Author's Profile Photo

Noble

13/09/2025

‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’

1 min read
Life Style
Entrepreneurship
Psychology

သားကောင်ဆိုတာ တစုံတရာ အန္တရာယ်ကို အမြဲစောင့်ကြည့်နေရသလို တချိန်ချိန်မှာ အမဲလိုက်ခံရမယ့် အနေအထားနဲ့ ထိတ်လန့်ကြောက်ရွံ့နေတတ်ကြပါတယ်။ ကျွန်မတို့တွေဟာလည်း ဒီသားကောင်တွေလိုမျိုးပဲ ရှင်သန်နေထိုင်နေကြတယ်ဆိုတာကို သတိထားမိကြရဲ့လား? 


ဘယ်သူကတော့ ငါ့ကို ဘယ်လိုပြောမှာ၊ ဘယ်သူကတော့ ငါရဲ့ လုပ်ဆောင်ချက်ကို ဘယ်လို မေးခွန်းထုတ်မှာ၊ ဘယ်သူကတော့ ငါ့ကိုနောက်ကျောကနေ ဓါးနဲ့ထိုးမှာ စတဲ့ အတွေးပေါင်းများစွာနဲ့ ထိတ်လန့်မှုတွေ ရှိနေကြစမြဲပါ။ ဒါက သဘာဝရဲ့ ဖြစ်စဥ်အနေနဲ့ ကိုယ့်ကိုယ့်ကို ကာကွယ်တဲ့နည်းလမ်း ဖြစ်တယ်ဆိုပေမယ့် သားကောင်စိတ်ဓါတ်ကို လိုတာထက် ပိုပြီး မွေးမြူမိတဲ့အခါမှာတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ လုပ်ဆောင်နိုင်စွမ်းနဲ့ အရည်အချင်းတွေက ငုပ်လျှိုးသွားနိုင်မှာ ဖြစ်ပါတယ်။ 


ဒါဆိုရင် သားကောင်စိတ်ဓါတ်နဲ့ သူရဲကောင်းစိတ်ဓါတ်ဘယ်လို ကွာခြားလဲ? 


(၁) ကိုယ့်ရဲ့ အမြင်ကို ထုတ်ဖော်ပြောဆိုမှု 


ကိုယ့်ရဲ့ အယူအဆ အမြင်ကို တင်ပြဖို့အတွက် အခြေအနေ ပေးလာချိန်မှာ သားကောင်စိတ်ဓါတ်ရှိသူတွေ အနေနဲ့ တခြားသူတွေရဲ့ အထင်အမြင်တွေကို ကြောက်တာကြောင့် ထုတ်ဖော်ပြောပြဖို့ ဝန်လေးကြပေမယ့် သူရဲကောင်းစိတ်ဓါတ် ရှိသူတွေကတော့ ကိုယ့်ရဲ့ အိုင်ဒီယာနဲ့ အတွေးအခေါ်တွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောရဲကြပါတယ်။ 


(၂) အပြစ်တင်မှု 


သားကောင်စိတ်ဓါတ် ရှိသူတွေ အနေနဲ့ အဖြစ်အပျက်တခု၊ ပြဿနာတခု ဖြစ်တိုင်းမှာ ကိုယ်တိုင် ဒါမှမဟုတ် တခြားသူတွေကို အပြစ်တင်ဝေဖန်တတ်ကြပြီး သူရဲကောင်းစိတ်ဓါတ် ရှိသူတွေကတော့ အပြစ်တင်မယ့်အစား တာဝန်ယူစိတ် အပြည့်အဝထားသလို ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူပြီး နောက်တကြိမ် မဖြစ်စေဖို့ ကြိုးစားလေ့ရှိကြပါတယ်။ 


(၃) မျှော်လင့်ချက်နဲ့ ရှင်သန်ခြင်း 


သားကောင်စိတ်ရှိသူတွေ အနေနဲ့ အချိန်တိုင်းလိုလို စိတ်ဓါတ်ကျနေတတ်ပြီး ဘဝမှာ ဘာကြောင့် ရှင်သန်ရလဲဆိုတဲ့ အဓိပ္ပါယ်နဲ့ မျှော်လင့်ချက်တွေ ကင်းမဲ့နေတတ်ပါတယ်။ သူရဲကောင်းစိတ်ဓါတ် ရှိသူတွေ အနေနဲ့ကတော့ ဘဝရဲ့ အဓိပ္ပါယ်ပျောက်ဆုံးတဲ့တိုင်အောင် ပြန်ရှာဖွေတတ်သလို အခြေအနေအချိန်ခါတိုင်းကို လိုက်လျောညီထွေဖြစ်အောင် အမြဲ ကြိုးစားလေ့ရှိပါတယ်။ 


(၄) ပြဿနာဖြေရှင်းပုံ 


သားကောင်စိတ်နဲ့ ရှင်သန်ကြသူတွေဟာ ပြဿနာကို ဖြေရှင်းရမယ့်အစား၊ ပြဿနာကိုပဲ ဦးတည်တတ်ပြီး ပြဿနာနဲ့ပတ်သက်တဲ့ တရားမမျှတမှုတွေ၊ အခက်အခဲတွေကိုပဲ ပိုမြင်တတ်ကြပေမယ့် သူရဲကောင်းစိတ်ဓါတ်ရှိသူတွေကတော့ ပြဿနာကို  ဘယ်လို ဖြေရှင်းရမလဲ ဒီပြဿနာကနေ ဘာအခွင့်အလမ်းနဲ့ ဘာသင်ယူမှုတွေ ရလဲဆိုတာကိုပဲ အလေးထားလေ့ရှိပါတယ်။ 


(၅) မှီခိုခြင်းနဲ့ လွတ်လပ်ခြင်း 


သားကောင်စိတ် ရှိသူတွေအနေနဲ့ အခြေအနေတိုင်းမှာ တခြားသူကို မှီခိုဖို့ ကြိုးစားတတ်သလို ဆင်ခြေ ပြတတ်ကြသူတွေ ဖြစ်ပေမယ့် သူရဲကောင်းစိတ်ရှိသူတွေ အနေနဲ့ မှီခိုမှုကင်းစွာနဲ့ အရာရာကို စွမ်းဆောင်နိုင်ရာကနေ အရည်အချင်းနဲ့ စွမ်းအားမြင့်တက်လာကြတာ ဖြစ်ပါတယ်။ 

ဒါ့ကြောင့် သားကောင်စိတ်ဓါတ် ရှိသူတွေအနေနဲ့ ‘ငါဒါကို မထိန်းချုပ်နိုင်ဘူး’၊ ‘ဒါက ငါ့ကြောင့်ဖြစ်တာ မဟုတ်ဘူး’ ၊ ဒီလို ပြဿနာတွေက ‘ငါ့မှာပဲ လာဖြစ်တယ်’ ၊ ‘ငါသိပ်ကို ကံဆိုးတာပဲ’ စတဲ့ စကားလုံးတွေကို ပြောတတ်ကြတဲ့ Fixed Mindset သမားတွေ ဖြစ်ပါတယ်။ သူရဲကောင်းစိတ်ဓါတ် ရှိသူတွေကတော့ ‘ငါ့အတွက် ဘာရွေးချယ်စရာ ရှိဦးမလဲ’၊ ‘ဒီပြဿနာရဲ့အဓိကအကြောင်းအရင်းက ဘာကို ပြသနေတာလဲ’ ၊ ‘ဒီအခြေအနေက ငါ့အတွက် အခွင့်အရေးတခု ဖြစ်လာနိုင်တာပဲ’၊ ‘ငါဒါကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်’ ဒီလို စကားလုံးတွေနဲ့ အမြဲပြောင်းလဲတိုးတက်နေကြတယ် Growth Mindset သမားတွေ ဖြစ်ကြပါတယ်။


သင်ရော သားကောင်စိတ်ဓါတ်နဲ့ ရှင်သန်မလား? 

သူရဲကောင်းစိတ်ဓါတ်နဲ့ ဘဝကို အဓိပ္ပါယ် ရှိရှိဖြတ်သန်းချင်လား? 


Coach Yu Wah 

13.9.2025 



 







Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော့်ပြောင်းလဲမှု အချို့၏ အစအမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုး