Author's Profile Photo

မောရိသျှ

11/08/2025

ဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။

3 mins read
Personal Development
Book Review
General Knowledge
ဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ 's photo

မိုက် က စတန်းဖို့ (Stanford) မှာ ဇီဝဗေဒ (Biology) နဲ့ ကမ္ဘာမြေစနစ် (Earth System) တွေ လေ့လာခဲ့ပါတယ်။ ဝိဇ္ဇာဘွဲ့ ရပြီးတဲ့နောက်၊ ဂုဏ်ထူးတန်းဝင်ခဲ့တာမို့၊ မဟာဘွဲ့ယူဖို့အတွက် နောက်ထပ် ငါးနှစ် ကျောင်းတက်ခဲ့ရတယ်။ မဟာဘွဲ့ယူ တာဝန်ခံ ကြီးကြပ်ရေးမှူး ပါမောက္ခက မိုက်ရဲ့ ဘွဲ့ယူ စာတမ်း သုတေသနအတွက်၊ အိန္ဒိယမှာရှိတဲ့ သဘာဝ ဓါတ်ငွေ့ဆိုင်ရာ သုတေသနကို သူနဲ့တွဲပြီး လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပေးရခက်နေတာကြောင့်၊ ကြားကာလအတွင်း၊ ပရောဂျက်အပေါ် မိုက်ရဲ့ စိတ်ပါဝင်စားမှုကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၂၀၀၅ ခုနှစ်၊ ဆောင်းဦးရောက်တော့၊ မိုက်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျ တာနဲ့၊ သုတေသနလုပ်ဖို့ ခွင့်ပြုလိုက်တဲ့အပြင်၊ ဦးဆောင်ဖို့ပါ တာဝန်ချထားလိုက်တယ်။ တစ်နှစ်ကျော် အချိန်ရခဲ့လို့လဲ သုတေသနအတွက် လိုအပ်တဲ့ အချက်အလက်တွေ၊ ပြင်ဆင်မှုတွေ အားလုံးနဲ့ မိုက်က အသင့်ဖြစ်နေခဲ့တယ်။

 မိုက်ရဲ့ ပြိုင်ဆိုင်လိုစိတ်ကြီးမှုကြောင့် ပရောဂျက်က ပေးလာသမျှ ဖိအားတွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ လက်ရှိ အချိန်မှာ အကောင်းဆုံးလုပ်ထားရင်၊ နောက်တစ်ချိန်မှာ အကောင်းဆုံးသော ရွေးချယ်ခွင့်တွေ ပိုရလိမ့်မယ်ဆိုတဲ့ နှလုံးသွင်းစိတ်နဲ့ မပျင်းမရိ ကြိုးစားခဲ့ပါတယ်။

“အဲတုန်းကဆိုရင် အိန္ဒိယကို ခေါက်တုံ့ခေါက်ပြန်ပဲ။ ဆယ်ခါမကဘူးဗျ။ တရုတ်ကိုလဲ သွားခဲ့ရသေးတယ်။ လေးငါးခါလောက်။ အဲဒီအပြင် ဥရောပတခွင် လှည့်ခဲ့ရသေးတယ်။ အရေးကြီးတဲ့ ဌာနစုံတိုင်းကို ဝင်လိုက် ထွက်လိုက် လုပ်ခဲ့ရတယ်။ အဲဒါကြောင့်လဲ ကမ္ဘာ့စွမ်းအင်အရင်းအမြစ် ဈေးကွက်သဘာဝကို သိခဲ့တာလေ။”

၂၀၀၇ ခုနှစ်၊ ဆောင်းဦးရောက်တော့ သူတို့ ပရောဂျက်ကြီး အဆုံးသတ်သွားပါတယ်။ မိုက်လဲ မဟာဘွဲ့ယူ စာတမ်း ရေးပြီးခဲ့သလို၊ ကြီးကြပ်ရေးမှူးကလဲ ဆိုင်ရာ သုတေသနစာတမ်းပြင်ဆင်ပြီး၊ နိုင်ငံတကာ သဘာဝစွမ်းအင် အရင်းအမြစ်ဆိုင်ရာ စာတမ်းဖတ်ပွဲ (International Conference) မှာ နှစ်ယောက်လုံး စာတမ်းဖတ် ကြရပါတယ်။ ကမ္ဘာအနှံ့က အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ အစိုးရပိုင်း ကိုယ်စားလှယ်တွေ အများကြီး တက်ရောက်ခဲ့ပါတယ်။

မဟာဘွဲ့ယူ ပရောဂျက်ကြီးပြီးသွားတော့၊ နောက်ထပ် ဘာလုပ်ရမလဲ ဆုံးဖြတ်ရပြန်တယ်။ ပရောဂျက်လုပ်ခဲ့တဲ့ အတောအတွင်း သူရခဲ့တဲ့ အတွေ့အကြုံတွေ၊ အရည်အချင်းသစ်တွေ အများကြီးထဲကမှ၊ အားလုံးထက်ပိုပြီး စိတ်ပါဝင်စားနေခဲ့မိတာက - နိုင်ငံတကာ ကာဘွန်ဈေးကွက်ရဲ့ သဘောသဘာဝပါ။ (International Carbon Market) ဒီနယ်ပယ်အကြောင်း ဆရာကျကျနားလည်ထားခဲ့ပြီမို့၊ မိခင်နိုင်ငံ အမေရိကန်ပြည်ထောင်စုကို နိုင်ငံတကာဈေးကွက်နဲ့ ယှဉ်ကြည့်တော့၊ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်” (Renewable Energy) နဲ့ ပတ်သက်ရင် ဈေးကွက် “ဟ” နေသေးတာကို သတိထားမိလိုက်တယ်။

“အဲဒီတုန်းကတော့ ဘယ်သူမှ ဒီအကြောင်းတွေကို မသိသေးဘူး၊ နားမလည်ကြတာ ပြောပါတယ်၊ ဟိုဘက် ဒီဘက် သတင်းအချက်အလက် ဟကြောင်းကြီးက လွဲနေချက်ဗျာ”

စွမ်းအင်ဈေးကွက်အထာကို နားလည်သူပီပီ၊ သူကလွဲ ဘယ်သူမှ လုပ်မှာမဟုတ်တော့၊ သူကိုယ်တိုင်ပဲ လုပ်ငန်း တစ်ခု စွန့်စားပြီး တည်ထောင်လိုက်တယ်။ “ရပ်ကျေးသာယာစိမ်းလန်းရေး” ( Village Green) လို့ နာမည်ပေး ကင်ပွန်းတပ်လိုက်တယ်။ သူ့စီးပွားရေး အလုပ်လုပ်ပုံက - ရိုးရိုးလေးပါ။ ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ လူတွေက မိုက်ကို ပိုက်ဆံပေးမယ်။ ပြီးရင် အဲဒီပိုက်ဆံတွေကို သူအပါအဝင် - စွမ်းအင်အကြောင်း နားလည်တဲ့ လူတစ်စုအကြား၊ ရှုပ်ထွေးတဲ့ ငွေကြေးဖလှယ်မှုတွေ ကိုယ်စားလုပ်ပေးမယ်၊ အဲဒီနောက် ပိုက်ဆံရင်းနှီးမြုပ်နှံတဲ့ လူတွေရဲ့ စီးပွားရေး၊ လုပ်ငန်းတွေမှာ ကာဘွန်အသုံးချခွင့်ဆိုင်ရာ အာမခံလက်မှတ်ရမယ်၊ အဲဒီလက်မှတ်နဲ့ လုပ်ငန်း လည်ပတ်ရင် ကာဘွန်ထိန်းချုပ်နိုင်စွမ်းရှိတဲ့ လုပ်ငန်းအဖြစ် သတ်မှတ်ခံရမယ်။ ဒါပါပဲ။

ရပ်ကျေးသာယာစိမ်းလန်းရေး ကို နှစ်နှစ်တိတိ စတန်ဖို့ဒ်မှာ ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ၊ တခြားစီးပွားဖက်တွေနဲ့ အလှည့်ကျ တာဝန်ယူ လည်ပတ်ခဲ့ကြပါတယ်။ ရုံးချုပ်ကလဲမိုက်နေတဲ့ ဆန်ဖရန် စစ်စကို မြို့ နဲ့ သိပ်မဝေးတဲ့ နေရာမှာ ငှားပြီးဖွင့်ထားခဲ့ကြတာပါ။ ကုမ္ပဏီ စတည်ထောင်ခဲ့ပြီးကတည်းက တစ်ခါလေးမှ အရှုံးမရှိခဲ့သလို၊ လည်ပတ်မှု ကုန်ကျစားရိတ် အကြွေးမတင်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာအနှံ့ စီးပွားရေး ဆိုင်ရာ ကျပ်တည်းမှုတွေဖြစ်တော့၊ ကုမ္ပဏီကို ဖျက်သိမ်းလိုက်မဲ့အစား၊ လည်ပတ်မှုတွေ ကို လျှော့ချပြီး၊ စီးပွားပျက်ကပ်ကို ကျော်ဖြတ်ဖို့ မိုက်တို့အားလုံး ဆုံးဖြတ်ခဲ့ကြပါတယ်။

“တကယ့် အလုပ်စစ် လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြရတယ်” လို့ပြောပြီး မိုက်အနေနဲ့ သူဆက်လုပ်ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြတယ်။ အဲဒါနဲ့ ဘာဆက်ဖြစ်ခဲ့သလဲဆိုတော့ — မိုက်ရဲ့ အသိ၊ ဟာသလူပြက်တစ်ယောက်ရဲ့ ချစ်သူ ကောင်မလေးက - လူငယ် စွန့်စား စီးပွား ငွေကြေး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေပြီး၊ သူငယ်ချင်း လူပြက်ရဲ့ မိတ်ဆက်ပေးမှုကြောင့်၊ လူပြက်ရဲ့ ချစ်သူကောင်မလေးအပြင်၊ တခြား လူငယ်စီးပွားရေး လက်တွဲဖော်တွေ အားလုံးနဲ့ အင်တာဗျူးဝင်ခွင့်ပေးမယ်လို့ အခွင့်အလမ်း ရသွားတယ်။

“အင်တာဗျူးတော့ သူတို့ဘက်က မေးလာတယ်၊ ကျွန်တော့် အနေနဲ့ ဘာအကြောင်းကြောင့် သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရသင့်တာလဲတဲ့၊ ကျွန်တော့် ကုမ္ပဏီက သူတို့အတွက် ပိုက်ဆံဘယ်လို ရှာပေးနိုင်မှာလဲပေါ့ဗျာ၊ အင်တာဗျူးက မတင်မကျကြီးပါဗျာ၊ သူတို့ လိုချင်တာက တခြား၊ ကိုယ်ဖြစ်ချင်တာက တလွဲ၊ အဲဒီတော့ အမေးတွေက ပုဂ္ဂိုလ်ရေးအကြောင်းတွေဘက် မရောက်ချင် ရောက်ချင် ဖြစ်နေရော၊ ဖြစ်ချင်တော့ သူတို့ဘက်မှာလဲ နည်းပညာကုမ္ပဏီ တစ်ခု ရှိတယ်၊ Cleantech တဲ့၊ အဲဒီတော့ ကျွန်တော်လဲ ပြောလိုက်တယ်၊ Facebook ဘယ်လိုသုံးရမလဲဆိုတာကိုတော့ ကျွန်တော် ကောင်းကောင်းမသိဘူး၊ ဒါပေမဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးချပြီး ပိုက်ဆံတော့ ရှာတတ်တယ်လို့ ပြောလိုက်တော့၊ သူတို့ထဲက တစ်ယောက် ထပြီးပြောတယ်။ ခင်ဗျားက စွမ်းအင်တွေနဲ့ ပတ်သက်ပြီး နားလည်သူဆိုတော့ - Cleantech နဲ့ ခင်ဗျား ကိုက်မှာပဲ၊ ကြာတယ်ဗျာ- ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ခါတည်း လိုက်တွေ့ လိုက်တော့” တဲ့

၂၀၀၉ ခုနှစ်၊ နွေရာသီရောက်တော့၊ Westly Group မှာ မိုက် အနေနဲ့ အလုပ်သင်အဖြစ် အလုပ်ဝင်ခဲ့တယ်။ အောက်တိုဘာ ရောက်တော့၊ Analyst ရာထူး တိုးသွားပြီး အချိန်ပြည့်ဝန်ထမ်း ဖြစ်သွားတယ်။ သိပ်မကြာဘူး၊ အမှုဆောင်အရာရှိအဖြစ် ရာထူးတိုးသွားပြန်တယ်။ နှစ်နှစ်ကြာတော့ အဲဒီကုမ္ပဏီရဲ့ ဒါရိုက်တာ ဖြစ်သွားတယ်။
“ကျွန်တော် အလုပ် ဘယ်လိုလုပ်ပြီးရလဲလို့ မေးခံရတိုင်း - - ဟာသလူပြက်နဲ့ သူငယ်ချင်း ဖြစ်နေလို့ဗျ လို့ပဲ ဖြေလိုက်တယ်။”ဆိုပြီး ရယ်ရယ်မောမောနဲ့ မိုက်က ပြောပြပါတယ်။

#မောရိသျှ

Keep Reading

ဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ် ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်