Author's Profile Photo

မောရိသျှ

5/08/2025

အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်

4 mins read
Personal Development
Book Review
General Knowledge
အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်'s photo

အဲလက်ဇ်ရဲ့ ဇာတ်လမ်းမှာ ကျွန်တော် သဘောကျမိတဲ့အချက်က - သူရွှေ့ခဲ့တဲ့ နောက်ထပ် အကွက်ပဲ။ ဖြစ်အောင် လုပ်ချင်ရင်တောင် ပံ့ပိုးပေးနိုင်မဲ့ ကျောထောက်နောက်ခံမျိုး “အခွင့်အလမ်း” မရှိတော့၊ လမ်းဆုံးပေမဲ့ ခရီးမသေအောင်၊ National Lampoon ကနေ အလုပ်ထွက်ပစ်လိုက်တယ်။ တစ်ဆက်တည်းမှာပဲ လုပ်ငန်းပြိုင် - NBC ( National Broadcasting Company) က လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအရာရှိ (Development Executive) ရဲ့ လက်ထောက်အဖြစ် အလုပ်ဝင်လိုက်တယ်။ 

သူ့အမြင်မှာ National Lampoon က သူစိတ်ထဲ ဖြစ်ချင်နေခဲ့တဲ့ မှတ်တိုင်ကို ရောက်အောင် အထောက် အပံ့ပေးနိုင်မှာ မဟုတ်သလို၊ တွေးထင်ထားတဲ့ ရည်မှန်းချက်တွေကို ဖော်ဆောင်ခွင့်ရအောင် ကျောထောက် နောက်ခံပေးနိုင်မှာ မဟုတ်လို့၊ အလုပ်ထွက်လိုက်တာပါ။ အဲဒီအစား - သူ့စိတ်ထဲ ဖြစ်ချင်နေတဲ့အရာတွေကို တကယ် လက်တွေ့ဖော်ဆောင်နေတဲ့ လူပုဂ္ဂိုလ်ရဲ့ လက်ထောက်အဖြစ် ဝင်လုပ်လိုက်တော့၊ အဆင်ပြေ သွားတယ်။ မသိမတတ်တဲ့ အနေအထားနဲ့ National Lampoon မှာ မလုပ်တတ်သေးတဲ့ အလုပ်ကြီးကို ဦးဆောင်ခဲ့ရတော့၊ လမ်းပျောက်သွားခဲ့တယ်၊ ဒါပေမဲ့ လုပ်လို့ရနိုင်ပေမဲ့၊ ကိုယ်တိုင်လုပ်စရာမလိုဘဲ၊ ကိုယ်စားလုပ်ပြနိုင်တဲ့သူအနား ချဉ်းကပ်နေရင်၊ ပညာလဲရမှာ ဖြစ်သလို၊ ကိုယ်တွေ့ လုပ်ရသလို ဘေးကနေ ပံ့ပိုးပေးရမှာဆိုတော့၊ အလုပ်ပေး အလုပ်ယူ သင့်မြတ်သွားတယ်။ ပညာယူပညာရတဲ့ ခွင်ပဲလေ။

လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးစတဲ့ ပုဂ္ဂိုလ် အသီးသီးဆီကနေ သတိပြုမှု၊ အလေးထားမှု၊ အသိအမှတ်ပြုမှု ရဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က သူတို့ရဲ့ မျက်ကွယ်ပြုမှု မခံရအောင် တန်ပြန်ပေးဆပ်နိုင်စွမ်း “အရည်အချင်း” ရှိနေခဲ့ရင်တော့၊ ကိုယ်လိုလားတဲ့ ပုဂ္ဂိုလ်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်မှာဖြစ်သလို၊ အလေးထားမှုနဲ့ လေးစားမှုကို ရမှာပါ။ ဒီအချက်ကို အဲလက်ဇ် နားလည်ခဲ့တယ်။

ဇာတ်ညွှန်းရေးဆရာတစ်ယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင်၊ သူများထက် ပိုကောင်းပိုသာတဲ့ လက်ရာမျိုးနဲ့ ဆွဲဆောင်တတ်ဖို့လိုတယ်။ ဒါပေမဲ့ ဇာတ်ညွှန်းကောင်းတစ်ခု ထွက်ဖို့ဆိုတာက စိတ်ကူးထဲမှာတောင် မလွယ်တာ၊ လက်တွေ့ဆိုရင် ပိုလို့တောင် ခက်ခဲတယ်။

ရုပ်မြင်သံကြားအစီအစဉ် လောကထဲကို ရောက်နေပြီမို့၊ အဲလက်ဇ် အနေနဲ့ လက်ရှိ အနေအထားထက် ပိုတိုးတက်ချင်ရင်၊ သူများထက် ပိုကြိုးစားဖို့ လိုအပ်တာကိုသိတယ်။ အဲဒီထဲကမှ အဲလက်ဇ် ရွေးချယ်လိုက်တဲ့ ဘဝတိုးတက်ဖွံ့ဖြိုးရေးလမ်းစဉ်က — ကိုယ်ပိုင်ဇာတ်ညွှန်းကောင်းနဲ့ လူသိထင်ရှား ဖြစ်အောင်လုပ်ဖို့ပဲ။ လက်ထောက်အဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှစ်လတိတိ အချိန်အတောအတွင်းမှာ၊ ညတိုင်းလိုလို မတူတဲ့ —ဇာတ်ညွှန်း ပရောဂျက်သုံးခုကို မပျက်မကွက် ကြိုးစားပြီး ရေးခဲ့တယ်။

ပထမ အစီအစဉ် ဇာတ်ညွှန်းက - National Lampoonမှာ မအောင်မြင်ခဲ့ရတဲ့ Master Debaters ကို VH1 (အမေရိကန် အခြေစိုက် ကေဘယ် ရုပ်မြင်သံကြားလိုင်း) ကနေ တဆင့် ထုတ်လွှင့်နိုင်ဖို့ပါ။ လက်ထောက်ဘဝ တစ်လျှောက်လုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးခဲ့တယ်။ နမူနာ ရိုက်ကူးရေးအတွက် ဇာတ်ညွှန်းအဖြစ် ပြင်ပြီးရင်းပြင်၊ ပြောင်းပြီးရင်းပြောင်း၊ ကောင်းသထက်ကောင်းအောင် လုပ်ခဲ့ပေမဲ့၊ VH1 ရဲ့ ထုံးစံအတိုင်း Pilot ကောင်း အဆင့်ရောက်ခဲ့တောင်မှ မထုတ်လွှင့်ဖြစ်ခဲ့ဘူး။

တစ်ချိန်တည်းမှာပဲ — Lampoon မှာ ရင်းနှီးသိကျွမ်းခဲ့တဲ့ ထုတ်လုပ်သူတစ်ယောက်နဲ့ ပေါင်းပြီး တခြား အစီအစဉ်တစ်ခုအတွက် ဇာတ်ညွှန်းရေးခဲ့သေးတယ်။ နောက်ထပ်အသစ်အနေနဲ့ ကိုယ်ပိုင်ဇာတ်လမ်းအဖြစ် Washington D.C မှာ ကြီးပြင်းခဲ့ရတဲ့ ငယ်ဘဝအကြောင်းကို ဇာတ်အိမ်တည် ဇာတ်ညွှန်းတည်ဆောက်ခဲ့ပါသေးတယ်။

“မနက်အစောကြီး ၂ နာရီ ၃ နာရီ လောက်အထိ ဇာတ်ညွှန်း သုံးခုနဲ့ လက်မလည်ဘူး။ အိပ်လို့ရတဲ့ အချိန်လေးမှာ အိပ်ပျော်အောင် အိပ်ပြီး၊ မနက် ၈ နာရီ နှိုးစက်မြည်တာနဲ့၊ NBC ရုံးချုပ်ကို အရောက်ပြေးရသေးတယ်၊ ပင်ပန်း တာမှ ပြောနေစရာတောင် မလိုဘူး။ ဒါပေမဲ့ အဲလို ကြိုးစားနေရတာကိုပဲ ကျွန်တော် ပျော်နေခဲ့တာဗျ”

NBC မှာ လက်ထောက်အဖြစ် အလုပ်လုပ်နေခဲ့ရင်း ရှစ်လပြည့်တော့ အကြောင်းတိုက်ဆိုင်စွာနဲ့ အမေရိကန် သရုပ်ဆောင် / ထုတ်လုပ်သူ ဂျီနာ ဒေးဗစ် ( Geena Davis) စီစဉ်တဲ့၊ နာမည်ကျော် အမေရိကန်စီးရီး The West Wing ကို အတုခိုးထားတဲ့၊ Commander in Chief ဇာတ်လမ်းတွဲမှာ လက်ထောက်ဇာတ်ညွှန်းရေးဆရာ လိုနေတယ်လို့ သတင်းရတော့၊ ရတဲ့အခွင့်အလမ်းကို အလွတ်မခံတော့ဘဲ၊ ပညာရှင်အဆင့် ဇာတ်ညွှန်းရေး ဆရာတွေနဲ့အတူ ဇာတ်ညွှန်းရေးခွင့်ကို အမိအရ ဖမ်းဆုပ်လိုက်တယ်။ အောက်ခြေတန်းရာထူး ဆိုပေမဲ့လဲ အဲလက်ဇ် ကျေနပ်တယ်။ ဒီလို အခွင့်အရေးမျိုးဆိုတာ ဇာတ်ညွှန်းဆရာ လောကမှာ ရခဲတယ်လေ။

တစ်ချိန်တည်းမှာပဲ — HBO မှာ ထုတ်လွှင့်ဖို့ လျာထားတဲ့ Curb Your Enthusiasm ဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်း လက်ခံနေတာကြောင့် ၊ ရေးဖြစ်ထားသမျှ နမူနာတွေကို ပို့လိုက်ပြီး၊ အကြောင်းပြန်လာမဲ့ ဝေဖန် သံတွေကို စောင့်နေလိုက်သေးတယ်။

Commander In Chief မှာ လက်ထောက်ဇာတ်ညွှန်းရေးဆရာအဖြစ် လုပ်နေတုန်းမှာလဲ၊ အခွင့်အရေးရရင် ရသလို၊ ဇာတ်လမ်း ဇာတ်ကွက် အကြံပေးလို့ရတိုင်း မရှက်မကြောက် ပေးလေ့ရှိတယ်။ အောက်ခြေတန်း ရာထူး နဲ့ အလုပ်လုပ်နေရပေမဲ့၊ ဇာတ်လမ်းအတွက် အစည်းအဝေးထိုင်ရင် ပညာရှင်တွေနဲ့တန်းတူ ဆွေးနွေးခွင့်ရတာ ကလဲ အဲလက်စ် ကြိုမြင်ခဲ့တဲ့ အကွက်တွေပါ။

Commander In Chief အစီအစဉ်ကြီး မပြီးဆုံးခင်လေးမှာ၊ အဲလက်ဇ် အကြံပေးလိုက်တဲ့- “ပါကစ္စတန် မှာ ပျက်ကျသွားတဲ့ စစ်လေယာဉ်မှာပါသွားတဲ့ ဒုံးကျည်တွေအကြောင်းနဲ့၊ နိုင်ငံရေးသမားတွေရဲ့ လောကမှာ အမြဲ ဖုံးကွယ်ထားရတဲ့ လိင်ဝိသေသခံယူချက်အကြောင်း ဇာတ်လမ်းဇာတ်အိမ်ကို - အကြီးတန်း ဇာတ်ညွှန်းရေးဆရာတွေက သဘောကျသွားပြီး၊ တာဝန်ခံ ဇာတ်ညွှန်းရေးဆရာ - စင်သီယာ ကိုဟန် ( Cynthia Cohen) ရဲ့ ထောက်ခံချက်နဲ့အတူ - အဲလက်ဇ်ရဲ့ ဇာတ်လမ်း ရိုက်ကူးခွင့် ရလိုက်သေးတယ်။

“WRITTEN BY ဆိုတဲ့ စာသားအောက်မှာ ALEX BERGER ဆိုတဲ့ နာမည်နဲ့ ဇာတ်လမ်းတွဲ အစပိုင်းမှာ စာတမ်းထိုးပါလာမှာမို့ ၊ TiVo ရှိတဲ့သူတွေကို အသိပေးလိုက်ပါတယ်နော်၊ လာမဲ့ ကြာသပတေးနေ့၊ ၁၀ နာရီမှာ လွှင့်မဲ့ Commander in Chief ကို ကြည့်ဖြစ်အောင် ကြည့်ကြပါဦး” — ဆိုပြီး ဇာတ်လမ်းတွဲမလွှင့်ခင် တစ်ပတ် အလိုလောက်ကတည်းက သူ့ရဲ့အပေါင်းအသင်း၊ မိတ်ရင်းဆွေမျိုးတွေ အားလုံးကို ကြွားလုံးထုတ်တဲ့ email ပို့ခဲ့ပါသေးတယ်။

ရုပ်မြင်သံကြားကနေတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခံရတဲ့ ဇာတ်ညွှန်းကောင်းတစ်ခုကို အဲလက်ဇ် ဖန်တီးနိုင်ခဲ့ပြီမို့၊ Commander In Chief မှာ လုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အစစအရာရာ ပြောင်းလဲသွားတယ်။ Fox ထုတ်လုပ်ရေး က စီစဉ်တဲ့ - နာမည်ကျော် “ကထရိနာ ဟာရီကိန်း” (Hurricane Katrina) သဘာဝဘေးကြီး မဖြစ်ခင်အချိန် New Orleans မြို့လေးအတွင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ် တွဲဖက် ဒရာမာဇာတ်လမ်းတွဲ - K-Ville ရဲ့ ထုတ်လုပ်သူ ဂျွန်နသန် လစ်စ်ကို (Johnathan Lisco) နဲ့တွဲပြီး လက်ထောက် ဇာတ်ညွှန်းရေးဆရာ အဖြစ် ပြောင်းလုပ်ခဲ့တယ်။

အရေးလဲသန်၊ ဇာတ်လမ်းလဲ ဟန်လာတော့၊ K-Ville က သူ့အရည်အချင်းတွေကို အဆုံးအဖြတ်ပေးမဲ့ စာမေးပွဲလို ဖြစ်သွားတယ်။ လစ်စ်ကို က သူ့အတွက် အကဲဖြတ် ဒိုင်လူကြီးဖြစ်သွားပြီး၊ သဘောကျ၊ လက်ခံအောင် မဖြစ်မနေ ကြိုးစားရမလို အနေအထား ရောက်သွားတယ်။ အရည်အချင်းစစ်၊ အရည်အချင်းကောင်းတွေနဲ့ အရည်အသွေးမြင့် ဇာတ်လမ်းတွေကို ဖန်တီးနိုင်သူမို့၊ အဲလက်ဇ် ကို လစ်စ်ကို သဘောကျသွားတယ်။ အကြီးတန်း ဇာတ်လမ်းဖန်တီးရေးဆရာ နေရာလဲ လွတ်သွားရော၊ အဲဒီရာထူးက အဲလက်ဇ် အတွက် ဖြစ်သွားတယ်။ ဇာတ်လမ်းတွဲ မဆုံးခင်အထိ ဇာတ်လမ်းဇာတ်ညွှန်းစုံ တောက်လျှောက် ရေးခွင့်ရခဲ့ပြီး၊ သူရေးခဲ့တဲ့ ဇာတ်လမ်းတွေ အများကြီးထဲကမှ နှစ်ခန်း ရိုက်ကူးထုတ်လွှင့်ခွင့် ရခဲ့ပါသေးတယ်။

K-Ville အဆုံးသတ်သွားတော့၊ Disney (ဒစ်စနေ) ကနေ ထွက်လာခဲ့တဲ့ CEO ဟောင်း မိုက်ကယ် အိုင်စနာ (Michael Eisner) က ကိုယ်ပိုင်ပရောဂျက်အဖြစ် ဟာသအစီအစဉ်တစ်ခု ထုတ်လုပ်ဖို့ရှိနေတော့၊ လုပ်ဖော် ကိုင်ဖက် မိတ်ဆွေတစ်ဦးရဲ့ ချိတ်ဆက်ပေးမှုနဲ့၊ အိုင်စနာကို တွေ့ခွင့်ရခဲ့တယ်။ အိုင်စနာလို ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ခွင့် ရတာကလဲ အဲလက်ဇ်က ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ဇာတ်လမ်းဖန်တီးရေးအတွက် တာဝန်ယူရေးဖူးတဲ့ အတွေ့အကြုံရှိ ဇာတ်ညွှန်းရေးဆရာ တစ်ယောက် ဖြစ်နေခဲ့လို့ပါ။

အဲဒါထက်၊ အိုင်စနာ အဲလက်ဇ်ကို သဘောကျသွားရတဲ့ အကြောင်းက - အဲလက်ဇ် ရေးဖူးတဲ့ Curb Your Enthusiasm ဇာတ်ညွှန်းကြောင့်ပါ။ အဲဒီ နမူနာ ဇာတ်ညွှန်းကို ဖတ်ပြီးပြီးချင်းပဲ၊ အိုင်စနာ လုပ်ချင်နေခဲ့တဲ့ အစီအစဉ်အတွက် ချက်ချင်းဆိုသလို ဆွေးနွေးပြီး နမူနာ ဇာတ်လမ်း ရေးပေးဖို့ ကမ်းလှမ်းခံလိုက်ရတယ်။ အဲလက်ဇ် ရေးပေးလိုက်တဲ့ နမူနာကို အိုင်စနာ သဘောကျသွားပြီး၊ “Glenn Martin, DDS, နာမည်နဲ့ ဇာတ်လမ်းတွဲသစ်ကို နှစ်ရာသီစာအဖြစ်၊ Nickelodeon (အခပေး ကာတွန်း ရုပ်သံလိုင်း) နဲ့ Nick at Nite ကေဘယ် ရုပ်သံလိုင်းမှာ ဖန်တီးရိုက်ကူး၊ထုတ်လွှင့်နိုင်ခဲ့တယ်။

Glenn Martin ဇာတ်လမ်း အရှိန်လေး ငြိမ်ကျသွားတော့မှ၊ USA မှာ Pilot ဇာတ်ညွှန်း နမူနာတစ်ခု အရွေးခံ လိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက် USA မှာပဲ ဇာတ်ညွှန်းဆရာအဖြစ် အလုပ်ခန့်ခံရပြီး၊ အဲလက်ဇ်အကြောင်း စမိတ်ဆက်ခဲ့တုန်းက ပြောခဲ့တဲ့ Covert Affairs ဇာတ်လမ်းတွဲမှာ အထိုင်ကျသွားခဲ့တာပါ။

#မောရိသျှ

Keep Reading

အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်