Author's Profile Photo

Sandi Cho

19/08/2025

ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်

5 mins read
Life Style
Fiction
ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်'s photo


လက်ဖျံကနေစီးကျလာတဲ့ သွေးစတွေကိုကြည့်ရင်း ရင်ထဲကမွန်းကျပ်စရာတွေ တဖြည်းဖြည်းလျော့ပါးသလိုခံစားရသည်။အရင်ကတော့ ပြဿနာဖြစ်လာရင်တစ်ယောက်ယောက်ကို အပြစ်ပုံချလိုက်တဲ့အခါ ကိုယ့်မှာအပြစ်မရှိတော့သလိုခံစားရသည်။အခုအခြေအနေမှာရော ဖြူဘယ်သူကို အပြစ်တင်ရမှာလဲ။ဖြူကို ထားခဲ့ပြီး လက်ထပ်ပွဲကို ဖျက်ပြစ်ခဲ့တဲ့ ယောင်္ကျားတစ်ယောက်ကိုလား။ဖြူဆီကနေ သူကိုလုယူသွားခဲ့တဲ့ မိန်းမတစ်ယောက်ကိုလား။တကယ်တမ်းဆို ဒါတွေဟာဖြူအပြစ်ကြောင့်ဆိုတာဖြူသိသည်။ဖြူအဲဒါတွေကိုလက်မခံချင်တာ။

နယ်နိမိတ်ကို ကျူးလွန်လာတဲ့ မိုးစက်ကလေးတွေကို တွေ့တိုင်းမိုးစက်ရဲ့အပြစ်လား၊အဲဒီမိုးစက်လေးကို တွန်းပို့ခဲ့တဲ့ လေရဲ့အပြစ်လားဆိုတာ လူတွေက စဉ်းစားကြသည်။တကယ်ကတော့ မိုးတွေကို ရွာသွန်းစေခဲ့တဲ့ တိမ်တွေရဲ့အပြစ်ပဲ။ကို့ကို ဖြူဆီကနေထွက်သွားအောင် ဖြူပဲလုပ်ခဲ့တာ။မခံမရပ်နိုင်အောင် အဆုံးမရှိတဲ့ အပြစ်တင်စကားတွေကိုပြောမယ်။ကိုယ်အပေါ်ကျရောက်လာခဲ့တဲ့ တာ၀န်တွေကို သူအပေါ်ကိုလွှဲမယ်။ကိုယ့်ကိုချစ်တဲ့လူကို သူငါကို ချစ်နေတာပဲဆိုတဲ့ စိတ်နဲ့အနိုင်ကျင့်ခဲ့တာကို အချစ်ကိုဖော်ပြတာလို့ ထင်မှတ်ခဲ့သည်။အခုတော့ အဲဒီအချစ်က လောင်စာမရှိတော့ကုန်သွားခဲ့‌လေပြီ။

ကိုပြောဖူးသလို အချစ်က မီးတောက်လေးနဲ့ တူသည်။ဘယ်သူက အဲဒီမီးကိုစထွန်းထွန်း အဲဒီမီးဆက်လက်လောက်ကျွမ်းနေဖို့ နားလည်မှု၊မေတ္တာနဲ့ သစ္စာဆိုတဲ့ လောင်စာတွေလိုအပ်တယ်။အဲဒါတွေမရှိရင်တော့ ဘယ်မီးမဆို အချိန်တစ်ခုကြာရင် ငြိမ်းသွားမှာပဲ။အခုတော့ ဖြူရဲ့ မီးတောက်လေးငြိမ်းသွားပြီ။ဖြူစိတ်ကူးထားခဲ့တဲ့ ဖြူရဲ့မိသားစုအိမ်မက်ကလေးက ပျက်စီးသွားခဲ့ပြီ။

လူတွေက ဖြူကိုလက်ညိုး‌ထိုးပြီး "သူကလက်ထပ်ခါနီးမှာ သတို့သားကမလိုချင်လို့ ထားပြစ်ခဲ့တဲ့ ကောင်မလေးလေ"လို့ အာချောင်ပြီး ပြောကြတော့မည်။ ဖြူဒီအကြောင်းတွေကို တွေးတိုင်းစိတ်ပင်ပန်းလာသည်။ဒီအချိန်မေမေသာရှိသေးရင် သူမရဲ့ ရင်ခွင်ထဲမှာဖြူကိုထည့်ထားပြီး"အဆင်ပြေသွားမှာပါ သမီးရယ်"ဆိုပြီး အားပေးနှစ်သိမ့်ပေးလောက်သည်။သို့ပေမယ့် အခုဖြူမှာ အားကိုးစရာဘယ်သူမရှိ။ငိုချင်ရင်တောင် မျက်ရည်စတွေကို အံ့ကြိတ်သိမ်းရင်း လောကကြီးကို တစ်ယာက်ထဲရင်ဆိုင်နေရပြီ။ဖြူအတွက် ဒီစိတ်ဒဏ်ရာတွေကို ကုစားဖို့အချိန်၊လူတွေရဲ့ အ‌ကြည့်ကိုရှောင်ထွက်သွားဖို့အချိန်၊အမှန်တရားကို လက်ခံနိုင်ဖို့အတွက် အချိန်လိုသည်။

ဖြူရဲ့ ဇာတိမြို့ကို ပြန်ရောက်နေခဲ့ပေမယ့် အပြင်ကိုထွက်ပြီး လောကကြီးကို ရင်ဆိုင်ဖို့ ဖြူသတ္တိတွေမရှိသေးဘူး။အခန်းထဲမှာပဲအောင်းပြီး ခေါင်းအုံးတွေ စိုစွတ်တဲ့အထိ ငိုနေမိသည်။အကို့ကြီးရဲ့ မိန်းမကတော့ ဖြူနားကို တဝဲလည်လည်လုပ်ပြီး အားပေးရှာသည်။အကိုကြီးကတော့ အတိတ်တွေကို မပြောတော့ပဲ ဖြူအတွက် စိတ်ချမ်းသာသလိုနေနိုင်ဖို့ အချိန်ပေးထားသည်။ဖြူဘ၀အတွက် ကိုကplan Aဖြစ်သလို plan Bကလည်း ကိုပဲ။လွန်ခဲ့တဲ့ တစ်ပတ်လောက်ထိ ဖြူအပေါ်အရမ်းကောင်းပေးခဲ့တဲ့ လူတစ်ယောက်က ဖြူရဲ့ အနာဂတ်ကမ္ဘာထဲမှာ မပါနိုင်တော့ကြောင်း တွေးမိလိုက်တိုင်း ရင်ထဲစို့ကျပ်လာသလို ခံစားရသည်။ငါသာဒီထက်ပိုကောင်းပေးခဲ့ရင် ငါသာဒီထက်ပို ကို့အပေါ်ကြင်နာခဲ့ရင်၊ကို့အပေါ်ကိုယ်ချင်းစာခဲ့ရင် ဒီအခြေအနေတွေ ပြောင်းလဲသွားမှာလားဆိုတဲ့မေးခွန်းတွေက ဖြူခေါင်းထဲမှာ တဝဲလည်လည်ပေါ်နေသည်။

ဒီအချိန် တံခါးခေါက်သံကြားလိုက်ရတော့ ဖြူရဲ့မျက်ရည်စတွေကို အ၀တ်တွေနဲ့သုတ်ရင်း သိမ်းဆည်းလိုက်သည်။အကိုကြီးမိန်းမ၀င်လာပြီး"ညီမလေး ဧည့်သည်ရောက်နေတယ်။ညီမလေး သူငယ်ချင်းတဲ့။"

ဖြူလိုက်သွားကြည့်လိုက်ချိန်မှာ ဧည့်ခန်းထဲမှာ ပြုံးပြုံးကြီး ထိုင်နေတဲ့ ဇေယျကို တွေ့ရသည်။သူရဲ့ငယ်ရုပ်နဲ့ အခုရုပ်ကသိပ်မတူတော့သလိုဖြစ်နေတော့ ရုပ်အတော်ဖမ်းပြီးမှ သူမှန်း ဖြူမှတ်မိသွားသည်။သူ့မျက်နှာက ငယ်ငယ်ကလို ဘယ်တော့ကြည့်ကြည့်ပြုံးဖီးဖီးနဲ့ပါ။ငယ်ငယ်ကဆို ဖြူသူကို အတော်ကြည့်မရခဲ့ဘူး။အမြဲနောက်နောက်ပြောင်ပြောင်နေပြီး ဘယ်အရာကိုမှအလေးအနက်မထားတတ်တဲ့သူကို ဖြူမကြည်ခဲ့ဘူး။ငယ်ငယ်တုန်းကဖြူအကြောက်ဆုံးက သူနဲ့ တစ်သင်းထဲကျရမှာပါ။ဖြူက ဘယ်အရာမဆို စနစ်တကျနဲ့ လေးလေးနက်နက်လုပ်တတ်တဲ့အကျင့်ရှိသည်။သူကတော့ ဘယ်အလုပ်မလို ပေါ့ပေါ့ပျက်ပျက်နဲ့ အရေးမကြီးသလို အမြဲလုပ်သည်။ပြီးတော့ ဘယ်ပြဿနာမဆို ၀င်ပါပြီး ဆရာကြီးလုပ်တတ်သေးသည်။ထိုအချက်တွေကြောင့် ငယ်သူငယ်ချင်းဖြစ်သော်ငြားလည်း ဖြူသူအပေါ်ကြည့်မရခဲ့ခြင်းဖြစ်သည်။

အခုဖြူအိမ်သူရောက်လာတော့ ဖြူအံ့ဩရသည်။သူနဲ့စကားစမြည်ပြောရင်း သူကျောင်းဆရာလုပ်နေတာသိရတော့ ပိုအံ့ဩရသည်။သူလိုအလေးအနက်မရှိတဲ့ သူတစ်ယောက်က ကျောင်းဆရာတဲ့လား။ဖြူဆီကို လာတဲ့လူတိုင်းက ဖြူကြုံခဲ့တဲ့ အဖြစ်အပျက်ကိုပဲ လှည့်ပတ်မေးတဲ့သူတွေ၊ဖြူကို စိတ်မကောင်းကြောင်းပြောတဲ့သူတွေ၊သနားတဲ့အကြည့်တဲ့ကြည့်တဲ့လူတွေကများသည်။ဒါပေမယ့် ဇေယျကတော့ သူတို့နဲ့မတူပဲ ဖြူကို မင်္ဂလာပွဲအကြောင်းလည်း တစ်ခွန်းမှမမေးခဲ့ဘူး။ဖြူကိုလည်း နှစ်သိမ့်မပေးဘူး။ငယ်သူငယ်ချင်းတစ်ယောက်ကို ပြန်ဆုံရလို့ ၀မ်းသာအားရဖြစ်နေတဲ့ ပုံစံမျိုးနဲ့ပဲ ဖြူကို စကားပြောသည်။ဘာလို့မှန်းမသိပေမယ့် သူရဲ့အပြုံးတွေက ဖြူကိုစိတ်သက်သာရာရစေခဲ့သည်။ဖြူဆီလာလည်တိုင်း ပန်းလေးတွေယူလာတတ်သည်။တစ်ခါတစ်လေ ပုန်းညက်ပန်းတွေ၊တစ်ခါတစ်လေ စကားဝါပန်းတွေ ယူလာတတ်သည်။

သူပေးတဲ့ပန်းတွေကို ဖြူ့အခန်းထဲက ပန်းအိုးမှာ ဖြူအမြဲစိုက်ထားတတ်သည်။အခန်းထဲကို ၀င်လာတိုင်းပန်းအနံ့လေးကြောင့် ပန်းခင်းထဲရောက်သွားသလိုခံစားရသည်။တစ်နေ့မှာတော့ သူကစက်ဘီးတစ်စီးနဲ့ ရောက်လာပြီး လယ်ကွင်းတွေဖက် လိုက်ခဲ့ဖို့ခေါ်သည်။ဖြူတို့ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းအနောက်ဖက်ဆီက လယ်ကွင်းတွေကြားထဲမှာ ကစားခဲ့တာကို ဖြူအမှတ်ရမိသည်။ဖုန်တွေသိပ်နေတဲ့ မြေနီလမ်းကတွေကို ဖြတ်ပြီး လယ်ကွင်းတွေဆီရောက်ခဲ့သည်။ဖုန်နံတွေလှိုင်လှိုင်ကြားက ခရီးဆက်ခဲ့ရပေမယ့် နောက်ဆုံးရောက်လာတဲ့ နေရာကြောင့် ဖြူအမောပြေသွားသည်။ပုစွန်ဆီရောင်သန်းနေတဲ့ကောင်းကင်ကြီးနဲ့ ၀င်လုဆဲဆဲနေလုံးကြီးကို တွေ့လိုက်ရတော့ အိမ်မက်မက်နေသလို ခံစားချက်မျိုး ဖြူရသည်။တိမ်တွေကလည်း ပန်းရောင်သန်းလို့။မိုးပြာရောင်‌နောက်ခံနဲ့ပန်းနုရောင်တိမ်တိုက်တွေ ရောယှက်နေတဲ့ မြင်ကွင်းက ပန်းချီကားတစ်ချပ်ကို မြင်လိုက်ရသလိုမျိုးဖြစ်သည်။

"လှလိုက်လိုက်တာနော ဇေယျ။အခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပဲ။"

"ဟုတ်တယ်။ငါဒီမြို့ကထွက်မသွားနိုင်တာလည်း ဒီအလှတွေကြောင့်ပဲ။"

"နင်ဒီမြို့ကထွက်သွားမလို့ စီစဉ်သေးတာလား"

"အေးဟုတ်တယ်။အမေဆုံးတုန်းကပါ။ငါမှာတွယ်တာစရာလည်း မရှိတော့ဘူးဆိုပြထွက်သွားဖို့စဉ်းစားမိတာ။"

"နင်အမေဆုံးတာကြာပြီလား ဇေယျ။"

"ကြာပြီဆိုပါတော့။အဲတုန်းက ငါအမေသေတော့ ငါကမငိုပဲ ရယ်နေလို့ လူတွေက ငါကိုရူးသွားပြီတောင်ထင်ကြတာ။"

ကျွန်မကရယ်ရင်း"နင်ကအထဲက အရူးပဲဟာကို။နင်တကယ်စိတ်လွတ်ပြီး ရယ်ခဲ့တာလား"

"မဟုတ်တာဟာ။ငါအတွေးနဲ့ငါရယ်တာပါ။လူတွေသေရင် ငိုရမယ်လို့ ဘယ်ဥပဒေမှာရှိလို့လဲ။သူသေလို့ ငါငိုတာမြင်ရင် ငါအမေ ဘယ်စိတ်ကောင်းမလဲ။အဲဒါကြောင့်ငါကရယ်တာလေ။အဲဒါကို ငါကိုအရူးလို့ ထင်သွားကြတာ။"

"နင်ကလည်းနင်ပဲ။အမြဲတမ်း ပေါ့ပျက်ပျက်နေနေတဲ့ဟုတ်တာ။"

"ငါပေါ့ပျက်ပျက်နေတာမဟုတ်ဘူးဖြူ။ပေါ့ပေါ့ပါးပါးနေတာ။ဘ၀ကိုလေးလေးနက်နက်ဖြတ်သန်းရင် နင်လေးလေးနက်နက်ခံစားရမှာ။နင်အပေါ်ပဲတာ၀န်တွေပိနေသလို။နင်ကိုပဲလောကကြီးက ရက်စက်နေသလို။ဒါပေမယ့် ပေါ့ပေါပါးပါးနေရင်ကျ မတူတော့ဘူးဟ။ငိုစရာကိစ္စတွေထဲမှာတောင် ရယ်စရာရှာတတ်လာတယ်။ငါကို လူရွှင်တော်ကြီးလို့ နင်ကထင်ချင်ထင်မှာပေါ။တကယ်တော့ ငါမှာလည်း တာ၀န်ယူစရာတွေများတယ်။ဒါပေမယ့် အဲဒါကိုငါက ထိုင်ညည်းနေရုံနဲ့ ထိုင်ပြီးအပြစ်တင်နေရုံနဲ့ ဘာမှမဖြစ်သွားတာ။အဲတော့ အဲဒါကိုရယ်ရယ်ပြုံးပြုံးပဲရင်ဆိုင်လိုက်မယ်လေ။အဲဒါပိုမကောင်းဘူးလား။"

"နင်ဟာနဲ့နင်တော့ ဟုတ်နေတာပဲ။"

"ဟုတ်တာပေါ့။ဇေယျပဲဟာ။"

သူပြောတဲ့စကားတွေက ဖြူစိတ်ထဲက ပုစ္ဆာတစ်ခုကို ဖြေရှင်းနေသလိုခံစားလိုက်ရသည်။
"ဒါနဲ့ ဇေယျ။နင်အသက်ရှင်ရတာ ကောင်းတယ်လို့ထင်လား။သေသွားတာကောင်းတယ်လို့ထင်လား။"

"နှစ်ခုလုံးကောင်းတယ်။သေသွားတာလည်ကောင်းတယ်။စောစောစီးစီး အေးချမ်းသွားတာပေါ့။ဒါပေမယ့် ငါထင်တာတော့ အသက်ရှင်ရတာပိုကောင်းတယ်။သေခါနီးလူတစ်ယောက်က ရှင်သန်ခြင်းရဲ့ တန်ဖိုးကို အသိဆုံးတဲ့။ငါတို့အသက်ရှင်နေသရွေ့ ဘာမဆိုဖြစ်လာနိုင်သေးတယ်။ဆိုးဝါးတာတွေလည်းဖြစ်နိုင်တယ်။ဒါပေမယ့် ဆိုးဝါးတာတွေကြီးကြုံနေလို့လည်းစိတ်မညစ်လိုက်နဲ့။အကောင်းတွေလည်း ကြုံလာနိုင်သေးတယ်။ငိုစရာကိစ္စ‌တွေရှိနေပေမယ့်လည်း ရယ်စရာကိစ္စတွေလည်း ရှိ‌လာနိုင်သေးတယ်။အခုတိမ်လေးတွေကြောင့် နင်ပျော်နေတယ်မလား။ညရောက်သွားမှာကိုနင်စိုးရိမ်လိမ့်မယ်။ဒါပေမယ့် တကယ်တမ်းညရောက်သွားရင် တိမ်တွေမရှိတော့ဖို့ နင်ဆုတောင်လိမ့်မယ်။အဲဒါမှကြယ်လေးတွေကို မြင်ရမှာလေ။"

ဘာမှပြန်မပြောနိုင်တော့တဲ့ ဖြူရဲ့မျက်နှာကိုကြည့်ရင်း"နင်သိလား။လူတွေက ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တို့၊‌ပျော်ရွှင်မှုတို့ဆိုပြီး လိုက်ရှာဖွေကြတယ်။အဲဒါကို တစ်ချို့က ငွေတွေလို့ထင်ကြတယ်၊တစ်ချို့ကတော့ အိမ်မက်တွေပေါ့။ငါအတွက်ကတော့ အဲဒါက အရှိကိုအရှိအတိုင်းလိုက်ခံနိုင်ခြင်းပဲ။ငိုစရာရှိလာတဲ့အခါ မျက်ရည်တွေကို သွန်ချပြီးငိုလိုက်တာ၊ရယ်စရာရှိလာတဲ့အခါ ‌အာပြဲကြီးနဲ့ အော်ရယ်လိုက်တာက ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ပဲ။ပင်ပန်းလာတဲ့အခါ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တာ၊ကလေးတွေကို ရယ်အောင်လုပ်ပေးနိုင်တာက ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပဲ။ကိုယ့်ရဲ့ ချို့ယွင်းချက်တွေ၊ကိုယ်မထိန်းချုပ်နိုင်တာ‌တွေကို လက်ခံပြီး အလှပဆုံးပြုံးရယ်နိုင်တာက ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။နင်လည်း နင်ကိုလေးလံစေတဲ့အရာအားလုံးကို လွှတ်ချပြီး ပြုံးပြုံးလေးရှင်သန်ကြည့်ပါ့လား။နင့်သွားတက်ကလေးတွေကအတော်လှတာသိလား"

ဖြူမျက်စောင်းတစ်ချက်ထိုးလိုက်လိုက်ပြီး"နင်ကတော့ မစရင်ကိုမနေနိုင်တာနေမယ်"

"နင်ကချီးကျူးတာကိုမကြိုက်တာပေါ။အဲဒါဆို နင်ကိုငယ်ငယ်တုန်းကလို မျက်ပြူးလို့ပဲခေါ်တော့မယ်။မျက်ပြူးမ..ဟားဟား....။


"နင်တော်တော့နော်...."

"မျက်ပြူးမလေးက စိတ်ဆိုးနေပါတယ်ခင်ဗျာ"

"တော်တော့ဆို ငါလုပ်ရင်သေတော့မယ်"

ရယ်မောသံတွေနဲ့အတူနေမင်းကြီးကလည်း မြေကြီးထဲကို တဖြည်းဖြည်းတိုး၀င်သွားသည်။တိမ်လေးတွေကလည်း လွင့်ပြယ်လို့။ညရောက်ရင်တော့ ကြယ်လေးတွေထွက်လာကြဦးမည်။

#SandiCho
#ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း