Author's Profile Photo

Thet Shwe Sin Phoo

15/07/2024

အတွေးလွန်ခြင်းကို ဘယ်လိုကျော်လွှားမလဲ

1 min read
Personal Development

စိုးရိမ်စိတ်ဆိုတာ လူတိုင်းမှာရှိသင့်လားဆိုတော့ ရှိသင့်ပါတယ်။ စိုးရိမ်စိတ်ဆိုတာမရှိရင် လူတွေဟာ ကိုယ်လိုချင်တဲ့အနေအထားတစ်ခုကိုရောက်ဖို့ ကြိုးစားချင်စိတ်လည်းရှိမှာမဟုတ်ပါဘူး။ ဥပမာ စာမေးပွဲကျမှာ မစိုးရိမ်လို့ စာမကြိုးစားတာမျိူး၊ ကျန်းမာရေးကောင်းကောင်း၊ မကောင်းကောင်း မစိုးရိမ်လို့ ဂရုမစိုက်တာမျိုး အစရှိသဖြင့်ပေါ့။ ဒါပေမယ့် သူ့ရဲ့ သင့်တင့်တဲ့အနေအထားတစ်ခုမှာ အထိုက်အလျောက် စိုးရိမ်တာမျိုးကပဲ အဆင်ပြေနိုင်ပြီး စိုးရိမ်စိတ်လွန်ကဲလာမယ်ဆိုရင်တော့ စိတ်ကျန်းမာရေးထိခိုက်လာပါတော့တယ်။ ကျွန်တော်ကိုယ်တိုင် ဖြစ်လာမှာကြောက်တဲ့အရာတစ်ခုကို ဒါမှမဟုတ် ဖြစ်ကိုဖြစ်မလာမယ့်အရာတစ်ခုကို စိတ်ကူးထဲမှာပဲ ထပ်ခါထပ်ခါတွေးပြီး အတွေးတွေလွန်ကာ လောင်မြိုက်နေခဲ့ဖူးပါတယ်။ ဒါက အတွေးလွန်သူတိုင်းသိမယ့် ခံစားချက်ပါ။ ဒါကြောင့် မိတ်ဆွေက အတွေးလွန်သူတစ်ယောက်ဖြစ်နေပြီဆိုရင် မိတ်ဆွေရဲ့ ခံစားချက်ကို ကျွန်တော်အပြည့်အဝ နားလည်ပါတယ်။ ကျွန်တော်လည်း ဒီအတွေးလွန်ခြင်းပြဿနာကို ဘယ်လိုမျိုးကျော်ဖြတ်လဲဆိုတာကို အချက်အလက်တွေနဲ့ ရှင်းပြပေးသွားပါမယ်။ ဒါဆို ကြည့်လိုက်ကြရအောင်။

၁။ မအားအောင် နေပါ။
ကျွန်တော်က အတွေးသမားဖြစ်ပြီး အားတဲ့အချိန်မှာ လျှောက်တွေးတတ်တာဆိုတော့ အတွေးတွေလွန်တဲ့အခါ ကျွန်တော့်အတွေးနဲ့ကျွန်တော် တိုင်ပတ်ရပါတယ်။ ဒါကြောင့် အဓိကအချက်ကတော့ မအားအောင်နေလိုက်တာပါပဲ။ သင်တန်းပြီးသွားတဲ့အချိန်၊ အိမ်အလုပ်တွေလုပ်ပြီးသွားတဲ့အချိန်မျိူးမှာဆိုရင် ဝါသနာပါတာ တစ်ခုခုကိုလုပ်ပါတယ်။ ဘာသာစကားအသစ်တစ်ခုခုကို လေ့လာတာမျိုး၊ speaking app‌နဲ့အင်္ဂလိပ်စကားပြောကျင့်တာမျိုးက မိတ်ဆွေကို ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး အလုပ်ရှုပ်နေတော့ ကိုယ်တွေးရမှာကြောက်တဲ့အတွေးဘက်ကိုလည်း အာရုံမစိုက်နိုင်တော့ပါဘူး။

၂။ဘာသာရေးလုပ်ပါ။
စိတ်တွေပိုပြီး တည်ငြိမ်လာချင်တယ်ဆိုရင်တော့ ဘာသာရေးများများလုပ်ဖို့ အကြံပေးချင်ပါတယ်။ ဒါက ကျွန်တော်လက်တွေ့ကျင့်သုံးတဲ့ နည်းလမ်းတစ်ခုပါပဲ။သူငယ်ချင်းတွေက ကိုယ့်ကိုဘယ်လိုမြင်သွားမလဲ၊ ငါ့ကိုတော့ ဘယ်သူက ဘယ်လိုထင်နေပြီ၊ ပြီးတော့ မိသားစု‌ဝင်တွေတစ်ခုခုဖြစ်မှာကို အရမ်းစိုးရိမ်ပြီး အတွေးထဲမှာ အဲ့ဒီအရာတွေကိုပဲ တွေးနေမိတဲ့အခါ ကျွန်တော် ပုတီးစိပ်ပါတယ်။ တရားထိုင်ပါတယ်။ တရားထိုင်ခြင်းအလုပ်က ဗုဒ္ဓဘာသာဝင်မှမဟုတ်ဘူး၊ ဘာသာဝင်တိုင်းလုပ်လို့ရပြီး စိတ်အေးချမ်းတာမလို့ မိတ်ဆွေက အတွေးလွန်နေပြီဆိုရင် သက်ဆိုင်ရာဘာသာရေးလုပ်တာ၊ တရားထိုင်တာမျိုးလုပ်ကိုလုပ်ပါလို့ အကြံပြုပါတယ်။

၃။အာရုံပြောင်းပါ။
ဒီအချက်က ကျွန်တော်ပထမဆုံးပြောတဲ့အချက်နဲ့ အနည်းငယ်ဆင်ပါတယ်။ ကိုယ်မတွေးချင်ဘဲ တွေးလိုက်မိတဲ့အတွေးကို ဆက်မတွေးတော့ဘဲ တစ်ခြားအရာပေါ်ကို အာရုံပြောင်းလိုက်ဖို့ပါ။ မိတ်ဆွေက ပထမအချက်မှာ ကျွန်တော်ပြောခဲ့တဲ့အရာတွေကိုလုပ်ဖို့ မအားဘူးဆိုရင် အတွေးတွေကို အာရုံပြောင်းလိုက်ဖို့ပါပဲ။ ကြောက်တဲ့အရာတွေကိုတောင် ဒီဦးနှောက်လေးက ရအောင်တွေးသေးတာ‌ဆိုတော့ ကောင်းတဲ့အရာလေးတွေကိုလည်း တွေးစမ်းဟဲ့ဆိုပြီး ကိုယ့်အတွေးတွေကို အာရုံပြောင်းလွှဲကြည့်ပါ။ ဥပမာ အတွေးထဲမှာ ဖခင်ဆုံးပါးသွားလို့ဝမ်းနည်းတဲ့ ပုံရိပ်တွေကို တွေးနေမိတာမျိုးဆိုရင် ပြောင်းပြန်လှန်ပြီး ဖခင်နဲ့ပျော်ပါးနေတဲ့ပုံရိပ်တွေ၊ အကြောင်းတွေကို ပြောင်းတွေးကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။

ဒါတွေဟာ အတွေးလွန်နေသူကျွန်တော်ကိုယ်တိုင် လက်တွေ့ကျင့်သုံးနေတဲ့နည်းလမ်းလေးတွေဖြစ်ပြီး တကယ်လည်းထိရောက်မှုရှိပါတယ်။ မိတ်ဆွေတို့အတွက်လည်း အသုံးဝင်ဖို့ မျှော်လင့်ပါတယ်။

Phoo
2:27PM

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲမနက်ဖြန်ထိ အချိန်မရွေ့ပါနဲ့ စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်