မောရိသျှ
ရုပ်မြင်သံကြား အစီအစဉ်တစ်ခုအတွက် ဇာတ်ညွှန်းရေးဆရာ အဖြစ် အလုပ်လျှောက်ချင်တယ်ဆိုပါစို့၊ ဒါဆိုရင် ဂျေမိ (Jamie)လို လူတွေရဲ့အကြောင်းကို ကြိုသိထားမှတော့ ဖြစ်ပါလိမ့်မယ်။
ဂျေမီက နှစ်ဆယ်ကျော် သုံးဆယ်နီး အရွယ်ပဲ ရှိသေးတယ်ဆိုပေမဲ့၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲအစီအစဉ် အတွက် ဇာတ်ညွှန်းဆရာခန့်အပ်ရေးတာဝန်ခံ ရာထူးယူထားသူ ဖြစ်ပါတယ်။ သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့၊ သူတာဝန်ယူထားတဲ့ ရုပ်မြင်သံကြားအစီအစဉ်ကို လျှို့ဝှက်ပေးနိုင်ရင် သူတို့ လောကအကြောင်းကို ပြောပြပေးမဲ့အကြောင်း ကတိကဝတ်ပြုလာလို့၊ အခု ကျွန်တော့် အနေနဲ့ လေ့လာခဲ့ရတာတွေကို တဆင့် မျှဝေပေးနိုင်တာပါ။
တီဗီဇာတ်ညွှန်းဆရာအလုပ်နယ်ပယ်က တကယ်မလွယ်တဲ့ လောကကြီးပါ။ ဂျေမီပြောပြလို့ သိလိုက်ရတဲ့ သူတို့ရဲ့ တံခါးပိတ်လောကကြီး လည်ပတ်ပုံကတော့ အောက်ပါအတိုင်းပါပဲ။
အစီအစဉ်တစ်ခုရဲ့ ဇာတ်ညွှန်းဆရာ ဖြစ်ဖို့အတွက်၊ ပထမဆုံးအဆင့်အနေနဲ့၊ ထုတ်လုပ်သူတွေဘက်က ပညာရှင် အေဂျင်စီ ( Talent Agency) တွေဘက်ကို - ဇာတ်ညွှန်းဆရာတွေဆီကနေ ဇာတ်ညွှန်းနမူနာ တောင်းပေးဖို့ အသိပေးတယ်။ ဂျေမီ ကိုင်နေတဲ့ အစီအစဉ်အတွက် ပို့လာတဲ့ ဇာတ်ညွှန်းနမူနာတွေဆိုရင် ရာနဲ့ချီပါတယ်။ အဲဒါကိုမှ ဂျေမီတို့က စိစစ်ပေးရတယ်။ အချိန်ပေးဖတ်ရတယ်။ ပြီးရင် ဇာတ်ညွှန်းတစ်ခုနဲ့ တစ်ခု ပြန်ယှဉ်ကြည့် ရတယ်။
ပြီးတော့မှ အဆင့်ခွဲတယ်။ အဲဒီလို ရာနဲ့ချီတဲ့ဇာတ်ညွှန်းတွေကို အဆင့်ခွဲပြီး နောက်ဆုံး အကောင်းဆုံး ဇကာတင် နမူနာ နှစ်ဆယ်လောက်ကို ထုတ်လုပ်သူတွေဆီ ပို့ပေးတယ်။ ဒီနေရာမှာ သိဖို့က၊ ထုတ်လုပ်သူတွေ ဘက်မှာလဲ သူတို့ကိုယ်ပိုင် ဆရာ့ဆရာ ဇာတ်ညွှန်းပညာရှင်တွေ ရှိနေသေးတယ်။ အဲဒီတော့ ဂျေမီတို့ဘက်က ပို့လိုက်တဲ့ ဇာတ်ညွှန်းတွေကို သူတို့ဘက်က ထပ်ပြီး အဆင့်ခွဲ၊ စိစစ်တယ်။
ထုတ်လုပ်သူတွေဘက်က ဘယ်လို စိစစ်တယ် မသေချာပေမဲ့၊ ဂျေမီ စစ်ရတဲ့ အဆင့်မှာတင် တကယ် မလွယ်ဘူး။ အေဂျင်စီကို ပို့လာတဲ့ ရာနဲ့ချီတဲ့ နမူနာ ဇာတ်ညွှန်းတွေထဲမှာ - များသောအားဖြင့် လေးဆယ်လောက်က သုံးပြီးသား ဇာတ်ညွှန်းတွေဖြစ်နေတတ်တယ်။ အများစုက ကော်ပီကူးထားတာတွေပါ။ နောက်ထပ် လေးဆယ်လောက်ကျပြန်တော့၊ အခုမှ လောကထဲကို ဝင်ခါစ လူသစ်တွေရဲ့ လက်ရာဖြစ်ပြီး၊ အလွဲအမှားတွေများတော့၊ အဆင့်ခွဲတဲ့နေရာမှာ အမှတ် (၁၀) ပေးရင် - (၆.၅) လောက်ပဲ ရကြတယ်။ အဲဒီ လေးဆယ်ကျော် လက်ရာတွေထဲမှာ တချို့ ဆိုရင် မကောင်းလွန်းလို့ အားနာပါးနာ (၄.၅) ပေးရတာမျိုးတောင် ရှိသေးတယ်။ လက်သင့်ခံနိုင်ခြေ အချိုး တစ်ရာမှာ ငါးချိုးလောက်ပဲ (100:5)မျှော်လင့်လို့ ရတဲ့ အလုပ်နယ်ပယ်မို့၊ အတော်လေးကို သောကများစရာပါ။
အဲဒီလောက်တောင် အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့ လောကကြီးကို ဘာလို့များ လူတွေ ငမ်းငမ်းတက် ဖြစ်နေတာလဲ။ ဂျေမီပြောပြတော့မှ နောက်ကွယ်က အကြောင်းအရင်းကို သိခဲ့ရတယ်။ အတော်လဲ လက်ဖျား ခါလောက်ပါတယ်။ တကယ့်ကို မက်လောက်စရာပါ။ ထုတ်လုပ်သူတွေဘက်က ကြိုက်လို့ လက်ခံခဲ့ရင်၊ ခုမှ လုပ်ခါစ ဇာတ်ညွှန်းဆရာ ပေါက်စတစ်ယောက်ရတဲ့ ခံစားခွင့်တောင် အတော်လေး လက်သင့်ခံနိုင်စရာ ပမာဏ အတွင်း ရှိနေတယ်။
Writer’s Guild of America (အမေရိကန်စာရေးသူများအသင်း) က သတ်မှတ်ပေးထားတဲ့ အခြေခံနုန်းထားက တစ်ပတ်ကို ဒေါ်လာ ၂၅၀၀ ဆိုတော့၊ ရုပ်မြင်သံကြား ဇာတ်လမ်း အစီအစဉ် ရာသီ တစ်ခုမှာ အနည်းဆုံး နှစ်ဆယ့်ခြောက်ပတ်ရှိတော့၊ နှစ်ဝက်အတွင်း ရရမဲ့ ခံစားခွင့်က လက်ဖျား ခါလောက်အောင်ကို ရတာပါ။
အဲဒါထက် ကိုယ်အလုပ်ဝင်ရတဲ့ ဇာတ်လမ်းက အောင်မြင်ခဲ့ရင်၊ ရာသီတစ်ခုစာမက အလုပ်ရနေမှာဆိုတော့ အနည်းဆုံး သုံးလေးနှစ်လောက် အေးဆေးထိုင်လုပ်နေရုံပဲ။ အဲဒီလောက် ရတာကို Salon.com က ဆောင်းပါးတစ်ပုဒ်မှာ “မစို့မပို့လောက်ပဲရတယ်” လို့ ရေးထားတာ တွေ့လိုက်ရတော့ ကျွန်တော် အတော်လေး အံ့ဩသွားမိတယ်။ (ဘယ်လိုဖြစ်လို့ “မစို့မပို့” ဆိုပြီး ပြောတာလဲပေါ့၊ အစီအစဉ် ရာသီတစ်ခုရဲ့ ဇာတ်လမ်း တစ်ပိုင်းကို အနည်းဆုံး ဒေါ်လာ တစ်သောင်း ခိုင်တာကို ၊ နည်းသေးတယ်တဲ့လား။)
တကယ်လို့ ဇာတ်ညွန်းရေးသူ (ဒါမှမဟုတ်) တည်းဖြတ်သူအဆင့်ကို ကျော်သွားနိုင်ခဲ့လို့ ထုတ်လုပ်သူ အဆင့်ရောက်သွားရင်၊ အရာအားလုံး ပြောင်းလဲသွားပြီ။ ထုတ်လုပ်သူအဆင့် ရောက်ပြီဆိုမှ “ရေခိုင်မဲ့ နေရာအစစ်” လို့ Salon.com က ပြောထားတယ်။ အောင်မြင်တဲ့ ဇာတ်လမ်းအတွက် ဇာတ်ညွှန်းဆရာဖြစ်ရင်ကိုပဲ အနည်းဆုံး သုညခုနှစ်လုံး (-၀,၀၀၀,၀၀၀) ရတာဆိုတော့၊ ထုတ်လုပ်သူဆိုရင် - သုညတွေက မနည်းတော့ဘူး။
ဒါကြောင့် ထုတ်လုပ်သူ ဖြစ်သွားရင်၊ ဇာတ်လမ်း ချေးများရတယ်။ ပေါက်မဲ့ဇာတ်လမ်း၊ လူစိတ်ဝင်စားမဲ့ ဇာတ်လမ်း ရွေးတတ်ရတယ်။ အရွေးမှားလို့ အရင်းမှားခဲ့ရင်၊ အမြတ်မကျန်တဲ့အပြင်၊ အရင်းပြုတ်ပြီး တစ်ကနေ ပြန်စရနိုင်တယ်။ ဒါကြောင့် ဇာတ်လမ်း အစီအစဉ် ရာသီများများ ထုတ်လုပ်နိုင်ရင် - ရလာမဲ့ အကျိုးအမြတ် တွေက ရေတွက်လို့ မရနိုင်တဲ့ သုညတွေ တိုးသထက် တိုးလာမှာမို့၊ ဇာတ်ညွှန်းရေးသူ အဆင့်လောက်ရတဲ့ ပမာဏက မစို့မပို့ဖြစ်သွားတယ်။
ဒါပေမဲ့ သေချာတွေးကြည့်ရင်၊ ဒီအလုပ်(ဇာတ်ညွှန်းဆရာ)ပဲ သုညတွေ အများကြီး တိုးအောင် လုပ်လို့ရတာ မဟုတ်ဘူးလေ။ Goldman Sachs (ဂိုးမန်း ဆက်ချ် - အမေရိကန် အခြေစိုက် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ဆောင်မှု ကုမ္ပဏီ) မှာ လက်သင်အဆင့် အရင်းရှင်ပေါက်စ သွားလုပ်ရင်လဲ အချိန်တိုအတွင်း သုညခုနှစ်လုံးလောက်(-၀,၀၀၀,၀၀၀) မှန်းလို့ ရတာပဲ။ (ဒါတောင် လစဉ်၊ ခြောက်လပြည့်၊ တစ်နှစ်ပြည့်၊ သုံးနှစ်ပြည့် ဘောနပ်စ် အပိုမုန့်ဖိုးတွေ ထည့်မတွက်ရသေးဘူး) ဒါမှမဟုတ်၊ နာမည်ကျော်တဲ့ ဥပဒေရေးရာဝန်ဆောင်မှု လုပ်ငန်းတစ်ခုခုမှာ ဖက်စပ်ပါတနာ သွားလုပ်လိုက်ရင်လဲ တစ်နှစ် အတွင်း သုည ခုနှစ်လုံးလောက် (-၀,၀၀၀,၀၀၀)က အသာလေးပဲ။
#မောရိသျှ
Keep Reading