Author's Profile Photo

မောရိသျှ

30/06/2025

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်

3 mins read
Personal Development
Book Review
General Knowledge
နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်'s photo

နည်းပညာတိုးတက်ဖွဲ့ဖြိုးမှုတွေကြောင့် လက်ထဲရောက်နေတဲ့ စမတ်ဖုန်းကြောင့် ကိုယ့်ဘဝကြီး နဂိုထက် အဆင်ပြေသွားလို့ ဟန်ကျလှပြီ ဟုတ်လှပြီလို့တော့ မထင်စေချင်ဘူးဗျ။ စမတ်ဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပြူတာပဲဖြစ်ဖြစ် နည်းပညာနဲ့ပတ်သက်သမျှ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ဘဝအတွက် ဘယ်လောက်ပဲ အသုံးကျနေပါစေ “ဘဝအတွက် အရေးပါဆုံး အရာတွေ မဟုတ်တာကို မမေ့ပါနဲ့”။ သိပ်မကြာသေးခင်က ဖတ်လိုက်ရတဲ့ စစ်တမ်းတခုကြောင့် ကျွန်တော် အတော်လေး တရားရသွားသေးတယ်။ စစ်တမ်းမှာ ဝင်ရောက်ဖြေဆိုခဲ့တဲ့ လူဦးရေရဲ့ ၃၇ ဒသမ ၄ ရာခိုင်နှုန်းသော လူတွေအတွက် စမတ်ဖုန်းက သူတို့ဘဝမှာ အရေးကြီးဆုံးပါတဲ့။ သူတို့အတွက် အရင်းနှီးဆုံး ပြောမနာဆိုမနာ သူငယ်ချင်းလိုတောင် တန်ဖိုးကြီးပါတယ်လို့ ဖြေထားကြတယ်။ အံ့ဩလို့ မဆုံးဘူး။ ဘယ်လိုဖြစ်လို့ သက်မဲ့ပစ္စည်းတခုအပေါ် အဲဒီလောက် တွယ်တာမက်မောနေကြတာလဲလို့ တွေးမိတယ်။ သံဝေဂလည်း ရမိတယ်။ ခေတ်ကြီးက တခုခုတော့ လွဲနေပြီဗျ။

အူကြောင်ကြားတွေလို့ စွပ်စွဲပြန်ရင်လည်း ကျွန်တော်က မကောင်းတဲ့ကောင် ဖြစ်ဦးမယ်။ တခြား ၂၉ ဒသမ ၄ ရာခိုင်နှုန်းသော လူတွေအတွက်ကျတော့ စမတ်ဖုန်းတွေက သူတို့ မိဘတွေထက်တောင် အရေးကြီးတယ်တဲ့ဗျာ။ ကိုင်း ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်ကပဲ သူတို့လို မယူဆလို့ ရူးနှမ်းပြီး ခေတ်နောက်ကျနေတဲ့ကောင် ဖြစ်သွားပြီလား၊ ဒါမှမဟုတ် သူတို့ကပဲ ဦးနှောက်မရှိတော့တဲ့ အအတွေဖြစ်နေလို့လားဗျာ။ လမ်းပျောက်ပါတယ်။

ကျွန်တော်လျှောက်ပြောနေတာ မဟုတ်ဘူးနော်။ အဲတာ Würzburg နဲ့ Nottingham Trent University နှစ်ခု ပူးပေါင်းပြီး လုပ်ထားခဲ့တဲ့ တကယ့် စစ်တမ်းအရ ပြောတာပါ။ စမတ်ဖုန်းတွေက အတော်လေးကို အန္တရာယ်များတယ်ဗျ။ လူအများသိပြီးထားတဲ့အတိုင်း စမတ်ဖုန်းတွေကြောင့် စိတ်ဖိဆီးမှုတွေ တိုးလာနိုင်တယ်၊ စိတ်ဆင်းရဲမှုတွေ ပိုပြီး ခံစားရနိုင်တယ်၊ ပြီးရင် စိတ်ကျရောဂါပါ ဝင်သွားနိုင်တယ်ဆိုတာလောက်ပဲ မဟုတ်တော့ဘူးခင်ဗျ၊ လူတွေရဲ့ စရိုက်ရော စိတ်ခံယူချက်တွေကိုပါ ပြောင်းလဲသွားစေနိုင်လောက်တဲ့အထိကို ဒုက္ခပေးနိုင်တာဗျ။ အဲဒီ စမတ်ဖုန်းတွေကြောင့်ပဲ ကျွန်တော်တို့ရဲ့ သာမှန် အာရုံစူးစိုက်နိုင်စွမ်းက (၅) စက္ကန့်ထက်ပိုပြီး မထိန်းနိုင်တော့တာ။ အမြဲလိုလို စိတ်လွတ်သွားတာနဲ့ ဖုန်းလောက်ပဲ ကောက်ကိုင်ချင်စိတ် ပေါက်နေတော့ စိတ်အားလပ်သွားတိုင်း ဖုန်းမှဖုန်းပဲ ဖြစ်ကုန်တယ်။

အရေးမပါတဲ့ အင်တာနက်က အကြောင်းအရာတွေရဲ့ ဆွဲဆောင်မှု၊ လူမှုကွန်ယက်အမျိုးမျိုးက ခြေချုုပ်ထားမှုစသဖြင့် အမျိုးကို စုံနေတာပဲ။ ဘယ်သူမှ လွန်မြောက်နိုင်စွမ်း မရှိသလိုကို တလောကလုံးက အကျဉ်းချခံနေရတယ်။ ဘယ်လိုလုပ်ကြမလဲ။ အကြီးကြီးတော့ လွဲနေပြီ။

Würzburg နဲ့ Nottingham Trent University နှစ်ခု ပူးပေါင်းပြီး လူတွေရဲ့ စမတ်ဖုန်းအသုံးပြုတဲ့ အလေ့အကျင့်ကို စစ်တမ်းယူတော့ ပူးပေါင်းသူတွေရဲ့ အာရုံစူးစိုက်မှု အလေ့အထကိုပါ လေ့လာထားခဲ့ကြပါတယ်။ အဲဒီ လေ့လာထားခဲ့မှုတွေအရ ဘာကို သိခဲ့ရသလဲဆိုရင်၊ လူတွေက သူတို့အနီးအနားမှာ ဖုန်းရှိနေရင် အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းသွားပြီး၊ ကိုယ်ပိုင်ဖုန်းတွေက အနီးအနားမှာ လုံးဝ မရှိမှန်း သေချာသွားတော့မှသာ အာရုံအပြည့်နဲ့ လုပ်နေတဲ့အလုပ်မှာ စူးစိုက်နိုင်ကြပါတယ်။

ကိုယ့်ဖုန်းက စားပွဲပေါ်မှာ၊ ဒါမှမဟုတ် ဘောင်းဘီအိတ်ထောင်ထဲမှာ အဲဒီလို မဟုတ်ဘဲ အံဆွဲထဲမှာဖြစ်ဖြစ် အခန်းရဲ့ တနေရာရာမှာ ရှိနေတယ်လို့ သိနေရင်ပဲ စိတ်က အာရုံအပြည့်မစိုက်နိုင်ကြပါဘူး။ လုံးဝကြီး ကိုယ့်အနားမှာ မရှိသလို၊ ကိုယ်မသိနိုင်တဲ့ တခြား တနေရာရာမှာ ရောက်နေတယ်လို့ အသိဝင်သွားမှသာ လုပ်နေတဲ့ (သို့မဟုတ်) လုပ်ရမယ့် အလုပ်ထဲကို အာရုံအပြည့်ထည့်နိုင်ကြတာဖြစ်ပါတယ်။

လေ့လာမှုစစ်တမ်းတခုအရ သိရတယ်လို့ ပြောတိုင်း ယုံစရာတော့ မလိုပါဘူး။ ဒါပေမဲ့ တပ်အပ်သေချာ ကျွန်တော်ပြောနိုင်တာက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဖုန်းကို ချိန်သုံးဖြစ်ခဲ့လို့ ကျွန်တော့်ရခဲ့တဲ့ ကိုယ်တွေ့ အကျိုးတွေကိုတော့ မျှဝေပါရစေ။

ဘယ်လိုတွေ လုပ်ဖြစ်ခဲ့သလဲဆိုရင် - အောက်ပါအတိုင်းပါပဲခင်ဗျာ။
·   Notifications မှန်သမျှကို အကုန်ပိတ်ပြီး Cellular အဝင်အထွက်နဲ့ Messages တွေကိုပဲ ချန်ထားလိုက်ပါတယ်။

·   Whatsapp လိုမျိုး Groups တွေကနေ ထွက်ထားပြီး အရေးကြီးတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Groups တွေကလွဲရင် ဘယ် Groups ထဲကိုမှ ဝင်မထားပါဘူး။

·   ကျွန်တော့်အတွက် မလိုအပ်တဲ့ Apps မှန်သမျှကို Uninstall ထားပြီး၊ ဘယ်လောက်ပဲ နာမည်ကျော်ပါစေ၊ အသုံးဝင်ပါစေ ကျွန်တော်နဲ့ မဆိုင်ရင် ဖုန်းထဲ လုံးဝ Install မလုပ်ပါဘူး။ (မသိရင် မသိဘူးလို့ဘဲ ရိုးသားစွာ ဝန်ခံပြီး အသုံးမလိုရင် မသုံးမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းဖြစ်ပါတယ်။)

·   ကျွန်တော် တကယ်သဘောကျတဲ့ Creators တွေရဲ့ Contents တွေကိုပဲ ငွေကုန်ကြေးကျခံ Follow လုပ်ထားပါတယ်၊ Podcasts တွေဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ် News တွေကိုတောင် သီးခြား ပိုက်ဆံပေးဝယ်ဖတ်ရတာတွေကိုသာ Subscribe လုပ်ဖြစ်ပါတယ်။ eBooks တွေ AudioBook တွေကိုလည်း အလကားရတိုင်း ဖတ်တာမျိုး နားထောင်တာမျိုး မလုပ်ပါဘူး။ ကိုယ့်အတွက် မဖြစ်မနေ အရေးပါတယ်လို့ ယူဆတာတွေကိုသာ ဖတ်ဖြစ် နားထောင်ဖြစ်ပါတယ်။

·   အဲဒီအတွက် စမတ်ဖုန်းက ဖုန်းခေါ်ဖို့၊ စာရိုက်ဖို့၊ Note ယူဖို့နဲ့ ဓါတ်ပုံရိုက်တာတို့ အမှတ်တရ ဗီဒီယို မှတ်တမ်းလေးတွေ ယူတာတို့လောက်ပဲ လုပ်ဖြစ်ပါတယ်။ (အပျင်းပြေ Games တွေတောင် မကစားဖြစ်ပါဘူး။)

တကယ်လို့ Cellular Messages တွေ Noti အဖြစ် ဝင်လာခဲ့ရင်တောင် ချက်ချင်း Reply မလုပ်ပါဘူး။ မဖြစ်မနေ လုပ်သင့်တာတွေကိုပဲ လုပ်ဖြစ်ပါတယ်။ တဖက်သားအပေါ် မလေးစားတာတော့ မဟုတ်ပါဘူး။ စမတ်ဖုန်းသုံးပြီး ဆက်သွယ်ရတဲ့အလုပ်ကို လေးနက်တယ်လို့ မယူဆထားလို့ပါ။ ဒါကြောင့် တကယ်အရေးပါပြီး အရေးကြီးရင် လူကိုယ်တိုင် ဆက်သွယ်ဆက်ဆံတာမျိုးကိုပဲ လုပ်ဖြစ်သလို အားပေးပါတယ်။ အရင်ကတော့ Facebook, Instagram, Apple, Google စသဖြင့် နည်းပညာတိုင်းရဲ့ နောက်ဆုံးပေါ် Updates တွေကို သိပ်ပြီး စိတ်ဝင်စားခဲ့ဖူးပါတယ်။ အခုထိလည်း စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားသည်အလျောက် လူကိုယ်တိုင် လိုက်ပါရူးသွပ်တာမျိုး မဖြစ်တော့ပါဘူး။ သိသင့်သိထိုက်တာတွေကို သိသွားရင်ပဲ အလွယ်ကျေနပ်နိုင်အောင် ကြိုးစားပြီး နေဖြစ်ပါတယ်။

#မောရိသျှ

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အချိန်ဆွဲတာကိုကုစားမယ်