Author's Profile Photo

မောရိသျှ

1/08/2025

အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ်

2 mins read
Personal Development
Book Review
General Knowledge
အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ်'s photo

ဟောလီးဝုဒ်ဆိုတာက နိုင်သူစား လောကကြီးပါ။ ရုပ်မြင်သံကြားအစီအစဉ် နယ်ပယ်ထဲမှာ မဖြစ်မနေရှိဖို့လိုတဲ့ အရည်အချင်း (သက်မွေးမှုဆိုင်ရာအရင်းအနှီး) ဆိုလို့ ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း ရေးတတ်ဖို့ပါပဲ။ ပြီးရင် ဘဝတူ၊ ဇတူတွေထက် ပိုသာပိုကောင်းတဲ့ ဇာတ်လမ်းမျိုးနဲ့ အလုပ်ပေးမဲ့ လူနည်းစုကို ဆွယ်နိုင်ဖို့ လိုတာပါ။
ဒီလိုနည်းနဲ့ ရုန်းကန်ရှင်သန်ကြရတယ်ဆိုပေမဲ့လဲ၊ အဲလက်ဇ်က သူ့အကြောင်းနဲ့သူ အားသာချက်တွေ ရှိနေတယ်။

သူ့ရဲ့ အောင်မြင်မှု နောက်ကွယ် လျှို့ဝှက်ချက်က ဒါ့မောက် ကောလိပ် (Dartmouth College) ကျောင်းထွက် - (Debater) ဒီဘိတ်တာ - ကျပန်းစကားပြောတစ်ယောက် ဖြစ်နေတာပါ။ သူသူ ငါငါ သာမန် ဒီဘိတ်တာတော့ မဟုတ်ပါဘူး၊ တော်ဆိုမှ တော်၊ ထူးဆိုမှ ထူး၊ စံဆိုမှ စံပြစစ်စစ်၊ အချေအတင်စကား ပြောဆိုတဲ့နေရာမှာ ထိပ်တန်းဖြစ်ခဲ့တဲ့ ဒီဘိတ်တာပါ။ ၂၀၀၂ ခုနှစ်၊ နိုင်ငံတော်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကြီး (National Debate Tournament ) ရဲ့ ဖိုင်နယ် One on One အဆင့်ထိ တက်ရောက် ယှဉ်ပြိုင်နိုင်ခဲ့သလို၊ အပြတ်အသတ် အနိုင်ရခဲ့ပြီး၊ နိုင်ငံတော်အဆင့် ချန်ပီယံဆုရဖူးသူဖြစ်ပါတယ်။

ကျပန်းစကားပြော ပြိုင်ပွဲပဲဖြစ်ဖြစ်၊ ရုပ်မြင်သံကြားအစီအစဉ် ဇာတ်ညွှန်းရေးရင်ပဲဖြစ်ဖြစ်၊ နယ်ပယ်နှစ်ခုလုံးမှာ ကောင်း၏ ဆိုး၏ သီးသန့် သတ်မှတ်ထားတာမျိုး မရှိပါဘူး၊ သတ်မှတ်ချက်တွေကလဲ ရိုးရှင်းပါတယ်။ အဲဒါကတော့ သူ့ထက်သာရမယ်၊ သူမတူစံမတူဖြစ်ရမယ်၊ ထူးချွန်ပြောင်မြောင်အောင် စွမ်းဆောင်နိုင်ရင် အောင်နိုင်သူဘွဲ့ခံလို့ရတယ်။ “အဆက်မပြတ် လေ့လာဆည်းပူးလိုတဲ့ အကျင့်ကောင်း” (art of Continual Improvement) နဲ့ ကြိုးစားခဲ့လို့လဲ နိုင်ငံ့ဂုဏ်ဆောင် ချန်ပီယံ ဒီဘိတ်တာ ဖြစ်ခဲ့တာပါ။ အင်မတိ အင်မတန် ခက်ခဲလှပါရဲ့လို့ ဆိုရလောက်တဲ့ ဟောလီးဝုဒ်ကို ရောက်တာဖြင့် မကြာသေးဘဲ၊ သူများထက် အရင် ရှေ့ကြိုရောက်နေသလို၊ အောင်မြင်နိုင်တဲ့ အကြောင်းအရင်းကို ဆန်းစစ် ကြည့်လိုက်ရင်- ခက်ခက်ခဲခဲကြီးတော့ မဟုတ်တော့ဘူး။ သူ့အတွက် အဖြေက ရှင်းပါတယ်။ လုံလောက်တာထက် ပိုတဲ့ အရည်အချင်းကောင်းတွေနဲ့ အရင်းအနှီးချနိုင်လို့ပါ။

ဟောလီးဝုဒ်ကို ပြောင်းလာဖို့ ဆုံးဖြတ်ချက်ခဲ့တုန်းကလဲ၊ ဒီဘိတ်တာတစ်ယောက်ရဲ့ အကျင့်အတိုင်း - ဗျာများခဲ့ပြီး၊ မတင်မကျတွေ ဖြစ်ခဲ့သေးတယ်။

“ဥပဒေကျောင်းရွေးပြီး တက်လိုက်လဲ ဖြစ်တာပဲ၊ ဒါပေမဲ့ အဲဒီချိန်က စိတ်ထဲ စမ်းချင်နေခဲ့တာလေး ရှိခဲ့တယ်၊ အဲဒါက စာရေးတာလေ၊ အခုလုပ်ရင်လုပ် မလုပ်ရင် နောက်လုပ်ခွင့်ထပ်ရတော့မှာ မဟုတ်ဘူးလို့ တွေးဖြစ်ခဲ့ တယ်၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်လုပ်ချင်ခဲ့တာတွေမှ အများကြီးပါ၊ စာရေးချင်တာပဲတော့ မဟုတ်ဘူး၊ ဝါသနာပါသမျှ အကုန်လိုက်လုပ်ပစ်ချင်ခဲ့တာ၊ အင်တာနက်ကုမ္ပဏီမှာ အမှုဆောင်အရာရှိသွားလုပ်ရင် ကောင်း မလား တွေးခဲ့သေးတယ်၊ ပြန်စဉ်းစားကြည့်တော့ အမှုဆောင်အရာရှိ မပြောနဲ့ ရုံးခန်းအလုပ်တွေအကြောင်း နလုံးကန်းမှ မသိဘူးလေ၊ အဲဒီလိုပဲ ဇာတ်ညွှန်းတွေ ရေးမယ်ဆိုပြီး စိတ်ကူးယဉ်လိုက်သေးတယ်၊ ပြောရရင် အဲဒီတုန်းက ဇာတ်ညွှန်းဆိုတာ ဘယ်လိုရေးရမှန်းတောင် သိတာမဟုတ်ဘူး။ ဖြစ်ချင်စိတ်နဲ့ ဖြစ်အောင်လုပ်ချင် စိတ်ပဲ ရှိတာ၊ ဘယ်ကစလို့ စရမှန်းတောင် မကွဲခဲ့ဘူး။”

ရွေးချယ်ခွင့်နဲ့ စိတ်ကူးယဉ်ခွင့်ရှိနေခဲ့ရင် ဘယ်လူငယ်မဆို ဖြစ်ချင်စိတ်တွေနဲ့ စမ်းသပ်လိုစိတ်တွေ ကြွနေမှာ သဘာဝပါ။ အဲလက်ဇ်လဲ ကျောင်းစာနဲ့ သင်ယူခဲ့ရသမျှ ပညာရပ်တွေကလွဲရင် ကျန်တာဘာမှမသိပေမဲ့၊ လုပ်ချင်စိတ်၊ စမ်းသပ်လိုစိတ်၊ ဖြစ်ချင်စိတ်တွေကြောင့် ဝါသနာရှေ့တန်းတင် ဦးစားပေးလိုစိတ်တွေ ရှိခဲ့တယ်။

LA ( Los Angeles - လော့ အိန်ဂျလိစ့်) ကို ဘဝမှာ ပထမဆုံးအဖြစ် ရောက်လာတော့၊ National Lampoon (အမေရိကန် ဟာသ သရော်စာ မဂ္ဂဇင်း) မှာ ဝက်ဘ်ဆိုဒ် အယ်ဒီတာအလုပ်နဲ့ အဆင်ပြေလောက်မယ်ထင်လို့ အလုပ်ဝင်ခဲ့တယ်။ အလုပ်ဝင်ဖြစ်ခဲ့တဲ့ အချိန်လောက်မှာပဲ National Lampoon က ရုပ်မြင်သံကြားအစီအစဉ် တွေဘက်ကို ဦးလှည့်ဖို့ စိုင်းပြင်းနေတဲ့အခိုက်နဲ့ ပက်ပင်းတိုးသွားတယ်။ ဘယ်သူမဆို အကြံပေးလို့ရတဲ့ အခွင့်အလမ်းမျိုး ရလာတော့၊ “Master Debaters” လို့ နာမည်တပ်ထားတဲ့ - လူပြက်တွေပေါင်းပြီး ရယ်စရာ အကြောင်းအရာတွေကို ပရိသတ်ရှေ့မှာ ပြက်လုံးထုတ်၊ အကဲခတ်ဒိုင်က လူပြက်တွေရဲ့ ပြက်လုံးကို အမှတ်ပေးတဲ့ ပေါ့ပေါ့ပါးပါး အစီအစဉ်တစ်ခုအတွက် အကြံပြုလွှာတင်လိုက်တယ်။

ကံကောင်းချင်တော့ ထုတ်လုပ်ရေးအရာရှိတွေက အဲလက်ဇ်ရဲ့ အစီအစဉ်ကို သဘောကျသွားပြီး၊ အများကြီး မဟုတ်ပေမဲ့၊ ပမာဏတစ်ခုရှိတဲ့ ဘတ်ဂျက်ချပေးပြီး၊ အစီအစဉ်သစ်အတွက် နမူနာ ရိုက်ကူးခွင့် ပေးလိုက်တယ်။ LA ရဲ့ အနောက်ဘက်ခြမ်း - ဘော်ဒါစာအုပ်ဆိုင် (Border’s bookstore) နောက်ဖေးခန်းမှာ စတူဒီယို နေရာအဖြစ် ရွေးပြီး အစမ်းရိုက်ကူးတယ်။ ရုပ်မြင်သံကြား အစီအစဉ်တစ်ခု ရိုက်ကူးတဲ့ အလုပ်က ထင်သလောက် မလွယ်ဘူး၊ အခြေခံကုန်ကျစရိတ်၊ လုပ်ငန်းလည်ပတ်မှုစရိတ်၊ ပညာရှင်ငှားရမ်းခ စသဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ သူ့နေရာနဲ့သူများတယ်။ အဲဒီလိုနဲ့ပဲ အကြောင်းအမျိုးမျိုးကြောင့် National Lampoon ဘက်က ရုပ်မြင်သံကြား အစီအစဉ်တွေကို တကယ် ရိုက်ကူးထုတ်လုပ်ဖို့ မဝံ့မရဲဖြစ်နေတာနဲ့ပဲ၊ အဲလက်ဇ်ရဲ့ နမူနာ ရိုက်ကူးရေးက ဆုံးခန်းတိုင်တဲ့အထိ မရောက်လိုက်ဘူး။

#မောရိသျှ

Keep Reading

အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်