သစ်တိုင်းမွှေး
လူတို့သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ထိုသို့ပြောင်းလဲစေဖို့လည်း တစ်စုံတစ်ခုက အမြဲ တွန်းအားအဖြစ်တည်ရှိနေတတ်သည်။ဤသည်မှာ ပြောချင်သည်က ကျွန်တော်သည်လည်း ပြောင်းလဲခဲ့သည်။ရုတ်ချည်း ပြောင်းလဲပြစ်သည် မဟုတ်ပဲ ကျွန်တော်အတွေးအခေါ်များကြောင့် တဖြေးဖြေး၊တရွေ့ရွေ့ ပြောင်းလဲသွားခြင်းဖြစ်သည်။
လူတို့သည် ပြောင်းလဲဖို့ အကြောင်းပြချက် အမျိုးမျိုးပေးကြသည်။ကိုယ်ကိုယ်ကို အတွက်ပြောင်းလဲခြင်း၊တစ်စုံတစ်ခု၊တစ်စုံတစ်ယောက်အတွက် ပြောင်းလဲခြင်း စသော ပြောင်းလဲခြင်းများစွာထဲမှာ ကျွန်တော်သည် ကိုယ်ကိုယ်ကို အတွက် ပြောင်းလဲခဲ့ရပါတယ်။ကိုယ်ကိုယ်ကို ချစ်၍ ကိုယ်တိုးတက်ဖို့ အတွက် ပြောင်းလဲကာ လမ်းစသစ်ကို ရှာသည့်သဘောမျိုးပါပင်။ကျွန်တော်ပြောင်းလဲ သွားတဲ့အကြောင်းအရင်းမှာ သိပ်မရေရာသော်လည်း အတွေးလေးတစ်စကြောင့် ဖြစ်ပါလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။
''ပညာရှာချိန် ပညာမှလွဲ အခြားကို အာရုံစိုက်လျှင် ကျဆုံးတတ်သည်''''စာကိုပဲ အာရုံစိုက်"ဤစကားတို့သည် ဘယ်ကစသည်မသိရသော်လည်း ကျွန်တော်ကျောင်းနေစဉ်တုန်းက တိုးတစ်ဖုံ၊ကျယ်တစ်မျိုးကြားခဲ့ရသော စကားသံ ဖြစ်၏။သို့သော်ငြား ကျွန်တော်စိတ်ထဲ ဤစကားမှန်သော်လည်း ရာနူန်းမပြည့် ဟုသော အတွေးတို့ရှိနေလေသည်။
ကျွန်တော်ထင်သည်မှာ ကျောင်းစာလည်း အရေးကြီးအလျောက် ပြင်ပ၌ အခြားသော ပညာရပ်တို့သည်လည်း အရေးကြီးသည်။ကျောင်းစာသည် မိမိဘဝ၌ အသုံးတည့်သကဲ့သို့ အခြားသော ပညာရပ်တို့သည်လည်း မိမိနေစဉ်ဘဝ၌ အသုံးဝင်လေမည်။ပြီးနောက် ကျောင်းစာကိုသာ မတရား အရေးပေးလျှင် အခြားသောပညာရပ်တွေ သင်ယူဖို့ အခွင့်အလမ်းများ လွတ်နိုင်သည်ဟူ၍ ထင်မြင်မိခဲ့သည်။
ကျွန်တော်အနေနဲ့ ဤသို့ အဘယ်ကြောင့်တွေးသည်ဟု ပြောရမည်ဆိုလျှင် ပညာဆိုသော အရာကို ပြောချင်ပါသည်။ပညာဟူသည် ခွဲခြားသိမြင်နိုင်တဲ့ အသိဉာဏ်၊လက်တွေ့အသုံးချနိုင် အတတ်ပညာတို့ဖြစ်သည်။သို့ဖြစ်ရာ ကျွန်တော်တို့အသက်ရှင်နေသမျှတော့ ပညာဆိုသော အရာကို သင်ယူရပါမည်။ပညာမှာ များလှစွာသော အခန်းဏ္ဍများရှိလျက် ကျွန်တော်တို့သာ တစ်ခုတည်းကိုသာ သင်ယူနေလျှင် အသစ်အဆန်းဟုသည့် အခွင့်အလမ်းတို့ဟာ ပျောက်ခြင်းမလှ ပျောက်သွားနိုင်ပါသည်။
ဤအတွေးတို့ဟာ ကျွန်တော်ကို အခွင့်အလမ်းများစွာ ယူဆောင်ပေးသလိုပင်။ကိုယ်ဘေးနားက များစွာသော လက်မှုပညာ၊အနုပညာတို့ကို လည်း လက်တွေ့အသုံးချနိုင်ဖို့ရာ သင်ခဲ့သည်။ခွဲခြားစိတ်ဖြာနိုင်သော အသိပညာကိုလည်း စာအုပ်တွေထဲက လည်းကောင်း၊လူကြီးသူမတို့ စကားများတဆင့် သင်ယူခဲ့သည်။
ကျွန်တော်၏ '' စာမှစာ''ဟုသော စိတ်နေရာ၌" ပညာမှ ပညာ" ဟုသော စိတ်သည် အစားထိုး ဝင်ရောက်ကာ အသစ်သစ်သော ပညာရပ်တို့အား စူးစမ်းချင်လာသည်။နည်းပညာဖြစ်စေ၊လက်မှုပညာဖြစ်စေ ဘယ်နေရာမဆို အသုံးတည့်ရင် အသုံးဝင်မယ်ဆိုတဲ့ စိတ်ကလေးက ကျွန်တော့်အတွက် များစွာအကျိုးရှိပါသည်။ဤသို့သော ပြောင်းလဲမှုသည် ကျွန်တော့်ဘဝ၌ သိပ်အရေးပါသည်ဟု ဆိုရမှာပင်။ကျွန်တော့်အနေနဲ့ စာဟူသော ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ပညာဟူသော ရပ်ဝန်းထဲ စတင်အခြေချလာသည့် လမ်းအစ ဖြစ်ခဲ့သည်။
စာလုပ်ချိန်မရှိမှာစိုး၍ အချို့သော ပညာရပ်တို့ကို မသင်ယူခဲ့သော ကျွန်တော်ဟာ ကျောင်းစာလည်း မလစ်ဟင်းစေရ၊ဝါသနာလည်း မစွန့်လွှတ်စေအောင် အချိန်စီမံခန့်ခွဲတတ်တဲ့ ပညာနှင့် အသုံးချနိုင်ခဲ့သည်။ယခင်အများသူငှာနှင့် ပေါင်းသင်းဝင်ဆံမှု အားနည်းခဲ့တဲ့ ကျွန်တော်ဟာ ပေါင်းသင်းဆက်ဆံရေး ပညာကြောင့် မိတ်ဆွေများများနှင့် ဆက်ဆံရေးအဆင်ပြေလျက်ရှိသည်။
အခြားသော ပြဿနာဖြေရှင်းနိုင်စွမ်းကဲ့သို့ လက်တွေ့ကျတဲ့ ပညာတွေကလည်း နေ့စဉ်ဘဝမှာ အကူအညီအဖြစ်ရှိနေပါသည်။ဒါတင်မက စိတ်ပိုင်းဆိုင်ရာကြံခိုင်မှု ရှိစေဖို့လည်း ကျွန်တော်တို့ဟာ သင်ယူရပါမည်။ကမ္ဘာကြီးဟာ နာရီ၊မိနစ်၊စက္ကန့်နဲ့ အမျှပြောင်းလဲနေသလို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အချိန်နှင့် အလိုက်သင်ယူရတာမျိုးတွေရှိပါသည်။အချို့အပြောချိုတဲ့သူ တွေ့ရင် အပြောချိုဖို့သင်ယူရသလို၊နည်းပညာအားကောင်းလာလျှင် အဲ့နည်းပညာကို အသုံးချဖို့ သင်ယူရတာမျိုးပါ။
ပညာဟူကာ မကုန်ခမ်းနိုင်သော ပင်လယ်ရေကဲ့သို့ပင် ကျွန်တော်တို့ဘေးတစ်ဝိုက်မှာ တည်ရှိနေသည်။ကျွန်တော်တို့အနေနဲ့ အသုံးမပြု၍ ပျောက်ကွယ်သွားစေရန် လွှတ်ထားမိလိုက်သော ပညာတို့သည် ဤအချိန်၌ မည်မျှပင် တန်ဖိုးရှိနေလောက်မလဲ။အတိတ်ကို တွေးကာ နောင်တ တမြေ့မြေ့ရခြင်း မဖြစ်စေချင်သော်လည်း အတိတ်က ပညာတို့အစား လက်ရှိ၌ များစွာသော ပညာရပ်တို့ကို သင်ယူလေ့လာစေချင်ပါသည်။
အသစ်သစ်သော ပညာရပ်တို့ သင်ယူရသည်မှာလည်း ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အစပြုရာပါပဲ။အလုပ်လက်မဲ့ တစ်ယောက်ကို ပညာက အလုပ်အကိုင်ရှိသော လူအဖြစ် ပြောင်းလဲနိုင်သည်။ အမှားမှန် မခွဲခြားနိုင်သည့် သူကို ဝေဖန်နိုင်စွမ်းရှိသည် လူတစ်ဦး အဖြစ် ပညာက ပြောင်းလဲ ပြစ်နိုင်သည်။
ကျွန်တော်ယုံပါသည်။တိုးတက်ဖို့ ကြိုးပမ်းနေသော လူတစ်ယောက်ကို ပညာက အသစ်သစ်သော အရည်အချင်းတို့နှင့် ပြည့်စုံစေလိမ့်မည်။အရည်အချင်းအရေးအသွေးတို့နှင့် ပြည့်စုံသောလူသည် အများအလယ်
ပတ္တမြားကဲ့သို့ ဂုဏ်အဆင်းအင်္ဂါနှင့် ပြည့်စုံသောလူဖြစ်ပေလိမ့်မည်။
ကျွန်တော်သည်လည်း အများသူငှာ အလည် ဂုဏ်ဝင့်ချင်သော လူဖြစ်သည်လျောက် အသစ်သစ်သော ဝါသနာပါရာ ပညာရပ်တို့ကို ဆည်းပူးသင်ယူရသည်။ကျွန်တော်ယုံကြည့်ပါသည်။နောက်အခါ ပညာသည် ကျွန်တော်အား ကောင်းမွန်သော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်ကြောင်း၊ပြောင်းလဲပေးမည်ဖြစ်ကြောင်း ယုံကြည့်မိပါသည်။
ဤသို့နှယ် ယုံကြည့်စေရန်လည်း ကိုယ်ကိုယ်ကိုယုံကြည်မှုအားနည်းသော၊လူဝင်မဆံသော ၊ပြဿနာကို မဖြေရှင်းနိုင်သော ကျွန်တော်အား အနီးအနားက အသိပညာ၊အတတ်ပညာတို့ဟာ တိုးတက်ဖို့ရာ ပြောင်းလဲပေးခဲ့သောကြောင့်ဖြစ်ပေသည်။
Keep Reading