Author's Profile Photo

မောရိသျှ

2/09/2025

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်

2 mins read
Personal Development
Book Review
General Knowledge
မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်'s photo

ကြီးကျယ်ခမ်းနားတဲ့ အတွေးအခေါ်၊ အယူအဆတွေ အားလုံးလိုလိုက “ဓါတ်ကူးပြောင်းမှု” ဖြစ်စဉ်ကြောင့် ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ ဂျွန်ဆန်က သူ့စာအုပ်ထဲမှာ အဆိုပြုထားခဲ့ပါတယ်။ (Complex-system Biology) ရှုပ်ထွေးသောဇီဝဗေဒစနစ်ဆိုင်ရာပညာရှင် စတုဝေါ့ ခေါ်ဖ့်မန် (Stuart Kauffman) က သာမန် ဓါတုဒြပ်တွေကို မျိုးမတူတဲ့ ဓါတ်ပေါင်းတွေနဲ့ ရောလိုက်ရင် ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဓါတုဒြပ်ပေါင်း အသစ်ရတာကို “ဓါတ်ကူးပြောင်းမှု” အဖြစ် ပညာရပ်ဝေါဟာရအနေနဲ့ သုံးနှုန်းခဲ့တာကို၊ ဂျွန်ဆန်က သူ့စာအုပ်ထဲမှာ ဝေါဟာရအငှား သုံးစွဲထားခဲ့တာပါ။ 

 “အစဉ်အဆက် လက်ခံထားခဲ့ရတဲ့ အတွေးအခေါ်တွေကို ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် တိုက်တိုက်ဆိုင်ဆိုင်ကြုံတွေ့လာရတဲ့ အတွေ့အကြုံ ဖြစ်စဉ်တွေကို အခြေခံပြီး အသိအမြင် အားလုံးကို ပေါင်းစပ်လိုက်တဲ့အခါမှာ ‘အသိအမြင်ကူးပြောင်းမှု’ ဖြစ်သွားတယ်၊ အဲဒါနဲ့ပဲ အတွေးအခေါ်သစ်၊ အယူအဆသစ် ဖြစ်သွားတယ်။ ဒါကိုပဲ ရှာဖွေတွေ့ရှိမှု “အသစ်” ရယ်လို့ သတ်မှတ်လိုက်ရော”

ခေတ်တစ်ခုရဲ့ အကြီးကျယ်ဆုံးသော ရှာဖွေတွေ့ရှိမှုကြီးပဲ ဖြစ်နေပါစေ၊ အတွေးအခေါ် အယူအဆသစ်ပဲ ဖြစ်ပါစေ၊ အားလုံးက ဓါတ်ကူးပြောင်းမှုကြောင့် ဖြစ်လာတဲ့ ချေးချွတ်ထုတ်ကုန်တွေပါ။ ရှိရင်းစွဲကိုမှ အရောင်တင် လိုက်တာမျိုးပါ။ ဒါကြောင့် အရေးပါ အရာရောက်သမျှ တွေ့ရှိချက်တွေအားလုံးက နဂိုရှိပြီးသားကို ပြန်ထုတ်ဖော်ခြင်းပဲ ဖြစ်ပါတယ်။

ဂျွန်ဆန် ပေးထားတဲ့ သာဓကတွေအရ၊ လေထုထဲကနေ အောက်ဆီဂျင် ခွဲထုတ်နိုင်ဖို့၊ ရှာဖွေတွေ့ရှိမှုတွေ အတွက် အခြေခံ ဖြစ်ရပ်တွေ အဆင့်ဆင့် ရှိခဲ့တယ်။ အစဦးဆုံးမှာ၊ သိပ္ပံပညာရှင်တွေက လေထု နဲ့ လေ ဆိုတာကို ရုပ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာတဲ့ အတွေးအခေါ်တွေနဲ့ စပါတယ်။ လွယ်လွယ်ပြောရရင် လေဆိုတာ ဘာလဲ သိအောင် အရင် လုပ်တယ်။ ပြီးတော့မှ လေ ကို ခွဲထုတ်ရင် ဘယ်လို လုပ်လို့ရနိုင်မလဲ တွေးခေါ်တယ်။ ဆန်းစစ်တယ်၊ စမ်းသပ်တယ်။ လက်တွေ့ စမ်းသပ်ချက်တွေ အတွက် ကိရိယာတွေ ဖန်တီးတယ်။

အောက်ဆီဂျင်၊ ကာဘွန် စသဖြင့် သီးသန့်ခွဲထုတ်ဖို့ ဆိုပြီး အစကတည်းက ကြိုးစားခဲ့ကြတာမျိုး မဟုတ်ပါဘူး။ လေကို သိအောင်၊ လေကို ခွဲနိုင်အောင် အရင် ကြိုးစားခဲ့ပါတယ်။ အဲဒီလို အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးလာတဲ့ အသိပညာတွေကြောင့်သာ၊ Carl Wilhelm Scheele နဲ့ Joseph Priestley တို့ လက်ထက်ရောက်တော့၊ လက်တွေ့ စမ်းသပ်ချက် အမျိုးမျိုးနဲ့ အောက်ဆီဂျင်ကို ခွဲထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင် လုပ်ခဲ့တာလဲ မဟုတ်ဘူး။ သူ့အချိန်နဲ့ သူ၊ သူ့အကြောင်းနဲ့သူ သီးသန့် ကိုယ်စီလုပ်ဖြစ်ခဲ့ကြတာပါ။ အရင်တုန်းကလဲ မရှိခဲ့သလို၊ နောက်မှ ပေါ်လာတာမျိုးလဲ မဟုတ်ပါဘူး။ အဲဒါကြောင့်ပဲ တစ်ချိန်တည်းမှာ ရှာဖွေတွေ့ရှိခဲ့သလိုမျိုး ဖြစ်သွားတယ်။

ဓါတ်ကူးပြောင်းမှုဖြစ်စဉ်ကြောင့်ပဲ ကျွန်တော်ပြောခဲ့တဲ့ နည်းပညာလေ့လာရေး သုတေသီပညာရှင် လေးဦးလုံးဟာ သူတို့အကြောင်းနဲ့သူတို့၊ ကိုယ်စီရှုထောင့်နဲ့ အချက်အလက်ပေးပို့ဆက်သွယ်ရေး နယ်ပယ်မှာ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်စွက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ရှိချက်တွေကို တစ်ယောက်နဲ့ တစ်ယောက် ကူးယူ၊ ခိုးယူခဲ့တာလဲ မဟုတ်ပါဘူး။ လေးဦးထဲကမှ တစ်ဦးဆိုရင် နှစ်နှစ်တိတိ လေ့လာခဲ့ပြီးမှ - RLNC ရဲ့ အားနည်းအားသာချက်တွေကို ဖြည့်စွက်ဖို့ နည်းလမ်းတွေ တွေ့ခဲ့တာဖြစ်ပါတယ်။ RLNC နဲ့ ပတ်သက်တဲ့ ရှာဖွေ တွေ့ရှိချက်တွေပဲဆိုပေမဲ့၊ လေးဦးလုံးရဲ့ တွေ့ရှိချက်တွေက တစ်ယောက်နဲ့ တစ်ယောက် တူသယောင်နဲ့ မတူပါဘူး။ နယ်ပယ် တစ်ခု၊ ခေါင်းစဉ်တစ်ခုအောက်မှာမို့သာ၊ တူသလိုမျိုး ဖြစ်နေတာပါ။ RLNC ရဲ့ ပြဿနာ အားနည်းချက်အမျိုးမျိုးထဲကမှ ဆိုင်ရာ သီးသန့် အပိုင်းကဏ္ဍအတွက် သက်သက်ဆီ အဖြေထုတ်ထားကြတာဖြစ်ပါတယ်။

အောက်ဆီဂျင် ခွဲထုတ်ခဲ့ကြတဲ့ သိပ္ပံပညာရှင် နှစ်ဦးလိုပဲ၊ RLNC အတွက် အဖြေသစ်တွေ ရှာတွေ့ခဲ့ကြတဲ့ ပညာရှင်လေးဦးဟာ၊ တစ်ချိန်တည်းမှာပဲ လေ့လာတွေ့ရှိမှုတွေကို ထုတ်ပြန်နိုင်ကြပေမဲ့၊ မတူညီတဲ့ နယ်ပယ် အသီးသီးအတွက်ဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို ပေးနိုင်စွမ်း ရှိကြမှာပါ။

ဖန်တီးနိုင်မှုစွမ်းရည် (သို့) ရှာဖွေတွေ့ရှိမှုတွေဆိုတာက ရှိရင်းစွဲ အသိပညာတွေကို အခြေခံပြီး၊ နဂိုထက် အသုံးကျနိုင်တဲ့ လက်တွေ့ကျမှုအသစ်ကို ဖော်ထုတ်နိုင်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဖန်တီးနိုင်မှု စွမ်းရည်ဟာ စနစ်တကျ ဖြစ်တဲ့ ဓါတ်ကူးပြောင်းမှုထက် မပိုပါဘူး။ အဲဒီလိုပါပဲ၊ အမှန်တရားဆိုတာလဲ စနစ်တကျ ဖြစ်လာတတ်တဲ့ ဓါတ်ကူးပြောင်းမှုပါ။ မတူညီတဲ့ အချိန်၊ အခြေအနေ၊ အခါအလိုက် လက်တွေ့ အသုံးကျမှု ကွာခြားတဲ့ ကျင့်သုံးမှု၊ အားထုတ်မှု၊ စွမ်းဆောင်မှု တွေသာ ဖြစ်ပါတယ်။

ဒီနေရာမှာ သဘောပေါက်ဖို့ လိုနေသေးတဲ့ အချက်က - ဘယ်လို အခြေခံတွေကမှ ဓါတ်ကူးပြောင်းမှု အဆင့်ရောက်နိုင်တာလဲ ဆိုတာပါ။ အခြေခံထားတဲ့ အချက်အလက် ဖြစ်စေ၊ အကြောင်းအရာ ဖြစ်စေ၊ အဲဒီ အခြေခံကမှ ထူးချွန်ပြောင်မြောက်မနေဘူးဆိုရင်၊ ဓါတ်ကူးပြောင်းမှု မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက၊ အောက်ဆီဂျင် ထုတ်နိုင်လောက်တဲ့ အခြေခံ လေ့လာတွေ့ရှိချက်တွေမှ မရှိဘဲ၊ အောက်ဆီဂျင် ထုတ်ဖို့ နည်းလမ်း ဖော်နိုင်မှာ မဟုတ်သလို၊ RLNC နည်းပညာ မရှိဘဲနဲ့၊ ပညာရှင် လေးဦးလုံး RLNC ထက် သာတဲ့ နည်းပညာသစ်တွေကို ဖော်ထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဓါတ်ကူးပြောင်းမှု ဆိုတာက အခြေခံကောင်းရှိမှ အလုပ်ဖြစ်တာပါ။

အခုလို ရှုထောင့်ကနေ ဓါတ်ကူးပြောင်းမှု သဘာဝကို နားလည်နိုင်ရင်၊ ကောင်းမွန်ပြည့်စုံတဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်အတွက် ရည်မှန်းချက် ပန်းတိုင်ကို ဘယ်လို ရှာဖွေရမလဲဆိုတာ အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။ 

#မောရိသျှ

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်တန်ရာတန်ကြေးနိယာမအဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ