Kaung Hein Soe - Strategic

ဒီလိုနဲ့ ကျွန်တော်ဟာ Investment Strategy ထဲက Low Risk – Low Return Profile တွေကို ရင်းနှီးမြှုပ်နှံမှု လုပ်ရာကနေ ပြောင်းလဲဖို့ စတင်စဉ်းစားဖြစ်ပါတော့တယ်။ နောက်တစ်ချက်တွက်မိလာတာက ခြောက်လွှာတိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်မှု ခိုင်မာလို့ ဝယ်ယူပေမယ့် Low Return ဖြစ်တာကြောင့် ၁၆၅ သိန်းတန်တိုက်ခန်းဟာ တစ်လကို တစ်သိန်း နှစ်သောင်းသာ ငှားခ ရပါတယ်။ High Return မှာတော့ ငွေချေးရင် တစ်ရာကို ငါးကျပ်တိုးကတော့ အနည်းလေးရလေတော့ ၁၆၅ သိန်းသာ ငါးကျပ်တိုးနဲ့ ချေးလိုက်ရင် တစ်လကို ရှစ်သိန်းလောက်က အေးအေးလေးဝင်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး စီးပွားရေး ပြောင်းလဲမှုတွေကြောင့် ငွေကြေးတန်ဖိုးတွေ ကပါ လိုက်ပါပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။
.
ယခင်က သုံးကျပ်တိုးလောက်နဲ့ ငွေချေးမယ်ဆိုရင် ကိုယ်ယုံကြည်စိတ်ချရရင် အတော်လေး ကိုက်တယ် အဆင်ပြေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖက်နှစ်ပိုင်းတွေမှာ ငွေကြေးဖောင်းပွမှုကလည်း အတော်လေး မြင့်တက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဟိုယခင်နှစ်တွေက မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှနှုန်းဟာ တစ်နှစ်ကို ၉% ဝန်းကျင်သာ ရှိပါတယ်။ ဒီအတွက် တစ်လကို ဝ.၇၅ နှုန်းလို့ ပြောရမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ငွေကြေးတန်ဖိုးဟာ တစ်လကို ဝ.၇၅ နှုန်းလောက်သာ ဖောင်းပွပြီး တန်ဖိုးလျော့နေတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက တစ်လ သုံးကျပ်တိုးဆိုတာဟာ တစ်လကို ၃% နှုန်းဖြစ်ပါတယ်။ ဒီအတွက် ငွေကြေးဖောင်းပွမှု 0.75% နဲ့ ပြန်ရငွေ 3% ဟာ ခြားနားချက် အတော်များနေသေးတာဖြစ်လို့ ကိုက်တယ် အဆင်ပြေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီဖက်နှစ်မှာတော့ ငွေကြေးဖောင်းပွမှုဟာ ၁၅% ကနေ ၂၀% ကြားရှိတယ်လို့ ထုတ်ပြန်ကြသလို အချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြီးခဲ့တဲ့ တစ်နှစ်အတွက် ငွေကြေးဖောင်းပွမှုဟာ ၃၀% ထက်မနည်းရှိမယ်လို့လည်းဆိုပြန်ပါတယ်။ အမြင့်ဆုံး နှုန်းဖြစ်တဲ့ ၃၀% နဲ့ဆိုရင် တစ်လအတွက်ကို ၂.၅% ဖြစ်နေမှာဖြစ်ပြီး ၁၅%-၂၀% ဆိုရင်တော့ တစ်လကို ၁.၅% ဝန်းကျင်လောက် ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒီအတွက် ငွေကြေးဖောင်းပွမှုက နှစ်ဆ သုံးဆလောက် တက်လာတဲ့အခါ Return ၃% ဆိုတာဟာ မကိုက်တော့ဘူးလို့ ဆိုရတော့မှာပါပဲ။ တစ်နည်းအားဖြင့် အရင်က အတော်အဆင်ပြေတယ်ဆိုတဲ့ တစ်လသုံးကျပ်တိုးနဲ့ ငွေချေးတာဟာ တောင် သိပ်ပြီး မကိုက်တော့တဲ့ အခြေအနေလို့ တွေ့လာရတာပါပဲ။
.
ဒီလို အခြေအနေတွေကြောင့် ကျွန်တော် ကျင့်သုံးနေတဲ့ Low Risk – Low Return နည်းဟာ ပိုပြီးမကိုက်ဘူး (ဈေးတက်တာကိုထည့်မတွက်ရင်) ဖြစ်လာပါတော့တယ်။လက်ရှိ အိမ်ခြံမြေ ဈေးတွေကလည်း တက်တော့ ယခင်က သိန်း ၂၀၀ အောက်ကို ခြောက်လွှာတိုက်ခန်း ရနိုင်ပေမယ့် အခုတော့သိန်း ၃၀၀ ကနေ ၄၀၀ ကြားမှ ရနိုင်ပါတော့တယ်။ ဆိုတော့ အိမ်ခြံမြေ Rental ငှားရမ်းခြင်း လုပ်ငန်းထဲမှာ ခြောက်လွှာတိုက်ခန်းတွေ ဝယ်ယူပြီး ငှားရမ်းတာကို အခုလုပ်မယ်ဆိုရင် Capital သိန်း ၁၀၀၀ သုံးမှ တိုက်ခန်း သုံးခန်းလောက်ရမှာ ဖြစ်ပြီး ငှားရမ်းခ အလွန်ဆုံး ၄ သိန်းလောက်သာ ရနိုင်မှာပါပဲ။ ဒါပေမယ့် သိန်း ၁၀၀၀ ကို သုံးကျပ်တိုးချေးနိုင်ရင်တော့ တစ်လကို သိန်း ၃၀ ရမှာ ဖြစ်ပါတယ်။ ပြန်ရချက် Return က သိပ်ကို ကွာခြားသွားပါတယ်။ ဒါ့အပြင် လက်ရှိအခြေအနေအရ သုံးကျပ်တိုနဲ့ ငွေချေးရင်တောင်မှ ငွေကြေးဖောင်းပွမှုကြောင့် သိပ်ပြီး မကိုက်သလောက်ဖြစ်နေလေတော့ နောက်ထပ် Investment Strategy တွေ စဉ်းစားရတော့တာပါပဲ။
.
ငယ်ငယ်တုန်းကတော့ ငွေများများ ပြန်ဝင် ၊ ရှုံးရင်လဲရှုံး ပြန်ဖြည့်မယ်ဆိုပြီး အချိန် ပေါလေတော့ High risk – High Return တွေလုပ်၊ အသက်နည်းနည်းရပြီး ဆုံးရှုံးတာလေးတွေ ကြုံလာတော့ ပိုင်ဆိုင်မှုခိုင်မာတာကို ပိုသဘောကျလာပြီး Low Risk – Low Return တွေကိုလုပ် ၊ ဒါပေမယ့် အခြေအနေတွေအရ သိပ်ပြီး မကိုက်တော့ဘူး ဖြစ်လာပါရော။
.
ဒီအတွက် အချိန်ကြာလေ မူလတန်ဖိုးကလည်း တက်မယ်၊ Risk ကလည်း နည်းမယ် ဒါမှမဟုတ် ကိုယ်က ကိုယ်တွယ်နိုင်တာမျိုးဖြစ်မယ်၊ Return ကလဲ ကောင်းရမယ်ဆိုတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးကို ရှာဖွေကြည့်လာရပါတယ်။
.
ဒီနေရာမှာ တွေ့လာရတာက စီးပွားရေးလှိုင်းလုံး ပြောင်းလဲမှုအောက်မှာ နစ်မြုပ်သွားတဲ့ လုပ်ငန်းလေးတွေ ရှိသလို လှိုင်းလုံးကြောင့် ထိပ်ဆုံးကို ဝုန်းခနဲ ရောက်သွားကြတဲ့ လုပ်ငန်း အမျိုးအစားအသစ် ကလေးတွေလည်း အများ အပြားတွေ့လာရတာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းဖြစ်တဲ့အတွက် အောင်မြင်ရင် အောင်မြင်သလို လုပ်ငန်းတန်ဖိုးကလည်း မြင့်တက်လာပြီး လုပ်ငန်းက ငွေရှာနိုင်သလောက် အမြတ်ထွက်သလောက် Return ကလဲကောင်းတယ်ဆိုတာကို တွေ့ရတာပါပဲ။
.
ဒါ့အပြင် ယခင် သုံးလေးနှစ်တုန်းက ငွေ သိန်းနှစ်ရာဟာဆိုရင် အတော်လေးခရီးရောက်ပါတယ်။ သိန်းနှစ်ရာရှိရင် အဲ့ဒီခေတ်က ခြောက်လွှာတိုက်ခန်းတစ်ခန်းဝယ်မလား၊ မြိုလယ်နဲ့ နီးတဲ့ မြို့သစ်တွေမှာ မြေဝယ်မလား၊ ကားပဲ ဝယ်စီးမလား၊ ရွှေ နှစ်ဆယ်ကျပ်သား သုံးဆယ်ကျပ်သားပဲ ကိုင်ထားမလား၊ ကျောက်မျက်ရတနာ အရည်ကောင်းကောင်း ဝယ်မလား လုပ်လို့ဖြစ်တာတွေ အများအပြားပါပဲ။
ဒါပေမယ့် ဒီနေ့မှာတော့ သိန်းနှစ်ရာနဲ့ အိမ်ခြံမြေ တိုက်ခန်းလည်း ဝယ်လို့မရသလို ကားလည်း ဝယ်စီးလို့ မရပါဘူး။ ရွှေဆိုရင်တောင် တစ်ဆယ်သားအပြည် ဝယ်ယူလို့မရတော့ပါဘူး။ ဒါဟာ ငွေကြေးရဲ့ ဝယ်ယူနိုင်စွမ်း Buying Power ကျဆင်းလာတာကို ထင်ထင်ရှားရှား မြင်လိုက်ရတာပါပဲ။ ဒါပေမယ့် သိန်း ၂၀၀ဆိုတဲ့ ပမာဏဟာ စီးပွားရေး လုပ်ငန်းငယ်လေးတွေ အတွက်ကျတော့ လုပ်ငန်းလည်ပတ်ဖို့အတွက် များပြားတဲ့ ပမာဏတစ်ခုအဖြစ် ရှိနေစဲဖြစ်ပါတယ်။
.
ဒါဆိုရင် ဘယ်လိုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံကြမလဲဆိုတော့…..
.
ဆက်ရန်..
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
.
Kaung Hein Soe - Strategic
Business Consultant
Keep Reading