မောရိသျှ
မိုက် ဂျက်ဆန် ဘာလို့ အောင်မြင်ခဲ့တာလဲ။ ပညာသည်စိတ်ကို ပြည့်ပြည့်ဝဝ နှလုံးသွင်းပြီး ကြိုးစားတတ်လို့ပါ။ လုပ်သမျှ အလုပ်တိုင်းကနေ ရလာသမျှ အတွေ့အကြုံတွေကို လှေကားထစ်လို ခုပြီး၊ သက်မွေးမှုဆိုင်ရာ အရည် အချင်း မပြည့်စုံမချင်း စုဆောင်းခဲ့လို့လဲ၊ သူများထက်သာတဲ့နေရာကို အချိန်တိုအတွင်း ရောက်အောင် တက်လှမ်းနိုင်ခဲ့တာပါ။
မိုက် အနေနဲ့ ဘယ်တုန်းကမှ သူ့ဘဝရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့တာ မရှိပါဘူး။ အဲဒီအစား လုပ်သမျှ အလုပ်ကနေ ရလာတဲ့ အတွေ့အကြုံအလိုက်၊ စုဆောင်းထားမိသမျှ အရည်အချင်းတွေကို အသုံးချပြီး၊ ဖမ်းဆုပ် ရသမျှ အခွင့်အလမ်းတွေကနေ အမြတ်ထုတ်တတ်တာပါ။
မိုက် က ကံကောင်းလို့ပါလို့ ပြောချင်ပြောကြပါလိမ့်မယ်။ မှားတော့ မမှားပါဘူး။ ကံကောင်းချင်တော့ အဆက် အသွယ်ကောင်းကနေတစ်ဆင့် ဘဝတက်လမ်း ရခဲ့တယ်ဆိုပေမဲ့၊ မိုက် မှာ လုံလောက်တဲ့ သက်မွေးမှုဆိုင်ရာ အရင်းအမြစ်တွေ၊ အရည်အချင်းတွေ မရှိခဲ့ရင် - သူ့ကံကောင်းခြင်းဆိုတာက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
မိုက်လို လူမျိုးနဲ့ အပြင်မှာ တွေ့ရင်၊ သူနဲ့အတူ အလုပ်လုပ်ဖူးရင်၊ မိုက်လို လူတွေဟာ လုပ်နေတဲ့ အလုပ်အပေါ် ဘယ်လောက်ထိ ကောင်းအောင်လုပ်ဖို့ စိတ်ဇောထက်သန်နေတတ်သလဲ ဆိုတာကို သတိထားမိမှာပါ။ သူလိုလူတွေက သူတို့ လုပ်သမျှ အလုပ်ကို ချစ်နိုင်ကြပါတယ်။ အလုပ်အပေါ် ချဉ်းကပ်ပုံတွေက အစ၊ အလုပ် အပေါ် ထားရှိတဲ့ စိတ်အဆုံး၊ အားလုံးမှာ သူ့အကြောင်းနဲ့ သူ ရှိပါသေးတယ်။ ဒါတွေကို နောက်အခန်းမှာ ဆက်ပြီး လေ့လာရဦးမှာပါ။
မိုက်ဟာ နေ့စဉ် အချိန်တိုင်းကို မှတ်ထားလေ့ ရှိပါတယ်။ သူ့အတွက် အရေးပါတဲ့ အလုပ်ကိုပဲ အာရုံစိုက်လေ့ ရှိပါတယ်။
“ပြောရရင် အလုပ်လာပြီး တစ်နေကုန် တစ်နေခန်း အီးမေးလ်ပဲ ဝင်စစ်နေတာမျိုး လုပ်ချင် လုပ်လို့ရတာပဲ။” လို့ သူက ပျင်းချင်ရင် ပျင်းလို့ရနိုင်တဲ့ လူ့စိတ်နဲ့ ၊ အလုပ်အပေါ် ထားရှိတဲ့ ရှေးရှုစိတ်ကို သတိပေးတာပါ။
ကျွန်တော့်ဆီ ပို့ပေးခဲ့တဲ့ သူ့အချိန်မှတ်တမ်း ဇယားအရ - တစ်နေကုန်လုံးမှာ အီးမေးလ် စစ်ချိန်ကို ၁၉ မိနစ်ပဲ ပေးထားတာကို တွေ့ရပါတယ်။ သူနဲ့ ကျွန်တော် နောက်ဆုံး အင်တာဗျူးတာက စုစုပေါင်း ၄၅ မိနစ်ပါ။ ဒီပုဂ္ဂိုလ်က ဘာပဲလုပ်လုပ် တိကျသလို၊ ကောင်းအောင်လုပ်တတ်သူမျိုးပါ။ အသေးအဖွဲလေးကအစ အလေးထားသလို၊ အရေးကိစ္စတိုင်းကိုလဲ အရေးပါမှု၊ အကျိုးရှိမှု၊ အမြတ်ထွက်မှုတွေနဲ့ တိုင်းတာပြီး၊ အရည်အသွေး ချင့်ချိန် နေတတ်သူမျိုး ဖြစ်ပါတယ်။
ဘာပဲပြောပြော၊ မိုက် ရဲ့ အကျင့်တွေ၊ လုပ်ရည်ကိုင်ရည်တွေ အားလုံးက သူတောင့်တထားခဲ့တဲ့ အတိုင်းအတာ ထက် ပိုပြီး ခံစားခွင့်ရထားပါတယ်။ သူ့မှာ ပျော်ဖို့လဲကောင်း၊ ချစ်ဖို့လဲကောင်း၊ ကျေနပ်စရာလဲ ကောင်းတဲ့ - အကောင်းဆုံး အလုပ်လဲ ရှိသလို၊ ပေးဆပ်ထားတဲ့ အတိုင်းအတာထက်ပိုတဲ့ စံစားခွင့်နဲ့ ဘဝမှာ အကျေကြီး ကျေနပ်နိုင်သူ ဖြစ်နေပါပြီ။ ဒါတွေ အားလုံးက သူ့ရဲ့ သက်မွေးမှုဆိုင်ရာ အရင်းပြုဖို့ ဆုံးဖြတ်နိုင်ခဲ့တဲ့ အမြော်အမြင်ကြီးစိတ်ကြောင့် ဖြစ်သလို၊ အကောင်းဆုံးသော အလုပ်အတွက် အချိန်ပေး ရင်းနှီးမြှုပ်နှံခဲ့တဲ့ အကောင်းဆုံးသော အရည်အချင်းတွေကြောင့် အလုပ်ပေး အလုပ်ယူ သင့်မြတ်နိုင်ခဲ့တာပါ။
#မောရိသျှ
Keep Reading