Author's Profile Photo

မောရိသျှ

8/10/2025

လူကဲခတ်နည်း အပိုင်းနှစ်

2 mins read
Personal Development
Book Review
General Knowledge
လူကဲခတ်နည်း အပိုင်းနှစ်'s photo

လူကဲခတ်နည်းကို လေ့ကျင့်တဲ့အခါမှာ ပွင့်လင်းတဲ့ စိတ်ခံ ရှိရပါမယ်။ အမူအရာ၊ အမူအကျင့်တွေ တူနေ သလောက် လူတိုင်း စိတ်နေစိတ်ခံ တူချင်မှ တူမှာပါ။ ဆိုလိုတာက ကိုယ် မှတ်သားထားတဲ့ အချက်အလက်တွေ၊ ဖြစ်ရပ် တွေက မှန်ကန်ပေမယ့်၊ တစ်ခါတစ်လေ ထပ်ပြီး လေ့လာလိုက်ရတဲ့ ဖြစ်ရပ်နဲ့ ဆန့်ကျင်နေတာမျိုး ဖြစ်ကောင်း ဖြစ်တတ် ပါတယ်။ စာအုပ်ကြီးအတိုင်း တသွေမတိမ်း လိုက်နာစရာ မလိုပါဘူး။
အခြေခံများ
         စိတ်ရှည်သည်းခံမှု
         သိတတ်နားလည်ပေးမှု
         နားထောင်ပေးနိုင်မှု
         ပွင့်လင်းမြင်သာမှု
         ပေါ့ပါးလွတ်လပ်မှု

စိတ်ရှည်မှုဟာ ပေါင်းသင်းဆက်ဆံရေးရဲ့ အဓိက သော့ချက်ဖြစ်တယ်။ ဘယ်လို လူမျိုးနဲ့မဆို ပေါင်းသင်းဆက်ဆံရ တိုင်း ကိုယ့်ဘက်က သိတတ်ကြောင်း၊ နားလည်ကြောင်း၊ ထပ်တူခံစားပေးနိုင်ကြောင်း၊ (သို့မဟုတ်) သိတတ်ပေး နိုင်အောင် ကြိုးစားနေကြောင်း၊ နားလည်ပေးတတ်အောင် ကြိုးစားနေကြောင်း နဲ့ ထပ်တူခံစားပေးနိုင်အောင် ကြိုးစားနေကြောင်း ကိုယ်အမူအရာနဲ့ဖြစ်စေ၊ နုတ်အပြောအဆိုနဲ့ ဖြစ်စေ ပါးနပ်စွာ တုန့်ပြန်တတ်ရပါမယ်။

တစ်ဖက်သား ပြောသမျှကို ငြင်းခုံစရာ ရှိနေခဲ့ရင်တောင် အပြိုင်မပြောဘဲ၊ နားထောင်ပေးတတ်ခြင်းက ပေါင်းသင်း ဆက်ဆံရေးကို ပြေလည်စေနိုင်တဲ့ တစ်ခုတည်းသော အဖြေပါ။ တစ်ဖက်သား အားနည်းချက်ကို တဲ့တိုးထိုးဖောက် ပြောဆိုခြင်းက ပွင့်လင်းမြင်သာမှု မဟုတ်ပါဘူး။ အခြေအနေ၊ အနေအထား အလိုက် မသိရင် မသိကြောင်း၊ နားမ လည်ပါက နားမလည်ကြောင်း၊ သိပေမယ့်လည်း မသိသလို၊ နားလည်ပေမယ့် သဘောမပေါက်သေးသလိုမျိုး တိုက်ရိုက် ဝန်ခံခြင်းကို ပွင့်လင်းခြင်း၊ ထင်သာမြင်သာ ဖြစ်ခြင်းလို့ ခေါ်ပါတယ်။

စကားပြောတိုင်း ပြောပြီးသား စကားကို ထပ်ခါလဲလဲ ပြောရမှ အားရကျေနပ်သူမျိုးတွေ ရှိပါတယ်။ အဲဒီလို လူမျိုးတွေနဲ့ ဆုံရကြုံရမယ်ဆိုရင်၊ သူ့ အနေနဲ့ အင်မတန် ပြောချင်ဆိုချင်နေတဲ့ အကြောင်းအရာကို ကိုယ့်ဘက်က သိပြီး၊ နားလည်ပြီး ဖြစ်တယ် ဆိုရင် တောင်မှ မပိတ်ပင်လိုက်ပါနဲ့၊ ဟန်ဆောင်မှု ကောင်းကောင်းနဲ့ စိတ်ရှည် လက်ရှည် နားထောင်ပေးလိုက်ပါ။

ဘယ်လောက်ပဲ ပျင်းစရာ၊ ဖျင်းစရာ၊ စိတ်ပင်ပန်းစရာ ဖြစ်နေပါစေ၊ ကိုယ့်ဘက်က အပူအပင်၊ အကြောင့်အကျ မဲ့မဲ့ နားထောင်ပေးနိုင်ကြောင်း၊ သိတတ်ပေးနေကြောင်း ပြပါ။ ကိုယ့်ဘက်က တုန့်ပြန်ဖို့ လိုအပ်တိုင်း ပေါ့ပါးသွက်လက် နေပါစေ။ အချိန်ယူပြီး ထပ်လောင်းရှင်းပြတာမျိုး၊ စကားလုံးကြီးကြီးတွေ သုံးနုန်းပြီး လေကျယ်အာကျယ် လုပ်တာမျိုး မဖြစ်ပါစေနဲ့။ လူ့အကြောင်း သိချင်ရင် လူ့အကြောင်း နားထောင်တတ်ရပါမယ်။
လွဲနိုင်တဲ့ အမှားတွေ
         အပြုံးတု
         ခံစားချက်အတု
         စကားလုံးအမှား
         ပါးစပ်စည်း
         မလိုအပ်တဲ့ ကိုယ်အမူအရာ
         လေသံအနိမ့်အမြင့်
         တုန့်ပြန်မှု နှေးကွေးခြင်း
         အခြေအနေ အချိန်အခါ မကွဲခြင်း
         သူ့ထက်သာ ကိုယ်သာသိ လုပ်မိခြင်း

အမှားနဲ့ ကင်းနိုင်တဲ့သူ မရှိပါဘူး။ အမှားကို မကြောက်တတ်သူမှသာ အမှန်ကို မြင်နိုင်တဲ့သူ ဖြစ်တယ်။ လူတိုင်းလိုလို အမှားကို ထပ်ခါလဲလဲ လုပ်မိပြီး၊ ရလာတဲ့ သင်္ခန်းစာနဲ့ အမှန်ကို ပိုကောင်းအောင် ကြိုးစားလုပ်ကြရပါတယ်။ လူ့အထာ ပါးနပ်အောင် လေ့ကျင့်ရင် အမှားလုပ်မိကြမှာပါ။ သိလျက်နဲ့ ဖြစ်စေ၊ မသိဘဲ ဖြစ်စေ၊ အကြောင်းတိုက်ဆိုင်လို့ပဲ ဖြစ်စေ အမှားကို လုပ်မိမှာပါ။ အများအားဖြင့် သတိမထားမိဘဲ၊ အတွေးများမိလို့ အမှားလုပ်မိတတ်ပါတယ်။ ဒါကြောင့် ဘာမှ မလုပ်ခင် “ဘာလုပ်လုပ် သတိထား လုပ်တတ်တဲ့ အကျင့်ကောင်း” ရှိသွားအောင် အရင်ဆုံး လေ့ကျင့်ထားပါ။

လူမှုပေါင်းသင်းဆက်ဆံရေး ဆိုတာက မျက်နှာဖုံး နောက်ကွယ်က လူရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်း ရတဲ့ အလုပ် ဖြစ်ပါတယ်။ သတိမထားဘဲ၊ ပစ်စက်လက်ခတ်၊ ပြီးစလွယ် ဆက်သွယ်ဆက်ဆံတာမျိုး လုပ်ရင်တော့၊ သူ့မျက်နှာဖုံး ကို ချွတ်နိုင်ရမယ့်အစား၊ ကိုယ့်မျက်နှာဖုံးကျွတ်ပြီး အရှက်တကွဲ၊ အကျိုးနည်းနိုင်ပါတယ်။ အပြောအဆို၊ အနေအထိုင်၊ အမူ အရာ၊ အမူအကျင့် အားလုံးကို သတိကြီးကြီးထားပြီး ပေါင်းသင်းဆက်ဆံနိုင်မှ ဖြစ်နိုင်ချေ ရှိသမျှ အန္တရာယ်တွေကို ကျော်လွှားနိုင်မှာပါ။ တစ်ဖက်သားက ကိုယ့်မုန်းတဲ့ လူဖြစ်နေပါစေဦးတော့၊ ပေါ့ပျက်ပျက် မလုပ်ရပါဘူး။ တစ်ခါ လုပ်မိတဲ့ အလွဲက တကြိမ်ပဲ အကျိုးနည်းစေနိုင်ပေမယ့်၊ အလေးမထားဘဲ ထပ်ခါတလဲလဲ လုပ်မိသွားတဲ့ အမှားဟာ ကြာလာရင် အမှန်ဖြစ်လာပြီး၊ တစ်သက်လုံး အဖတ်ဆည်မရတော့လောက်အောင် အကျိုးမဲ့သွားစေတတ်ပါတယ်။ ဒါကြောင့် “ဘာလုပ်လုပ် အလေးထား လုပ်တတ်တဲ့ အကျင့်ကောင်း” ရှိသွားအောင် အရင်ဆုံး စိတ်ဓါတ်ပြုပြင်ထားပါ။

ပေါင်းသင်းဆက်ဆံရေး (သို့မဟုတ်) လူကဲခတ်တယ် ဆိုတာက တစ်ဖက်တည်း လုပ်တဲ့ အလုပ်မဟုတ်ပါဘူး။ နှစ်ဦး နှစ်ဖက်လုံး လုပ်ရတဲ့ အလုပ်ဖြစ်ပြီး၊ ကိုယ့်ဘက်က အထာကောက်နေသလို၊ တစ်ဖက်ကလည်း သဲလွန်စ ရှာချင် ရှာနိုင် ပါတယ်။ ဒါကြောင့် တစ်ဖက်သား အပြုအမူကိုပဲ သတိထားမနေဘဲ၊ ကိုယ့်ရဲ့ အမူအကျင့်ကိုလည်း ထိန်းချုပ်တတ်ပါစေ။ မျက်နှာအမူအရာ၊ ပုံသေဖြစ်ပါစေ။ လေယူရာ လိုက်ယိမ်းပြီး၊ ပြုံးတန်သင့် ပြုံးပါ။ ရယ်တန်သင့် ရယ်ပါ။ စိတ်လိုလက်ရ နားထောင်ပါ။ စေတနာပါပါ ခံစားပါ။

#မောရိသျှ

Keep Reading

အတ္တငွေကြပ်တည်းမှုလူကဲခတ်နည်း အပိုင်းနှစ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၅)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)အဆန့်အဖျက်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)