Author's Profile Photo

မောရိသျှ

10/09/2025

အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်

2 mins read
Life Style
Personal Development
Book Review
အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်'s photo

Dicovery Channel ကို ကြည့်နေရင်း၊ ကြော်ငြာလာတဲ့အချိန်၊ ဝင်လာတဲ့ အစီအစဉ်ကြော်ငြာထဲကနေ တစ်ဆင့် ခါ့ခ် ဖရန့်ချ် ( Kirk French) ကို ကျွန်တော် စသိခဲ့တယ်။ အစီအစဉ်နာမည်က “American Treasures” ပါ။ အစီအစဉ်ကြော်ငြာအရ၊ American Treasures ကို ရှေးဟောင်းသုတေသနပညာရှင်ပေါက်စ ခါ့ခ် ဖရန်ချ် နဲ့ ဂျေဆန် ဒီ လီယွန်း (Jason De Leon) တို့ လူငယ်နှစ်ဦး ဦးဆောင် တင်ဆက်မှာဖြစ်ပြီး၊ ဂျင်းဘောင်းဘီအပြာ၊ အလုပ်ကြမ်းအင်္ကျီတွေနဲ့၊ အမေရိကန်ရဲ့ နယ်ဘက်ပိုင်း၊ တောမြို့တစ်ခွင်၊ ဂန္ထဝင် Ford ထရပ်ကားဟောင်း - F-150 နဲ့ နယ်အနှံ့မှာ၊ ခြေဆန့်ရင်း၊ မိသားစုပိုင် ရှေးဟောင်း ပစ္စည်းတွေကို လိုက်လေ့လာတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ပညာရှင်ဆိုပေမဲ့ လူငယ်နှစ်ယောက်မို့၊ ပေါ့ပါ့ပါးပါး စကားတွေပြောကြပြီး၊ တစ်ယောက်နဲ့ တစ်ယောက် စကားနာထိုးလိုက်၊ စလိုက်နောက်လိုက်နဲ့ ပျင်းစရာလေ့လာရေးကို ပျော်စရာအဖြစ် တင်ဆက်ထားကြတာပါ။ Antiques Roadshow လိုမျိုး အစီအစဉ်ဆိုပေမဲ့၊ ဆဲတာဆိုတာ၊ အော်တာ ငေါက်တာတို့ပါတဲ့အတွက် တခြား ပုံစံတူ အစီအစဉ်တွေနဲ့ ကွဲထွက်နေတာမို့၊ အစီအစဉ်လာရင် DVR ကနေ တစ်ဆင့် အော်တို Record သွင်းထားဖို့ လုပ်ခဲ့ပါသေးတယ်။

အစီအစဉ်ရဲ့ ပထမဆုံးအပိုင်းကို၊ ခါ့ခ် နဲ့ လီယွန်တို့ နှစ်ယောက် ထရပ်ကားတစ်စီးနဲ့ တက္ကဆက်ပြည်နယ် အရှေ့ပိုင်း၊ ကျက်တီးမြေကြား၊ ပေတစ်ရာလမ်းမပေါ် ခရီးထွက်နေတဲ့ပုံစံနဲ့စထားပြီး၊ နာမည်ကျော် ဓားပြအတွဲဖြစ်တဲ့ ဘွန်နီ နဲ့ ခလိုက် (Bonnie and Clyde) တို့ထဲကမှ၊ Clyde Barrow - ခလိုက် ဘာရိုးရဲ့ အပေါ် ဝတ်အင်္ကျီ ရှိကြောင်း သတင်းရလို့၊ အတုအစစ် ခွဲပေးဖို့အတွက် သွားနေကြတာပါ။

ရှေးဟောင်း သုတေသန “ပညာရှင်” တွေ ဆိုတော့လဲ၊ အတုအစစ် ခွဲရတာ စက္ကန့် ၃၀ တောင် မကြာလိုက်ပါဘူး။ ဘွန်နီ နဲ့ ခလိုက်တို့ ခေတ်က “Made in China” အင်္ကျီတွေ မထွက်သေးလို့ အင်္ကျီဂုတ်က စာနဲ့တင် အတုအစစ် ကွဲသွားပါတယ်။ လာရကျိုးမနပ်သလို ဖြစ်နေပေမဲ့၊ အခါသင့် အခွင့်ယူမို့၊ ခါ့ခ် က - အင်္ကျီပိုင်ရှင် လက်စ်လီ - Leslie ကို မေးလိုက်တယ်။

“ဆိုတော့ ခင်ဗျားတို့ မိသားစု အစဉ်အဆက်က တောအရက် ချက်တယ်ဆို ဟုတ်လားဗျ” (Moonshine)
“ဆိုပါတော့ဗျာ”
“ဒါဖြင့်လဲ လာရကျိုးနပ်သွားအောင် တောအရက် ချမယ်ဗျာ”

လာတုန်းကတော့ အင်္ကျီစစ်ဖို့ ဆိုပေမဲ့၊ မပြန်ခင်ကို တောအရက် စစ်မစစ် မော့ဖို့ အကြောင်းဖန်သွားပါတယ်။ လက်စ်လီက အရက်ဖိုထဲ ဝင်သွားပြီး၊ ယိုပုလင်းခွံနှစ်လုံးထဲကို ဖောက်အရက်တွေ ထည့်ပြီး ယူလာပါတယ်။ ဖရန့်ချ် နဲ့ လီယွန်ကို ခွက်မကမ်းခင်လေးမှာ -

“ဒါကတော့ သက်သေမလိုလောက်ဘူးထင်တာပဲ၊ ကြည့်ရုံနဲ့ စစ်မှန်း ခင်ဗျားတို့ လက်ခံနိုင်မှာပါ - ဟုတ်တယ်မလား” ဆိုတော့၊ ခါ့ခ် နဲ့ လီယွန်တို့က လက်စ်လီပေးလာတဲ့ ခွက်ကိုလှမ်းယူလိုက်ပြီး၊ အနားက သစ်သားတုံးကြီးပေါ်ထိုင်လိုက်ပြီး၊ တစ်ကျိုက်မော့လိုက်တယ်။

တော်ရုံရဖို့မလွယ်တဲ့အရက်ကို သောက်ခွင့်ရသွားတော့ မှင်တက်သွားတဲ့ အကြည့်၊ အပြုံးတွေနဲ့ ရောက်တတ်ရာရာအကြောင်းတွေကို အာလူးဖုတ်လိုက်၊ အရက်မော့လိုက်နဲ့ အစီအစဉ်ပထမပိုင်း ပြီးသွားပါတယ်။ အစီအစဉ်လေးက ဘာရယ်မဟုတ်ပေမဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့စပြီး၊ ပေါ့ပေါ့ပါးပါးနဲ့ပဲ အဆုံးသတ်သွားပါတယ်။ တင်ဆက်သူရော၊ ကြည့်ရသူနှစ်ဖက်လုံး စိတ်ချမ်းသာရပါတယ်။

ပထမအပိုင်းနဲ့တင် American Treasures ကို ကြွေမိသွားတယ်။ ပြောရရင် အဲဒီတုန်းက ကြည့်စရာ အစီအစဉ်တွေမှ အများကြီးရှိပါတယ်။ ကေဘယ်ရုပ်မြင်သံကြားခေတ်ဆိုတော့ - ပေးရတာနဲ့ တန်တဲ့ အစီအစဉ်တွေရှိသလို၊ ပေးတာနဲ့မတန်၊ အမှိုက်ကိုဝယ်ကြည့်နေရသလို ရုပ်သံအစီအစဉ် နဲ့ ရုပ်သံလိုင်းတွေ မှိုလိုပေါက်ခဲ့တဲ့ခေတ်ပါ။

နာမည်ကျော် History Channel မှာဆိုရင် - Pawn Stars အစီအစဉ် အမြဲလွှင့်ပါတယ်။ Las Vegas မြို့ အခြေစိုက် ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်မိသားစု ဘဝအကြောင်းနဲ့ သူတို့ စီးပွားရေးကို ဖြစ်ရပ်မှန်အနေနဲ့ ရိုက်ကူးတင်ဆက်တဲ့ အစီအစဉ်ပါ။ ပိုက်ဆံမရှိလို့ မရှိမဲ့ ရှိမဲ့ မိသားစုပိုင် ရှေးဟောင်းပစ္စည်းတွေကို ရတဲ့ဈေးနဲ့ ဖြစ်သလို ရောင်းဝယ်ကြတဲ့ အစီအစဉ်မျိုးပါ။ ခေါင်းပုံဖြတ်တာတွေ၊ ဈေးညှိနှိုင်းတာတွေနဲ့ ၊ ပစ္စည်းသမိုင်းကြောင်းကနည်းနည်း၊ ငွေရေးကြေးရေး စကားများတာကများများမို့ ကျွန်တော့်အကြိုက်မဖြစ်ခဲ့ပါဘူး။

#မောရိသျှ

Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော့်ပြောင်းလဲမှု အချို့၏ အစအမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုး