မောရိသျှ
ချာလီ ရို့စ် နဲ့ ၂၀၀၇ ခုနှစ် အင်တာဗျူးမှာ၊ စတိဗ် မာတင် ပြောပြခဲ့တဲ့ ဘန်ဂျိုတီးလေ့ကျင့်ခဲ့ပုံက - “အနားမှာထားပြီး အမြဲတီးဖြစ်နေခဲ့ရင်၊ တစ်နေ့မဟုတ် တစ်နေ့ နှစ်လေးဆယ်နီးပါးလောက် တီးဖြစ်သွားမှာပဲလို့ အရင်ကတည်းက တွေးခဲ့မိတာဗျ၊ ပြောရရင် နှစ်လေးဆယ်လောက် အနားမှာထားပြီး တီးခဲ့မှတော့ မကျွမ်းဘဲ မနေဘူးလေ။ ဟုတ်တယ်မလား” - ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ မာတင်ရဲ့ လေ့ကျင့်နည်း လျှို့ဝှက်ချက်က စိတ်ရှည်မှုပါ။ Clawhammer Banjo က အင်မတန် ခက်ပါတယ်၊ ဒါကြောင့်လဲ မာတင်က နှစ်လေးဆယ်နီးပါး ကျင့်ဖို့ရာ ကြိုတွေးခဲ့တာပါ၊ လပေါင်းများစွာ ပေးဆပ်ပြီး အစဉ်တစိုက် လေ့ကျင့်သွားရင် ဖြစ်နိုင်မှန်း သူသိခဲ့တယ်။
စတိဗ် မာတင်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအရ - ဘယ်အရည်အချင်းမဆို ပြီးပြည့်စုံဖို့အတွက် စိတ်ရှည်သည်းခံမှု လိုအပ်ကြောင်းကို အသားပေး ရေးထားခဲ့ပါတယ်။ အထူးသဖြင့် အနုပညာလောကမှာ အခြေမပြတ် ရပ်တည်နိုင်ဖို့ ဆိုရင် သူများထက် စိတ်ရှည်နိုင်ဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။ မာတင် ပြောတာ အင်မတန် မှန်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ တဖြည်းဖြည်းချင်း စုဆောင်းတတ်မှ ပြီးပြည့်စုံတဲ့ အနေအထားကို ရောက်နိုင်တာပါ။
ဒီအချက်နဲ့ ပတ်သက်ပြီး မာတင်ပြောပြထားခဲ့တဲ့ ပုံစံလေးက အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူဖြစ်စေချင်တဲ့ အာရုံစိုက်ပုံစိုက်နည်းက - ကိုယ်လုပ်ချင်တဲ့ - ဒါမှမဟုတ် ရည်ရွယ်ထားတဲ့ အဓိက အလုပ်ကို အာရုံစူးစိုက်ထားသင့်သလို၊ အဲဒီ ရည်ရွယ်ချက်အတွက် လျှောက်လှမ်းနေတဲ့ ခရီးလမ်း တစ်လျှောက် မလွဲမသွေ ကြုံလာရမဲ့ တခြား ရွေးချယ်စရာ အနှာင့်အယှက် အခွင့်အလမ်းတွေကြောင့် စိတ်ပြောင်းစိတ်လွဲ အဖြစ်မခံဖို့ပါ။ ပန်းတိုင်ကို မရောက်မချင်း စိတ်ရှည်သည်းခံပြီး အစဉ်တစိုက် လေ့ကျင့်တဲ့ ဘဝမျိုးကို ဆိုလိုတာပါ။
ဒီအယူအဆရဲ့ အဓိပ္ပါယ်ကရှင်းပါတယ်။ သက်မွေးမှုအရင်းအနှီး စုဆောင်းတာက အချိန်ယူပါတယ်။ အဲလက်ဇ် ဆိုရင် နှစ်နှစ် အချိန်ယူခဲ့ပြီးတော့၊ အစဉ်တစိုက် ပုံမှန်လေး လေ့ကျင့်ခဲ့လို့သာ အောင်မြင်တဲ့ ဇာတ်ညွှန်းကောင်း တစ်ခုကိုရေးထုတ်နိုင်ခဲ့တာပါ။ မိုက် ဂျက်ဆန်ဆိုရင် ကောလိပ်ကျောင်းဆင်းဘဝကနေ အိပ်မက်ထဲက အလုပ်မျိုး ဖြစ်လာမဲ့ စွန့်စားအရင်းရှင်ဘဝကို ရောက်နိုင်ဖို့ ဆယ်စုနှစ် တစ်ဝက်နီးပါး အချိန်ယူခဲ့ရတာပါ။
ဒါကြောင့် စိတ်ရှည်သည်းခံနိုင်မှုက အင်မတန် အရေးကြီးပါတယ်။ စိတ်ရှည်သည်းခံမှု မရှိဘူး၊ မက်မောစရာ ရွေးချယ်မှုတွေ နောက်ကို လိုက်မိမယ်ဆိုရင်တော့၊ ကိုယ့်အတွက် တကယ်လိုအပ်တဲ့ သက်မွေးမှုဆိုင်ရာ အရင်းအနှီးကို စုဆောင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့် အထင် မာတင်အနေနဲ့ ဘင်ဂျိုကိ နေ့စဉ်နေ့တိုင်း နှစ်ပေါင်း လေးဆယ်ကျော်တိုင်အောင် တီးခတ်ခဲ့တဲ့ အကျင့်ကြီးက အတော်လေး အထင်ကြီး လေးစားလောက်ပါတယ်။ သက်မွေးမှု အရင်းအနှီးစုဆောင်းမှုရဲ့ သဘောသဘာဝကို ပေါ်လွင်စေလို့ပါ။ နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ဆွဲဆန့်နေရပြီး၊ တစ်နေ့နဲ့တစ်နေ့၊ တစ်လပြီးတစ်လ ရုန်းကန်ခဲ့ပြီးမှ၊ နောက်ဆုံးမှာ ဦးမော့လိုက်ပြီး “ဟိုက် ငါတော်လာပြီပဲ၊ အဲဒါထက် လူတွေလဲ ငါ့ကို သတိထားမိလာကြပြီပဲ” လို့ ယူဆနိုင်တဲ့အထိ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
#မောရိသျှ
Keep Reading