မောရိသျှ

“ပြုံးပြခြင်း” ဆိုတာက အကောင်းဆုံးသော ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာ အမူအကျင့် တစ်ခုအဖြစ် အထင်မှားနေ ကြတယ်။ တစ်ကယ်တော့ မဟုတ်ဘူး။ အပြုံးဆိုတာက လူ့စိတ်မှာ အနူးညံ့ဆုံးသော ခံစားချက်တွေ ဖြစ်လာတဲ့ အချိန် နှလုံးသားချင်း နီးစပ်သွားအောင် ပြုမူမိတဲ့ မျက်နှာအမူအရာ ဖြစ်တယ်။ အင်မတန် ဖြစ်ရခဲတဲ့ ခံစားချက်မျိုးပါ။ ဒါပေမယ့် လူတွေက အပြုံးကို ပေါင်းသင်းဆက်ဆံရေး သော့ အဖြစ် တလွဲအသုံးချနေမိတတ်တယ်။
ပြုံးခြင်းမှာ အပြစ်မရှိပေမယ့်၊ ကာလံ၊ ဒေသံ မကိုက်ညီရင် အပြုံးက တစ်ဖက်သား အပေါ် အရွဲ့တိုက်သလို၊ စောင်းမြောင်း သလို၊ မလိုလားအပ်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုနဲ့ အထင်အမြင်လွဲသွားနိုင်တယ်။ ဒါကြောင့် မလိုအပ်ဘဲ အပြုံးတု မလုပ်ရ။ အပြုံးဆိုတာက ခံစားချက် ပြင်းပြမှု ကြောင့် ဖြစ်လာရတဲ့ အမူအကျင့်တစ်ခု ဖြစ်ပါတယ်။ အပြုံး လိုပဲ၊ မလိုအပ်ဘဲ၊ ကိုယ့်မျက်နှာမှာ ခံစားချက်တွေကို မဖော်ထုတ်မိပါစေနဲ့။ အတတ်နိုင်ဆုံး မူသေ မျက်နှာထားနဲ့ပဲ နေပါ။
ပင်ကိုဖြစ်ခြင်းက ပေါင်းသင်းဆက်ဆံရေး အတွက် အကောင်းဆုံးသော ပွင့်လင်းမှုဖြစ်တယ်။ စကားပြောဆိုရင်လည်း ကိုယ့်နဲ့ ပြောဆို ဆက်ဆံနေတဲ့ ပုဂ္ဂိုလ်ရဲ့ အသိဉာဏ် အဆင့်အတန်း၊ ကာလံ၊ ဒေသံ ကြည့်ပြီး ပြောဆိုပါ။ မလိုအပ်ဘဲ စကားကြီးစကားကျယ် မပြောရ။ မှတ်ချက်ပြုစကား၊ တုန့်ပြန်စကား၊ အဖြေစကား ခွန်းတုံ့ပြန်ရရင်လည်း အရိုးရှင်းဆုံး၊ သာမှန်စကားလုံး၊ ဝေါဟာရတွေကိုပဲ တွင်တွင်သုံးပြီး၊ ပွင့်လင်းမြင်သာမှု၊ ရိုးစင်းဖြောင့်မတ်မှုကို ပြပါ။ မလိုအပ်တဲ့ စကား၊ မပြောသင့်တဲ့စကား၊ မဖြေသင့်တဲ့ အဖြေ၊ သိပြီးဖြစ်တဲ့ ဖြစ်ရပ် စသဖြင့် တစ်ဖက်သား အတွက် အကျိုးရှိစေမယ့် အကြောင်း မှ မဟုတ်ရင် ပါးစပ်ကို ပိတ်ထားခြင်းက အကောင်းဆုံးပါ။ ပါးစပ်စည်းဟာ အသက်စည်းထက် ပိုအရေးကြီး ပါတယ်။ ဒါကြောင့် ဘာပဲ ပြောပြော ကာလံဒေသံကို ကြည့်ပြီး သတိထားပြောဆိုတတ်အောင် အရင်ဆုံး နှလုံးသွင်း ဆင်ခြင်ပါ။
အမူအရာတွေကို ကြည့်ခြင်းအားဖြင့် ကိုယ်ကျင့်သိက္ခာ နဲ့ အဆင့်အတန်းကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒါပေမယ့် လိုတာ ထက် ပိုပြီး လုပ်ပြမိတတ်တဲ့ လူတွေ လည်း ရှိပါတယ်။ စကားပြောရင် လက်အမူအရာ မပါဘဲ မပြောတတ်တဲ့သူတွေ၊ တစ်ဖက်လူ စကားပြောရင် ခြေဂနာမငြိမ်ဘဲ လှုပ်စိလှုပ်စိ ဖြစ်နေတတ်သူတွေ၊ နှာခေါင်းပွတ်ရတာနဲ့၊ ခေါင်းကုတ်ရတာ နဲ့၊ ဟိုကြည့်ဒီငေး နေတာမျိုး၊ ပြောသမျှကို နားထောင်တယ်လို့သာ ဆိုတယ်၊ တစ်နေရာတည်း အာရုံစိုက်နိုင်တဲ့ စိတ်မျိုး မရှိတာကို မြင်ရုံနဲ့ သိနိုင်တာမျိုးတွေက ပေါင်းသင်းဆက်ဆံရေးကို ပျက်စီးသွားစေနိုင်တဲ့ အမူအကျင့်တွေပါ။ ဒါကြောင့် ဘယ်သူနဲ့မဆို ပေါင်းသင်းဆက်ဆံတိုင်းမှာ အာရုံစူးစိုက်ပြီး တည်ငြိမ်တဲ့ ကိုယ်ဟန်အမူအရာ ရှိသွားအောင် အရင်ဆုံး လေ့ကျင့်ထားပါ။
စကားပြောတဲ့ လေသံဟာ နှလုံးသားထဲက အခြေအနေကို ဖော်ပြနေတတ်ပါတယ်။ ကိုယ့်လေသံဟာ ပုံမှန်အားဖြင့် မူသေ ဖြစ်သင့်ပေမယ့်၊ တစ်ခါတစ်လေ အခြေအနေအရ ဟန်ကြီးပန်ကြီး ပြောသင့်ရင် ပြောရပါတယ်။ အင်တိုက်အား တိုက် ပြောသင့်တဲ့အချိန်မှာ ပျော့နွဲ့နွဲ့ ပြောလို့ကတော့ လူမုန်းခံရတတ်ပါတယ်။ အခြေအနေ အလိုက် လေသံကို ဟန် နဲ့ ထိန်းပြီး ပြောဆို ဆက်ဆံပါ။ မလိုအပ်ဘဲ၊ အသံကြီးအသံကြောင်နဲ့ မပြောမိပါစေနဲ့။
များများနားထောင်ပြီး မေးရင် ဖြေပါ၊ မသိရင် ဝန်ခံပါ။ ဒါဟာ စကားပြောဆိုခြင်း ပညာရဲ့ အသက်ပဲ ဖြစ်တယ်။ တစ်ဖက် သားနဲ့ ဆက်သွယ်ပြောဆိုရင် ဘယ်တော့ခါမှ မလိုအပ်ဘဲ အချိန်မဆွဲပါနဲ့။ တုန့်ပြန်သင့်တာကို ချက်ချင်း တုန့်ပြန်ခြင်းက စကားပြောဆိုတတ်ခြင်းပဲဖြစ်တယ်။ အခြေအနေ အချိန်အခါ အလိုက် အဖြေကောင်းကို ပေးတတ်ခြင်းက ဖြတ်ထိုးဉာဏ် ကောင်းခြင်း ဖြစ်ပြီး၊ လိုတာထက် ပိုမပြောဘဲ၊ ပုဂ္ဂိုလ်အလိုက် အဖြေဝှက်တတ်ခြင်းက ဉာဏ်ပညာ ထက်မြက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်ရင် လိုအပ်သလို ဖြေသင့်တာကို ဖြေသင့်သလောက် အဖြေပေးပါ။ မလိုအပ်ဘဲ ဟန် မဆောင်ပါနဲ့။ တစ်ချို့ အခြေအနေတွေမှာ လံကြုပ်ဇာတ်လမ်းထွင်ပြီး ဟာသနှောရင်း လူသဘောကို ဆွဲနိုက်ရတာမျိုး ရှိပေမယ့်၊ များသောအားဖြင့် စကားနည်းနေခြင်းက လူတတ်ကြီး အဖြစ် တမင် ဟန်လုပ်နေသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမဆို နှိမ့်ချပြီး ဆက်ဆံခြင်းက အသင့်တော်ဆုံးသော ဆက်ဆံနည်းပဲဖြစ်တယ်။
လူကဲခတ်တတ်ဖို့ စိတ်စွမ်းအား၊ စိတ်တန်ခိုးလို လေ့ကျင့်တဲ့ နည်းတွေနဲ့ တတ်မြောက်အောင် သင်ယူလို့ လုံးဝ မရနိုင်ပါဘူး။ ကိုယ်တွေ့၊ လက်တွေ့၊ လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံပြီး၊ အဲဒီ ဆက်ဆံရေးတွေကနေ အပ်ကြောင်း ထပ်လာမယ့် လူတွေရဲ့ အမူအကျင့်၊ အမူအရာ၊ အတွေးအခေါ်၊ အပြောအဆို၊ အကြံအစည်၊ အဆုံးအဖြတ် စသဖြင့် အထာတွေကို စုစည်းပြီး ဆန်းစစ်တတ်သွားမှ တတ်မြောက်နိုင်တဲ့ လက်တွေ့ လေ့ကျင့်ခန်း ပညာမျိုး ဖြစ်ပါတယ်။ ကြိမ်ဖန်များစွာ ဆန်းစစ်ပြီး၊ လက်တွေ့ အသုံးချကြည့်ရင်း၊ အမှားကို ပြင်၊ အသိကိုတိုး၊ လက်တွေ့ ကျကျ လုပ်နိုင်တော့မှ ကိုယ့်ကိုယ်ကို စိတ်တန်ခိုးရှင် အဖြစ် နာမည်ပေးနိုင်ပါလိမ့်မယ်။
#မောရိသျှ
Keep Reading