Author's Profile Photo

မောရိသျှ

31/07/2025

တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်

2 mins read
Personal Development
Book Review
General Knowledge
တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်'s photo

ဖြစ်ချင်တော့ - ဟောလီးဝုဒ် နဲ့ ဝေါစထရိ (Hollywood & Wall Street) တို့ရဲ့ ကွာခြားချက်က တောင်နဲ့ မြောက်ဖြစ်နေတယ်။ စိတ်ထဲတွေးကြည့်ရင်ပဲ မြင်နိုင်တယ်။ ဟောလီးဝုဒ် အလုပ်က အချိန်ပြည့် ဝင်လာမဲ့ အီးမေးလ် တွေ လိုက်ဖတ်နေစရာ မလိုဘူး။ ညကြီးသန်းခေါင်ရောက်မှ ကမ္ဘာတစ်ဖက်ခြမ်းက လူတွေနဲ့ အချေအတင်လုပ်ပြီး အစည်းအဝေးထိုင် ညှိနိုင်းနေစရာ မလိုဘူး။ မနက်တစ်ခါ ညနေတစ်ခါ ဈေးကွက် အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်စရာလဲ မလိုသလို၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေဆိုင်ရာ ငြိစွန်းမှာကိုလဲ ကြောက်နေစရာ မလိုဘူး။ သာမန် စာရေးသူအတွက်တောင်မှ လုပ်စရာဆိုလို့ တစ်ခုပဲ။ သူများထက် ပိုကောင်းတဲ့ ဇာတ်လမ်း ရေးနိုင်ရမယ်။

ဟုတ်ပါတယ်။ ဒီနေရာမှာ စောဒက တက်စရာရှိတယ်။ ဇာတ်လမ်းကောင်းတစ်ခု ထွက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်ဘဲ။ ဒါထက် Dead Line ကလဲ ရှိသေးတော့၊ အနည်းနဲ့အများ သောကပွားမှာပဲ။ ဒါကလဲ တစ်နှစ်ပတ်လုံးမှ မဟုတ်ဘဲ၊ ရိုက်ကူးရေးက ခြောက်လ၊ ဇာတ်လမ်းပြင်ဆင်တာက ခြောက်လဆိုတော့၊ တစ်နှစ်မှာ ခြောက်လပဲ ပင်ပန်းမှာ။ အဲဒီတော့ စိတ်ကျဉ်းကျပ်ဖို့ကောင်းတဲ့ ရုံးဝတ်စုံတွေ ဝတ်စရာလဲ မလိုသလို၊ အတိုဝတ်ဝတ်၊ အရှည်ဝတ်ဝတ်၊ ဘယ်သူမှ ဂရုမစိုက်ဘူး။ ပြီးရင် ကိုယ်ကြိုက်တာကို ကြိုက်သလို၊ ကြိုက်သလောက်၊ စားချင်းတိုင်းစားပဲ။ နေချင်တိုင်းနေ၊ အလုပ်ပြီးဖို့ပဲ အရေးကြီးတာ။ ဒီစကားက သူတို့လောကမှာ အပြောဆုံး စကားပါ။

ဆိုတော့ဗျာ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေ၊ အစီအစဉ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့အလုပ်က လူကြိုက် များတယ်။ အကြောင်းက သေချာလေး သုံးသပ်ကြည့်လိုက်ရင် - အလုပ်ကောင်း ရဲ့ အရည်အသွေး (၃) မျိုးလုံးနဲ့ ကိုက်နေသလို၊ ပညာသည်စိတ်နေစိတ်ထားနဲ့လုပ်လို့ အရည်အသွေးရှိ အကျိုးရလဒ်မျိုး ဖော်ဆောင်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်နေလို့ပါ။ ဖန်တီးနိုင်စွမ်း၊ သက်ရောက်နိုင်စွမ်း နဲ့ ထိန်းချုပ်နိုင်စွမ်းတွေ အားလုံးပါနေမှတော့ ဒီအလုပ်ကို လုပ်ချင်ကြတာ မဆန်းသလို၊ ဒီအလုပ်မှာ ပျော်နိုင်ကြတာ အံ့ဩဖို့ မလိုတော့ပါဘူး။

အဲလက်ဇ် ဘာဂျာ နဲ့ ကျွန်တော် စတွေ့တော့၊ တံခါးပိတ် ဇာတ်ညွှန်းဆရာ လောကကြီးထဲကို သူတောင် ရောက်နှင့်နေခဲ့ပြီးပါပြီ။ အဲဒီအချိန်က သူ့ရဲ့ ဇာတ်လမ်းသစ် Pilot (ဇာတ်လမ်းမိတ်ဆက် ဇာတ်ညွှန်း နမူနာ) တစ်ခုကို USA Network ဆီရောင်းပြီးလို့ မကြာသေးပါဘူး။ Pilot ကို ရောင်းတယ် ဆိုတာက ကိုယ့်ရဲ့ အရည်အချင်းကို ပြခွင့်ရတာဖြစ်ပြီး၊ ကိုယ့်ရဲ့ အရည်အသွေးကို လူသိထင်ရှား ချပြလိုက်တာမျိုးပါပဲ။

ကေဘယ်စနစ်နဲ့ ထုတ်လွှင့်ဆဲဖြစ်တဲ့ USA Network လိုမျိုး ရုပ်မြင်သံကြား အစီအစဉ်ထုတ်လွှင့်ရေးတွေက - Pilot အသစ်တွေကို တစ်ပတ်မှာ အနည်းဆုံး ၁၅ ခုကနေ ၂၀ လောက် အမှုဆောင်အရာရှိ သုံးဦးက တာဝန်ယူပြီး လက်ခံလေ့ရှိတယ်။ သူတို့တွေဆီသွားပြီး ငါးမိနစ်စာ အချိန်အတွင်း ကိုယ့်ရဲ့ ဇာတ်လမ်းကို သဘောကျသွားအောင် ပြောရတယ်။ လွယ်တော့ မလွယ်ဘူး။ ဒါပေမဲ့ အရည်အသွေးပြတတ်ရင်၊ အရည်အချင်းကို တန်ဖိုးထားကြတာမို့၊ ကြိုးစားရကျိုးနပ်ပါတယ်။ လက်သစ်ဇာတ်ညွှန်းဆရာတွေနဲ့ ကိုယ်တွေ့ အင်တာဗျူးပြီးတော့မှ၊ သီးသန့် တံခါးပိတ် ရုံးခန်းထဲမှာ လက်ခံထားတဲ့ ဇာတ်လမ်း ၁၅ ခု - အခု ၂၀ ထဲက သုံးလေးခုကို ဝယ်ဖို့ ဆွေးနွေးတတ်ကြတယ်။ ကံကောင်းချင်တော့ အဲဒီလိုပုံစံနဲ့ပဲ အဲလက်ဇ်ရဲ့ ဇာတ်လမ်း အရွေးခံလိုက်ရတာပါ။

USA Network လိုမျိုးကနေ ဇာတ်လမ်း အစီအစဉ် ထုတ်လွှင့်ခွင့် ရတယ်ဆိုတာက နည်းနည်းနောနော ဂုဏ်မဟုတ်ဘူး၊ ဒါပေမဲ့ ဇာတ်ညွှန်းဆရာတွေရဲ့ လောကမှာတော့ Pilot တစ်ခု အရွေးခံရတယ် ဆိုရင်ပဲ၊ လူလေးစားခံနေရာ တန်းရောက်သွားတာပါ။ အသိအမှတ်ပြုခံရတဲ့ အနေအထားမို့၊ သူသူငါငါထက် ကိုယ့်ခြေလှမ်းက သွက်သလို ဖြစ်သွားတယ်။ မျက်ကွယ်ပြုခံရတဲ့ အနေအထား မဟုတ်တော့တာကြောင့်၊ မော်ကြွားနိုင်ကြတယ်။ အဲလက်ဇ်ရဲ့ကံက မြင့်သထက် မြင့်သွားသေးတယ်။ ဒါကလဲ အရည်အချင်းစစ်ကို ပြနိုင်လို့ အသိအမှတ် ပြုခံရတာပါ။ အဲလက်ဇ် ရဲ့ Pilot ကို ရွေးခံရပြီး မကြာပါဘူး။ USA Network ရဲ့ အမှုဆောင်အရာရှိ တစ်ယောက်က အဲလက်ဇ်ရဲ့ လက်ရာတွေကို သဘောကျသွားပြီး၊ ထုတ်လွှင့်လက်စ ရုပ်မြင်သံကြား အစီအစဉ်တစ်ခု ဖြစ်တဲ့ စပိုင် ဒရာမာ အမျိုးအစား Covert Affairs မှာ လက်ထောက်အကူ ဇာတ်ညွှန်းဆရာ အဖြစ် ဝင်လုပ်ဖို့ ကမ်းလှမ်းလာတယ်။

အဲလက်ဇ် အနေနဲ့ သူ့အောင်မြင်မှုလေးတွေကို ကြွားနေဖို့ မလိုတော့ဘူးဆိုပေမဲ့၊ Pilot ရွေးခံလိုက်ရတဲ့ အချိန်မှာကတည်းက၊ တခြားအစီအစဉ်သုံးခုနဲ့ အောင်မြင်နေပြီးသူဖြစ်ပါတယ်။ Stop Motion အမျိုးအစား၊ ဟာသဇာတ်လမ်းတွဲဖြစ်တဲ့ Glenn Martin, DDS အစီအစဉ်မှာ နာမည်ကျော် ထုတ်ဝေသူ၊ ဇာတ်ညွှန်းဆရာ Michael Eisner (မိုက်ကယ် အိုင်စနာ) နဲ့ တွဲဖက်ပြီး ဇာတ်ညွှန်းရေးနေခဲ့တာဖြင့် ရာသီနှစ်ခုစာတောင် ပြီးနေနှင့်ပါပြီ။ ပြောရရင် တံခါးပိတ် လောကကြီးထဲမှာ နေရာရဖို့ လုံးဝ မလွယ်တာကို အဲလက်ဇ် တစ်ယောက် အခြေကျနေတယ်။ ဒီတော့ မေးစရာကျန်တာဆိုလို့ - သူဘယ်လိုတွေတောင် လုပ်ခဲ့လို့လဲ။

#မောရိသျှ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါ