက်မှာ ကြည့်ရှုသူများရဲ့ comment များစွာကို တွေ့ရှိရတဲ့ အနက်ကမှ ထူးခြားတဲ့ Comment လေးတစ်ခုကို သွားပြီးတော့ တွေ့ပါတယ်။ ဒါကတော့ သူဌေးတွေကသာ ငွေစုနိုင်တာပါဆိုတဲ့ comment လေးပါပဲ။
.
ဒီတော့ ဒါလေးကို ပြန်လည်မျှဝေသင့်တယ်လို့ယူဆတဲ့အတွက် ဒီစာကိုရေးဖြစ်တာပါပဲ။ ကျွန်တော့်ရဲ့ Personal Finance သင်တန်းတွေမှာ ကျွန်တော်ပြောလေ့ရှိတဲ့ ဆိုရိုးလေးတစ်ခု ရှိပါတယ်။ ဒါကတော့ Savers are Losers ဆိုတဲ့ စကားပါပဲ။ အဓိပ္ပာယ်ကတော့ အရှုံးသမားတွေသာ ငွေစကြတယ်ဆိုတာပါပဲ။
.
မှန်ပါတယ်။ ကျွန်တော်မှားရေးတာ မဟုတ်ပါဘူး။ တကယ်တော့ အရှုံးသမားတွေသာ ငွေစုကြပါတယ်။ နှစ်ရှည်လများကို ကျစ်ကျစ်ပါအောင်စုကြတာပါ။ ငွေစုထားနိုင်ပါတယ်ဆိုမှတော့ ဘယ်လိုအရှုံးသမား ဖြစ်မှာလဲ လို့ထပ်မေးရင်တော့ ကျွန်တော် သေချာရှင်းပြလိုပါတယ်။
.
အရင်ဆုံးကျွန်တော် မေးတာကို ဖြေကြည့်ပေးပါဦး။ တကယ်လို့ သင့်ကို သိန်း ၁၀၀ ပေးမယ်ဆိုရင် အဲဒီ သိန်း ၁၀၀ ကို ဒီနေ့ယူမလား။ နောက် ၁ နှစ်ကြာရင်ယူမလား၊ ဒါမှမဟုတ် နောက် ၁၀ နှစ် ကြာရင်ယူမလား။ အဲဒီအချိန် သုံးခုမှာ ဘယ်အချိန် ယူလိုက်တာက ကိုယ့်အတွက် အတန်ဆုံးဖြစ်မယ် ထင်ပါသလဲ…. သိန်း ၁၀၀ ရမှာ လုံးဝသေချာတယ် ဆိုရင်ပေါ့။
.
ကျွန်တော်ငယ်ငယ် မူလတန်းကျောင်းသား ဘဝတုန်းက မုန့်ဟင်းခါး အလွတ်တစ်ပွဲကို ၂ကျပ် ပေးခဲ့ရပါတယ်။ ပန်းကန်ကြီးအပြည့်နဲ့ရခဲ့သလို အဆစ်ပါထပ်တောင်းလို့ရပါသေးတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ မုန့်ဟင်းခါးတစ်ပွဲဟာ အနည်းဆုံး ၅၀၀ ၁၀၀၀ ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ငွေကြေးရဲ့တန်ဖိုး လျော့ကျသွားလို့ပါပဲ။ Finance ပညာရပ်အရပြောရရင်တော့ ငွေရဲ့ ဝယ်နိုင်စွမ်းအား Buying Power လျော့ကျသွားလို့ပါပဲ။ Buying Power ဘာလို့ကျရသလဲ ဆိုရင်ငွေကြေးဖောင်းပွမှုနှုန်းကြောင့် ဖြစ်ပါတယ်။ Inflation rate ကြောင့်ပါ။ ကုန်စျေးနှုန်းတက်တာ၊ သွင်းကုန်ပို့ကုန်ကွာဟတာ၊ နိုင်ငံစီးပွားရေး အခြေအနေ၊ အလုပ်လက်မဲ့နှုန်း၊ အစိုးရ ငွေရိုက်ထုတ်မှု၊နိုင်ငံခြားငွေ မာလာမှု...စတဲ့ အချက်ပေါင်းများစွာဟာ inflation ကိုဖြစ်နေစေပါတယ်။
.
အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ၁% ၂% နှစ်စဉ် ငွေကြေးဟာ တန်ဖိုးလျော့နေပြီး မြန်မာနိုင်ငံမှာတော့ နှစ်စဉ် ၁၀% ဝန်းကျင်လောက်ရှိနေပါတယ်။ ဆိုလိုတာကတော့ ဒီနေ့မှာ ငွေတစ်ရာနဲ့ ပစ္စည်းတစ်ခုကို ဝယ်လို့ရရင် အဲဒီအရည်အသွေးတူပစ္စည်းကို နောက်နှစ်မှာ ၁၁၀ ကျပ်နဲ့ ဝယ်မှ ရတော့မယ့်သဘောပါပဲ။ ငွေကြေး ဖောင်းပွမှုနှုန်းက ၁၀% ရှိနေတာကိုး။ ဒီတော့ ကုန်စျေးနှုန်းတွေက အမြဲ တက်နေဖို့သာ ရှိပါတယ်။
.
Savers are Losers ဆိုတဲ့ကိစ္စက ဒီမှာစပြီး ဖြစ်ပေါ်လာတာပါပဲ။ လူအတော်များများက ဘဏ်မှာ ငွေစုတဲ့အခါ တစ်နှစ်ကို ၈% (ယခုလက်ရှိ ၆% ဘဏ်မှငွေကြေးများ အပြင်သို့ ပြန်လည်ထွက်လာပြီး ငွေကြေးလည်ပတ်ကာ စီးပွားရေးတိုးတက်စေဖို့ ဗဟိုဘဏ်က ဘဏ်အတိုးအနှုန်းများကို အလျော့အတင်းပြုလုပ်လေ့ရှိပါတယ်) နှုန်းနဲ့ သုံးလတစ်ခါ ထည့်ပေးနေလေ့ ရှိပါတယ်။ ဆိုတော့ တကယ်လို့ သင်ဟာ ဘဏ်မှာ သိန်း ၁၀၀ ငွေထည့်ထားမယ်ဆိုရင် တစ်နှစ်ကို ၈% အတိုးနှုန်းနဲ့ သုံးလတစ်ခါ အတိုး ၂ သိန်းကျပ်ရနေမှာဖြစ်ပါတယ်။ တစ်လကို ၆သောင်း ဆိုပါတော့။
.
ဒီတော့ သုံးလ တစ်ခါ ၂ သိန်း ဆိုတဲ့ပမာဏကို ရတဲ့အခါမှာ များပြားတယ်လို့ယူဆမိကောင်း ယူဆမိပါလိမ့်မယ်။ ဒီတော့ သိန်း ၁၀၀ စုထားတဲ့ သင်ဟာ နှစ်ကုန်တဲ့အခါ အတိုး ၈ သိန်းနဲ့ ဘဏ်အကောင့်ထဲမှာ ၁၀၈ သိန်း ရှိနေတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အထက်ကဆိုခဲ့တဲ့ ငွေကြေး ဖောင်းပွမှုဟာ အဲဒီနှစ်အတွက် 10% သာရှိနေမယ်ဆိုပါစို့။ သင့်ရဲ့စုငွေ သိန်း ၁၀၀ ဟာ တစ်နှစ် ကြာချိန်မှာ ၁၀% တန်ဖိုးလျော့သွားကာ buying power ကျသွားမှာပါပဲ။ ၁၀% ဆိုတော့ ၁၀ သိန်း ဖိုးဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ စုငွေ သိန်း ၁၀၀ ဟာ ပမာဏအားဖြင့် သိန်း ၁၀၀ ဖြစ်နေပေမယ့် တန်ဖိုး buying power အားဖြင့်တော့ သိန်း ၉၀ သာ ရှိပါတော့တယ်။ အတိုးရတဲ့ ၈သိန်းနဲ့ပေါင်းတော့မှ ၉၈ သိန်း တန်ဖိုးသာ ဖြစ်နေပါလိမ့်မယ်။ ဒါတောင်မှ အတိုး ၈သိန်းရဲ့ inflation တိုက်စားမှုကို ထည့်မတွက်ပါဘူး။
.
ဆိုတော့ကာ တစ်နှစ်လုံးလဲ သင်က သိန်း ၁၀၀ ကို စုထားပါလျက် တစ်နှစ်စာ အတိုးကလဲ ၈ သိန်းတောင် ရနေပါလျက်နဲ့ တကယ်တမ်းကျတော့ ဆုံးရှုံးနေတာကို တွေ့ရပါလိမ့်မယ်။
.
ဒါဆိုရင် ဘဏ်မှာ ငွေမစုရတော့ဘူးလားဆိုတော့ ဒီလိုလဲမဟုတ်ပါဘူး ဘဏ်မှာ စုဆောင်းပြီး အတိုး ရယူခြင်းဟာ Risk မရှိသလောက် နည်းတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအတိုင်း ပိုက်ဆံတွေအိမ်မှာ ကုတင်အောက် သိမ်းထားတာ ထက်စာရင်တော့ inflation တိုက်စားမှုကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဘဏ်ရဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲလို့ရပါတယ်။ ဒါ့အပြင် ကိုယ်လုပ်ချင်တဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏ တစ်ခုကိုမရောက်ခင်တော့ ဘဏ်မှာထိန်းသိမ်း အတိုးယူတာကလဲ အဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်။
.
အဲ…. ဒါပေမယ့် သင်က ငွေစုပြီး ဘဏ်တိုးနဲ့ ထိုင်စားမယ်လို့ စိတ်ကူးထားရင်တော့ ဒါဟာ အဆင်မပြေနိုင်ဘူးလို့ပြောလိုတာပါပဲ။
.
ချမ်းသာကြွယ်ဝတဲ့ သူများကတော့ ငွေကြေးကို ဒီလို စုဆောင်းခြင်းဆိုတဲ့ လမ်းဆုံးကို ပို့ဆောင်တတ်ကြပါတယ်။ ငွေကို လည်ပတ် အသုံးချပြီး money circulation ဖြစ်အောင် လုပ်ဆောင်ကြပါတယ်။ ဘဏ်တိုးထက်သာတဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေး လုပ်ငန်းတွေ ၊ ဘဏ်တိုးရတာထက် ပိုသာမယ့် တန်ဖိုးမကျနိုင်တဲ့ပိုင်ဆိုင်မှုတွေကိုသာ စုဆောင်းဖလှယ်ကြပါတယ်။
.
စီးပွားရေး လုပ်ငန်းတစ်ခု သို့မဟုတ် ရင်းနှီးမြုပ်နှံမှု တစ်ခုကနေ တစ်လကို ၅% အမြတ် ရတယ်ဆိုရင်ကို တစ်နှစ်ဆိုရင် ၆၀% အမြတ် ဖြစ်ပါတယ်။ ဘဏ်တိုးက တစ်နှစ်ကို ၁၀% ပေးဦးတော့ ၅၀% လောက်တောင် အသာရဦးမှာဖြစ်ပါတယ်။ ဒီတော့ ဘယ်သူဌေးမှ ငွေမစုပါဘူး။ လုပ်ငန်း တစ်ခုခုလုပ်ဖို့သာ အမြဲစဉ်းစားနေကြပါတယ်။
.
ဒါဆိုရင် သူဌေးတွေက ဘဏ်ကို မသုံးဘူးလားဆိုတော့မဟုတ်ပါဘူး ဘဏ်ရဲ့ ကောင်းမွန်လှတဲ့. Service တွေကို သုံးဖို့ ၊ ရင်းနှီးမြုပ်နှံမှု တစ်ခုအတွက် ပမာဏ မပြည့်သေးခင်မှာ ငွေကို သိမ်းဆည်းထားဖို့စတဲ့ ရည်ရွယ်ချက်တွေ နဲ့တော့သုံးကြပါတယ်။
.
ဒါဆိုရင် သူဌေးတွေကငွေ မစုဘူးဆိုတော့ သူဌေး ဖြစ်ချင်တဲ့အတွက် ငွေမစုတော့ဘူးလို့လဲ လုပ်လို့မရပြန်ပါဘူး။ ငွေမစုနိုင်တဲ့ စွမ်းရည်ရဲ့ ပထမ အဆင့်က ငွေစုဖို့ဖြစ်ပါတယ်။ ဘာအတွက် စုဖို့လဲဆိုတော့ ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုကို အစပြုဖို့ပါ။
.
ဟုတ်ပါတယ်…ငွေစုရပါမယ်။ ဒါပေမယ့် ငွေစုခြင်းရဲ့ တစ်ခုထဲသော ရည်ရွယ်ချက်ဟာ ရင်းနှီးမြုပ်နှံမှု လုပ်ဖို့သာ ဖြစ်ရပါမယ်။
.
တကယ်လို့ မိတ်ဆွေဟာ သူဌေး တစ်ဦးဖြစ်နေပြီ ဆိုရင်တော့ ငွေစုရန် ကြိုးစားဖို့ မလိုအပ်ပါဘူး။ တကူး တက ငွေစုဖို့လဲစဉ်းစားနေနိုင်မှာမဟုတ်ပါဘူး ။ငွေကိုတိုးပွားအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကိုသာ တွေးနေမှာဖြစ်ပါတယ်။
.
ဒါပေမယ့် မိတ်ဆွေက သူဌေးတစ်ဦးမဖြစ်သေးဘူးဆိုရင် ၊ စီးပွားရေး လုပ်ငန်းတစ်ခု လိပ်ပတ်လည် အောင်မလုပ်တတ်သေးဘူးဆိုရင်၊ ရင်းနှီးမြုပ်နှံမှု တစ်ခုတောင်မလုပ်ဖူးသေးဘူးဆိုရင်တော့ မိတ်ဆွေ လုပ်စရာ တစ်ခုသာ ရှိပါတယ်။ ဒါကတော့ ငွေစုဖို့ပါပဲ။
.
ဆိုတော့ဗျာ……ပြောချင်တာကတော့… သူဌေးတွေက ငွေမစုကြပါဘူး။
.
.
Kaung Hein Soe – Strategic
Professional Management Trainer

Keep Reading

မြတ်တယ်ဆိုတိုင်း လုပ်သင့်သလား…အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၉)ရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်