Author's Profile Photo

Kaung Hein Soe - Strategic

17/09/2025

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)

6 mins read
Personal Development
Business
သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)'s photo

အားလုံးပဲမင်္ဂလာပါ…
ဒီတစ်ခါမှာတော့ “သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အပိုင်းဆက်လေးတွေကို မျှဝေ ပေးသွားမှာပဲဖြစ်ပါတယ်။
           
ကျွန်တော်တို့က လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် ဘယ်လိုတွေးလဲဆိုတော့ ပစ္စည်းတစ်ခုကို တန်ဖိုးတစ်ခုနဲ့ ဝယ်လိုက်မယ်၊ ပြီးရင် ဒီပစ္စည်းကို တန်ဖိုးတစ်ခုနဲ့ ပြန်ရောင်းလိုက်မယ်၊ ဘယ်လောက်မြတ်မယ်ဆိုပြီး အမြတ်ကို သာ တွက်ချက်ပြီး အပေါ်ယံလေးပဲ သုံးသပ်မိလေ့ရှိကြပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းတစ်ခုကို စပြီး လုပ်လိုက်တဲ့ အချိန်မှာ Calculated Risk တွေကို Cover လုပ်နိုင်ဖို့နဲ့ ကာကွယ်နိုင်ဖို့လိုပါတယ်။ အဲဒီ Risk တွေကို မှားယွင်း သုံးသပ်မိတာ (သို့မဟုတ်) ဆုံးရှုံးနိုင်ခြေတွေကို မှားယွင်းတွက်ချက်မိရင် မြန်မာစကားပုံတစ်ခုလို “တွက်ရေးက တော့ စက်သူဌေးပဲ”၊ “ပြေးကြည့်တော့မှ စက်မရှိ” ဆိုတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။
           
အပိုင်း(၁)မှာတော့ လုပ်ငန်းလုပ်ချင်တဲ့သူတွေ၊ လက်ရှိလုပ်ငန်းလုပ်နေတဲ့သူတွေအတွက် မိတ်ဆွေတို့ရဲ့ လုပ်ငန်းက တကယ်ရောမြတ်နေရဲ့လားဆိုတာ သုံးသပ်ရမဲ့ အချက်ကလေးတွေ၊ လုပ်ငန်းမလုပ်ခင်မှာ စဉ်းစားရမဲ့ အချက်ကလေးတွေကို မျှဝေပေးချင်ပါတယ်။
           
စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် တစ်နည်းအားဖြင့် Trading တစ်ခုလုပ်မယ်ဆိုရင် နည်းလမ်း အားဖြင့် ၂ မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ “နေရာကိုကုန်သွယ်ခြင်း” ဖြစ်ပါတယ်။ “နေရာကိုကုန်သွယ်ခြင်း” ဆိုတာကတော့ ဒီဘက်ဒေသက ပေါများတဲ့ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူပြီးတော့ ရှားပါးတဲ့ဒေသမှာ အမြတ်တင် ပြီး ပြန်သွားရောင်းခြင်းမျိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဧရာဝတီတိုင်းက ဆန်စပါးပေါများတဲ့အတွက် အဲဒီက နေ ဆန်စပါးတွေကိုဝယ်ပြီး ရှားပါးတဲ့ဒေသမှာ ပြန်ရောင်းမယ်။ ဒါမှမဟုတ် ပင်လယ်ကမ်းခြေနားက ရေထွက် ပစ္စည်းတွေပေါတဲ့ မြို့နယ်တွေ နေရာတွေကနေပြီးတော့ ရေထွက်ပစ္စည်းတွေကိုဝယ်ယူလိုက်ပြီး ရေထွက်ပစ္စည်း ရှားပါးတဲ့ ကုန်းတွင်းပိုင်းဒေသတွေကို ပြန်လည်ရောင်းချခြင်းသည် “နေရာကိုကုန်သွယ်ခြင်း” ဖြစ်ပါတယ်။ Production လုပ်ငန်းသည်လည်း နေရာကို ကုန်သွယ်ခြင်းထဲမှာလည်း ပါပါတယ်။ ကုန်ကြမ်းပစ္စည်းတစ်ခုကို နေရာတစ်ခုစီက ရယူပြီး နေရာတစ်ခုမှာ အချောသပ်ပြန်ထုတ်ပြီးတော့ ပြန်ရောင်းခြင်းသည် “နေရာကိုကုန်သွယ် ခြင်း” ဖြစ်ပါတယ်။
           
ဒုတိယတစ်ခုကတော့ “အချိန်ကိုကုန်သွယ်ခြင်း” ဖြစ်ပါတယ်။ “အချိန်ကိုကုန်သွယ်ခြင်း” သည် ပစ္စည်း တစ်ခုကိုဝယ်ယူထားပြီး လှောင်ထားလိုက်ပါမယ်။ ခြောက်လ၊ တစ်နှစ်ကြာတဲ့အချိန် (သို့မဟုတ်)သူ့ရဲ့ ရာသီချိန် ရောက်တဲ့အချိန်၊ ဈေးတက်တဲ့အချိန်မှာ ပြန်ရောင်းလိုက်ရင် Profit အမြတ်အစွန်း မြိုးမြိုးမြက်မြက် ရမှာဖြစ်ပါ တယ်။ ဒါကို “အချိန်ကို ကုန်သွယ်ခြင်း” လို့ခေါ်ပါတယ်။ စီးပွားရေးလုပ်မယ်ဆိုရင် ဒီနှစ်မျိုးထဲကပဲ လုပ်ဆောင်ရ လေ့ရှိပါတယ်။ ကိုယ်လုပ်မဲ့ လုပ်ငန်းသည် နေရာကိုကုန်သွယ်မှာလား၊  အချိန်ကိုကုန်သွယ်မှာလား ဆိုတာကို အရင်ဦးဆုံးစဉ်းစားဖို့လိုပါတယ်။
           
ပုံမှန်အားဖြင့် စီးပွားရေးတစ်ခုစလုပ်မယ်ဆိုရင် ဘယ်လိုတွေးကြလဲဆိုတော့ များသောအားဖြင့် ပထမ တစ်နည်းဖြစ်တဲ့ “နေရာကိုကုန်သွယ်တဲ့နည်း” ကို အများစု လုပ်တတ်လေ့ရှိကြတယ်။ ကျွန်တော်တို့သည် “အေ” ဆိုတဲ့ နေရာကနေ ပေါများနေတဲ့ ပစ္စည်းလေးကို ဝယ်ပါမယ်။ ဒီပစ္စည်းကို တခြားရှားပါးတဲ့ဒေသတစ်ခုမှာ ပြန်ရောင်းမယ်။ ယူနစ်တစ်ခုကို တစ်သောင်းနဲ့ဝယ်မယ်။ ရှားပါးတဲ့ဒေသမှာ အဲ့ဒီပစ္စည်းကို တစ်သောင်းခွဲနဲ့ ပြန်ရောင်းမယ်။ ပစ္စည်းတစ်ခုရောင်းလိုက်တိုင်းမှာ Return on Investment လို့ခေါ်တဲ့ ထက်ဝက်နီးပါးမြတ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဘာကိုတွေးမိသလဲဆိုရင် ဒီဘက်မှာ တစ်သောင်းနဲ့ဝယ်ပြီး ဟိုဘက်ကို တစ်သောင်းခွဲနဲ့ ပြန်ရောင်းလိုက်ရင် ငါးထောင်မြတ်မယ်ဆိုပြီး အမြတ်ကိုပဲတွက်ပြီးတော့ စီးပွားရေးလုပ်ဖို့ စတင်ကြတဲ့သူတွေ လည်းရှိပါတယ်။ တကယ်တမ်းကျတော့ တစ်သောင်းနဲ့ဝယ်ပြီး တစ်သောင်းခွဲ ပြန်ရောင်းရင် တကယ်ပဲငါးထောင် မြတ်မှာလားဆိုတာကို အသေးစိတ်တွက်ချက်ဖို့လည်း လိုပါတယ်။

တော်တော်များများ မစဉ်းစားမိတဲ့ စကားလုံးက ဘာလဲဆိုတော့ “Cost of Goods Sold” လို့ခေါ်ပါတယ်။ “Cost of Goods Sold” ဆိုတာက ကုန်ပစ္စည်းတစ်ခုကို ကျွန်တော်တို့လက်ထဲကိုရောက်လာပြီးတော့ ရောင်းဖို့ အသင့်ဖြစ်တဲ့ အနေအထားထိရောက်အောင် ကုန်ကျရတဲ့စရိတ်ကို ခေါ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပစ္စည်း တစ်ခုရောင်းထွက်ဖို့အတွက် ကုန်ကျရတဲ့ စရိတ်တွေလို့ မြန်မာလို ဘာသာပြန်ရလေ့ရှိပါတယ်။ ဒီစရိတ်တွေကို ကောင်းကောင်းတွက်ချက်မိလေ့ ရှိကြမှာမဟုတ်ပါဘူး။ အများစုတွက်ချက်မိတာက ပစ္စည်းတစ်ခုကို တစ်သောင်း နဲ့ဝယ်ပြီး တစ်သောင်းခွဲနဲ့ပြန်ရောင်းရင် ငါးထောင်မြတ်မယ်ဆိုတာကိုပဲ တွေးမိကြပါတယ်။

“Cost of Goods Sold” ထဲမှာ တကယ့် Expenses ,Reality မှာ ဘာတွေကုန်မယ်ဆိုတာကို အသေအချာ သုံးသပ်ဖို့လိုပါတယ်။ ပထမဦးဆုံး ဘာကုန်မလဲဆိုတော့ သယ်ယူစရိတ် စပြီးတော့ ကုန်ပါမယ်။ ဒီဘက်ဒေသ ကနေ ဟိုဘက်ဒေသကို ကုန်ပစ္စည်းတွေသယ်မယ်ဆိုရင် ဘာတွေနဲ့ သယ်လို့ရသလဲ၊ ဘယ်လိုသယ်ရမှာလဲ၊ မော်တော်ကားနဲ့ သယ်ရမှာလား၊ လေယာဉ်နဲ့ သယ်ရမှာလား၊ ရထားလမ်းရောရှိလား၊ သင်္ဘောနဲ့ရောသယ်လို့ရ လား၊ ဘယ်နည်းလမ်းက စရိတ်စက အနည်းဆုံးဖြစ်မလဲ၊ ဘယ်နည်းလမ်းက အချိန် အတိုဆုံးဖြစ်မလဲ၊ ဘယ် နည်းလမ်းက စရိတ်အသက်သာဆုံးနဲ့ သယ်လို့ရမလဲ အစရှိတဲ့ သယ်ယူစရိတ်ကို သုံးသပ်တွက်ချက်ဖို့ လိုပါတယ်။

နောက်တစ်ချက်ကတော့ Transportation Cost တွေရှိပါမယ်။ ဂိတ်ကြေး၊ တံတားကြေး၊ လမ်းကြေးတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ခုနဲ့တစ်ခု ကုန်သွယ်တာဆိုရင် Text တွေဆောင်ရမယ်၊ အခွန်ဆောင်ရမယ်၊ Custom Clearence လုပ်ရတဲ့ စရိတ်တွေရှိလာပါမယ်။ ပစ္စည်းတစ်ခုကို နိုင်ငံခြားကနေ သင်္ဘောနဲ့သွင်းလာလိုက် တယ်၊ Custom စစ်မယ်၊ Custom Clear လုပ်ရတဲ့ Process မှာရော ဘယ်လိုမျိုးတွေရှိလဲ။ အခုခေတ်စားနေတဲ့ Online Shopping တွေဆို တရုတ်က ပစ္စည်းတွေမှာမယ်ဆိုရင် တရုတ်က အေးဂျင့်တစ်ဦးနဲ့ ချိတ်ဆက်ပြီးတော့ ပစ္စည်းမှာရပါတယ်။ မှာရတဲ့ ပစ္စည်းရဲ့ (၈)ရာခိုင်နှုန်း၊ (၁၀)ရာခိုင်နှုန်းကို အေးဂျင့်ဆီပေးရတဲ့ စရိတ်လည်း ရှိနိုင်ပါ တယ်။ နောက်တစ်ခါ အေးဂျင့်ဆီကနေ မြန်မာပြည်ထဲရောက်လာရင် ကိုယ်ရောင်းမဲ့မြို့ထိ ရောက်အောင် သယ်ယူလာရတဲ့ Transportation စရိတ်တွေကိုလည်း ထည့်စဉ်းစားရပြန်ပါတယ်။

နောက်ထပ် လုပ်အားခလည်းလိုလာပြန်ပါတယ်။ ပို့မဲ့ပစ္စည်းတွေကို ကားပေါ်တင်ဖို့၊ သင်္ဘောပေါ်တင်ဖို့ ရထားပေါ်တင်ဖို့ကို ကိုယ်တိုင် သွားသယ်မှာလား။ အလုပ်သမားငှားရဦးမှာလား ဆိုတာတွေကို ထပ်ပြီးတော့ စဉ်းစားဖို့လိုပါတယ်။ နောက်ထပ်အခွန်အခတွေရှိပါမယ်။ ဒီပစ္စည်းကိုသွင်းရတဲ့အတွက် အခွန်တွေ၊ အထူးကုန်စည် တွေဆိုရင် အထူးကြပ်မတ်တဲ့ အခွန်မျိုးတွေရှိပါမယ်။ ဒါတွေကိုလည်း သိထားဖို့လိုပါတယ်။

နောက်တစ်ချက် ထိန်းသိမ်းစရိတ်လိုပါတယ်။ ဥပမာ ကိုယ့်ရဲ့ ပစ္စည်းက သားငါးတွေဖြစ်နေမယ်၊ ဒီလမ်း ခရီးကလည်း ကိုယ့်ဆီလာတာသည် တစ်ရက် နှစ်ရက်ကြာနေမယ်ဆိုရင် ပုပ်သိုးမသွားအောင် ရိုးရိုးသယ်လို့ မရ တော့တဲ့အတွက် အအေးခန်းတွေနဲ့ သယ်ရပါမယ်။ ကွန်တိန်နာနဲ့ သယ်မယ်ဆိုရင် ရိုးရိုးကွန်တိန်နာထက် အအေးခန်းကွန်တိန်နာငှားရတဲ့ စရိတ်က ပိုများသွားပါမယ်။ လမ်းခရီးတစ်လျှောက်မှာ ဘယ်လို အပျက်အစီးတွေ များနိုင်သေးလဲ၊ ဖိပြီးတော့ ထည့်တာမျိုး၊ ပစ္စည်းတွေ မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲအစရှိတဲ့ ထိန်းသိမ်းဖို့စရိတ်တွေလည်း တွက်ဖို့လိုပါတယ်။

ဆိုလိုတာကတော့ “Cost of Goods Sold” ဆိုတဲ့ ကုန်ကျစရိတ်တွေ အများကြီးရှိပါတယ်။ တော်ရုံတန်ရုံ လုပ်ငန်းတစ်ခုစလုပ်ချင်တဲ့ လူက အဲဒီ Cost တွေကို တွက်မိလေ့မရှိကြပါဘူး။ လူတွေရဲ့စိတ်ထဲမှာ ဒီပစ္စည်းကို တစ်သောင်းနဲ့ ဝယ်လိုက်မယ် တစ်ဘက်မှာ တစ်သောင်းခွဲနဲ့ ပြန်‌ရောင်းရင် ငါးထောင်တောင်မြတ်မှာပဲဆိုပြီး တွေးလေ့ရှိကြပါတယ်။ တကယ်တမ်း စရိတ်စကတွေ တွက်ကြည့်လိုက်တော့ ခုနက အသားတင်အမြတ် ငါးထောင်ဆိုတာသည် May Be နှစ်ထောင်ဖြစ်သွားတာ သုံးထောင်ဖြစ်သွားတာမျိုးတွေ့ရပါမယ်။

ပြန်ချိတ်ပြီး စဉ်းစားရမယ်ဆိုရင် ပထမအဆင့် ဘာကိုစဉ်းစားရမလဲဆိုတော့ ကျွန်တော်တို့မှာ ငွေအရင်း ဆိုတာရှိပါတယ်။ နောက်ထပ်စဉ်းစားရမယ့်တစ်ခုက အပျက်အစီးတွေရှိပါမယ်။ လုပ်ငန်းတစ်ခုလုပ်ကြည့်မှ အပျက်အစီးဘယ်လောက်ရှိလဲဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ ဥပမာပြောရရင် ဧရာဝတီတိုင်းထဲက ကျွန်တော့် ရုံးခွဲကို ရန်ကုန်ရုံးချုပ်ကနေ ဝေဖာတွေ ရောင်းချဖို့ဆိုပြီးတော့ ဂျပ်ဖာဘူးကြီးတွေနဲ့ ပို့လိုက်ပါတယ်။ ပထမဦးဆုံး အကြိမ်ပို့လိုက်တဲ့ အခေါက်မှာ ကျွန်တော်တို့ရုံးက စဖွင့်ခါစ ကားလည်းမရှိသေးတော့ ဆယ်ဘီးကားနဲ့လာတဲ့ ဂျပ်ဖာပုံးတွေအများကြီးကို ထော်လာဂျီငှားပြီး ရုံးကိုယူရပါတယ်။ ထော်လာဂျီမှာ ဂျပ်ပုံးကြီးတွေကိုဆင့်ထပ်ပြီး ကြိုးနဲ့ပတ်ပါတယ်။ ကြိုးကို တင်းတင်းဆွဲပတ်တဲ့အချိန်မှာ ဂျပ်ထူပုံးတွေက ညှစ်မိသလိုဖြစ်ပြီး အထဲက ဝေဖာ တွေကျိုးကုန်တာကို ကြုံခဲ့ဖူးပါတယ်။ ဘူး ၁၀၀ မှာ လေးဘူး၊ ငါးဘူးလောက် ပျက်စီးတယ်။ ဘူး ၁၀၀၀ မှာ လေးဆယ်၊ ငါးဆယ်လောက် ပျက်စီးသွားတာကို ကြုံခဲ့ရပါတယ်။

ဆိုလိုချင်တာကတော့ Damage တွေ အများကြီးရှိလာနိုင်တယ် ၊ အပျက်အစီးတွေ အများကြီးရှိလာနိုင် တယ်ဆိုတာကို သိထားဖို့လိုပါတယ်။ Damage မဖြစ်ချင်ရင် COGS ထဲက ထိန်းသိမ်းစရိတ်ကို ပိုပြီးတော့သုံးဖို့လို ပါတယ်။ ထိန်းသိမ်းခစရိတ်ကို မသုံးဘူးဆိုရင် Damage ပိုပြီးတော့ ဖြစ်တာမျိုးရှိနိုင်ပါတယ်။ နောက်တစ်ခုက တော့ COGS လို့ခေါ်တဲ့ “Cost of Goods Sold” ဖြစ်ပါတယ်။ “Cost of Goods Sold” ဆိုတာ အရှေ့မှာပြောပြ ခဲ့တဲ့ အလုပ်သမားခတွေ၊ ထိန်းသိမ်းစရိတ်တွေကို ထုတ်နုတ်ရပါသေးတယ်။ လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် COGS တွေ အတိအကျ ဘယ်လောက်ရှိမလဲ ၊ ဘာကုန်ကျစရိတ်တွေ ရှိနိုင်မလဲ၊ အပျက်အစီးတွေရော ဘယ်လို အနေ အထားရှိနိုင်မလဲ ဆိုတာတွေကို သုံးသပ်ပြီးတော့မှ လုပ်ဖို့လိုပါတယ်။ စီးပွားရေးတစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းသည် ဘယ်လောက် Profit ရနိုင်မလဲဆိုတာကို တွက်ချက်တတ်ဖို့လိုပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုမှာ အရေးကြီးတဲ့ CA နှစ်လုံးရှိဖို့လိုတယ်လို့ ဆိုကြပါတယ်။ ပထမ CA က “Competative Advantages” လို့ခေါ်ပါတယ်။ “Competative Advantages” ဆိုတာ ပြိုင်ဘက်ထက် ယှဉ်ပြိုင်ခြင်းဆိုင်ရာ အားသာချက်ဘာတွေရှိသလဲ။ ဆိုလိုတာက Quality ကောင်းသလား၊ Product က လုံးဝ “Innovation” ဖြစ်နေသလား၊ “Costomer Service” ကောင်းသလား၊ “After Sale Service” ကောင်းသလား၊ ဆက်ဆံရေး အဆင်ပြေတာလား၊ “Value Added” တွေလုပ်နိုင်သလား ဆိုတာတွေကို ဆိုလိုတာဖြစ်ပါတယ်။

နောက်ထပ် CA တစ်ခုကတော့ “Cost Accounting” ဖြစ်ပါတယ်။ “Operation Expenses” တွေ ကုန်ကျစရိတ်တွေကို အနီးစပ်ဆုံးတွက်ချက်နိုင်လေလေ ဒီပရောဂျက် “Business” ကို ကောင်းကောင်း လုပ်နိုင် လား၊ မလုပ်နိုင်ဘူးလား။ လုပ်သင့်လား၊ မလုပ်သင့်ဘူးလားဆိုတာကို ကောင်းကောင်းဆုံးဖြတ်နိုင်လေ ဖြစ်ပါ တယ်။

Business တစ်ခုလုပ်မယ်ဆိုရင် ဒီပထမပိုင်းမှာ Sharing လုပ်ပေးချင်တာက “Damage” အပျက်အစီး အကြောင်းတွေ၊ COGS အကြောင်းတွေ၊ အရှေ့မှာပြောပြခဲ့တဲ့ သယ်ယူစရိတ်တွေ၊ ဂိတ်ကြေး၊ တံတားကြေး၊ လမ်းကြေးတွေ၊ လုပ်အားခတွေ ၊ အခွန်အခတွေ၊ ထိန်းသိမ်းစရိတ်တွေ ဒါတွေကို တွက်ချက်ကြည့်ပါလို့ ကျွန်တော် က မျှဝေပေးလိုပါတယ်။ ဒီလောက်နဲ့ အမြတ်ထွက်နေပြီဆိုရင် ကျွန်တော်တို့လုပ်ငန်းက မြတ်ပြီလို့ ပြောလို့ရပြီ လားဆို‌တော့ မရသေးပါဘူး။ နောက်ထပ် ထပ်ပြီးတော့ စိစစ်ကြည့်ရမယ့် တွက်ချက်ကြည့်ရမယ့် Expenses တွေ အများကြီး ရှိလို့နေပါသေးတယ်။ ဒီအကြောင်းအရာတွေကို နောက်ထပ် Lecture မှာ ဆက်ပြီးတော့မျှဝေပေးသွား ဦးမှာပဲဖြစ်ပါတယ်။

Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်တန်ရာတန်ကြေးနိယာမ