မောရိသျှ
Geoff Colvin (ဂျီးအော့ဖ် ကိုဗင်) ပြောခဲ့တာလေးကို ဆက်ပါမယ်။ အစဉ်တစိုက်လေ့ကျင့်ခြင်း အလေ့အထနဲ့ ပတ်သက်ပြီး သူ့ဆောင်းပါးထဲမှာ ထပ်ဆင့် ပြောထားတဲ့ နောက်တစ်ချက်က -
“ကိုယ်သိပြီးသား အလုပ်ကို လုပ်ရတာက အဆင်ပြေတယ်၊ စိတ်ချမ်းမြေ့ရတယ်၊ ဖြစ်ချင်တော့ အစဉ်တစိုက် လေ့ကျင့်တဲ့ အလေ့အထ နဲ့ အရည်အချင်းတွေကို တိုးတက်အောင်လုပ်တဲ့ အလုပ်က ထင်ထားသလို၊ အဆင်ပြေ မနေဘူး၊ ခက်ခဲမှုတွေရှိနိုင်တယ်၊ အတားအဆီးတွေ ရှိတယ်၊ ထင်မှတ်မထားတဲ့ စိန်ခေါ်မှုတွေကြောင့် စိတ်ကသိ ကအောက် ဖြစ်ရတတ်တယ်။ အရည်အချင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာရုံစူးစိုက်မှု အပြည့်လိုအပ်တယ်။ အတွေးများနေလို့ မရသလို၊ အပြောများနေလို့ အလုပ်မဖြစ်ဘူး။ ပစ်ပေါက်လိုက်တဲ့ တင်းနစ်ဘောလုံးလေးကို မထိမချင်း ရိုက်တတ်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဖြေထုတ်ရသလိုပဲ၊ ကိုယ်လိုချင်တဲ့ အတိုင်းအတာ တစ်ခု အထိ မရောက်ရောက်အောင် လက်တွေ့၊ စာတွေ့ ဆည်းပူးလေ့လာရတဲ့ အလုပ်က အတော်လေး လက်ဝင်တယ်”
အန်ဒါစ် အဲရစ်ဆန် ရဲ့ စစ်တမ်းတွေမှာလဲ ဂျီးအော့ဖ် ကိုဗင်ပြောထားတဲ့အချက်တွေကို သတိပေးထားပြီးသားပါ။ အစဉ်တစိုက်လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး သတင်းကောင်းက - တန်းမီရုံလောက် အဆင့်ထက် ပိုပြီး စွမ်းဆောင်နိုင်အောင် တွန်းအားပေးနိုင်ခြင်းဖြစ်ပြီး၊ သတင်းဆိုးကတော့ ကိုဗင်ပြောထားတဲ့အတိုင်းပါပဲ၊ အစဉ်တစိုက်လေ့ကျင့်တဲ့ အလုပ်က ပျော်စရာမကောင်းဘဲ၊ စိတ်ပင်ပန်းရနိုင်ပါတယ်။
အစဉ်တစိုက်လေ့ကျင့်မှုကြောင့် ခံစားရတာကို “အဆန့်” လို့ ကျွန်တော် သုံးထားတယ်။ ဘာလို့လဲဆိုတော့၊ ကျွန်တော်ကိုယ်တိုင် ခံစားထားရတဲ့ အတွေ့အကြုံကြောင့်ပါ။ သမားရိုးကျ လေ့ကျင့်တဲ့ နည်းအတိုင်း သင်္ချာတွက်နည်းကို သင်တိုင်းမှာ၊ ခေါင်းကို အတင်း ဖိအားပေးရသလို ဖြစ်သွားတော့၊ ဆွဲဆန့်လိုက်သလိုမျိုး ခံစားရတယ်။ သင်္ချာသမားတိုင်း ဒီခံစားချက်ကို သိပါတယ်၊ ဘာပဲ တွက်တွက် ခနခန တွက်ထားမှ၊ မတူတဲ့ တွက်နည်းတွေကို ကျွမ်းကျင်သွားဖို့ ထပ်ခါထပ်ခါတွက်မှ ဖြစ်သလိုမျိုးပါ။ အဲဒီတော့ ကောင်းနိုင်ဖို့အတွက် ဆန့်ပြီး လုပ်ရသလိုဖြစ်ပါတယ်။
“ကောင်း” ဖို့အတွက် လုပ်ပြီဆိုမှတော့ သာယာမှာတော့ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် လုပ်နေတယ်၊ ဒါပေမဲ့ စိတ်ပင်ပန်းမှုတွေလဲ မကြုံရဘဲ၊ အေးဆေးဖြစ်နေသေးရင်တော့၊ “လက်ခံနိုင်ရုံလောက်” တန်းတစ်ခုမှာ ချောင်ပိတ်ရပ်တန့်နေမိလို့ပဲ ဖြစ်ပါလိမ့်မယ်။
အစဉ်တစိုက်လေ့ကျင့်မှုနဲ့ ပတ်သက်လာရင် ကိုယ့်အတွက် အဆင်မပြေတဲ့ အတားအဆီးကို ကျော်ဖြတ်လိုက်ဖို့နဲ့၊ ကိုယ့်အမြင်အရ ကောင်းတယ်လို့ ထင်ထားတဲ့ပေါ် တစ်ပါးသူရဲ့ ဝေဖန်မှုကို လိုလိုလားလား လက်သင့်ခံနိုင်ဖို့ပါပဲ။ Fortune မှာ ထည့်ထားခဲ့တဲ့ ကိုဗင်ရဲ့ ဆောင်းပါးအရ - “ကိုယ့်အတွေးမှာတော့ အင်တာဗျူးအတွက် အစမ်းပြောဆိုကြည့်တာ အဆင်ပြေသလို ထင်ရပေမဲ့၊ ကိုယ့်အမြင်က တကယ့်လက်တွေ့မှာ အရေးမပါဘူးရယ်”
အကောင်းဆုံးဖြစ်အောင် လုပ်ထားပြီးပြီပဲလို့ တွေးလိုက်ပြီး၊ to-do list မှာ အမှန်ခြစ် ခြစ်နိုင်လိုက်ရုံလောက်ကို ကျေနပ်လိုက်လို့ မဖြစ်ပါဘူး။ တစ်ခါတလေ တစ်ဖက်သားရဲ့ ဝေဖန်မှု၊ ငြင်းဆန်မှု၊ ပွင့်လင်းမှုတွေက စွမ်းဆောင်ရည်ကောင်း၊ ရလဒ်ကောင်းတစ်ခု ဖော်ဆောင်နိုင်ဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ သော့ချက်တွေ ဖြစ်ကောင်း ဖြစ်နေတတ်ပါတယ်။
အဲလက်ဇ် ဘာဂျာကိုပဲ ဥပမာယူကြည့်ပါ။ သက်မွေးမှု လုပ်ငန်းနယ်ပယ် နဲ့ ဈေးကွက်ကို စိတ်ပိုင်းဖြတ်ပြီး ဇောက်ချလုပ်ဖြစ်တဲ့ ပထမဆုံးနှစ်ကို ပြန်တွေးကြည့်လိုက်ရင် အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း သူလုပ်ခဲ့တယ်။ VH1 အတွက် Pilot တစ်ခု နဲ့၊ National Lampoon မှာ သိကျွမ်းခဲ့တဲ့ ထုတ်လုပ်သူအတွက် Pilot တစ်ခု။ သူ့အရည်အချင်းတွေကို တိုးတက်စေခဲ့တဲ့အကြောင်းက အဲဒီအချိန်တုန်းက လက်တွဲလုပ်ခဲ့ရတဲ့ ပညာရှင်တွေရဲ့ အားမနာတမ်း ဝေဖန်မှုတွေကြောင့်ပါ။ သူလဲ ဝေဖန်တာတွေကို လိုလိုလားလား ကျေနပ်ခဲ့လို့၊ အောင်မြင်တဲ့ ဇာတ်ညွှန်းဆရာ ဖြစ်လာတာပါ။ အခုတော့ သူ့ကိုယ်သူ အဲဒီတုန်းက လုပ်ခဲ့ကိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ပေါ် “ရှက်စရာကြီး” အဖြစ် ပြောကောင်း ပြောနေပေမဲ့၊ အဲဒီတုန်းက ရခဲ့တဲ့ တုန့်ပြန်မှု၊ ဝေဖန်ခံရမှုတွေကြောင့် သူ့အရည်အချင်းတွေကို အခုလို အနေအထားအထိ တိုးတက်အောင် လုပ်နိုင်ခဲ့တာပါ။
#မောရိသျှ
Keep Reading