Kaung Hein Soe - Strategic
အခုဆိုရင် “သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား”ဆိုတဲ့ ခေါင်းစဉ်နဲ့ မျှဝေပေးနေတာ အပိုင်း(၅)ပိုင်းအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ထပ်ပြီးမေးလာကြတဲ့မေးခွန်းတွေက “စီးပွားရေးလုပ်ဖို့တောင် ကျွန်တော်တို့ တော်တော်ကြောက်နေ ပါပြီ” လို့ ပြောလာကြတာလည်းရှိပါတယ်။
ဒီလိုတော့မဟုတ်ပါဘူး။ ကျွန်တော်တို့က စီးပွားရေးတစ်ခုလုပ်မယ်ဆိုရင် မြတ်ဖို့အတွက် တွက်ချက်တတ် ရပါတယ်။ ထည့်သွင်းစဉ်းရမဲ့ အရာတွေရှိပါတယ်။ ဒါတွေအကုန်လုံးကိုတွက်ချက်ပြီးတော့မှ တကယ်မှန်ကန်စွာ တွက်နိုင်ထားရင် ကျွန်တော်တို့လုပ်ငန်းသည် တကယ်လက်တွေ့လုပ်တဲ့အချိန်မှာ အများကြီး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။
ရှေ့ကအပိုင်းလေးမှာ ဘာကိုမျှဝေခဲ့လဲဆိုတော့ ပစ္စည်းတစ်ခုကို တစ်သောင်းနဲ့ ဒီဘက် ‘အေ’ မှာဝယ်မယ် တစ်သောင်းခွဲနဲ့ ဒီဘက်နေရာ ‘ဘီ’ မှာ ပြန်ရောင်းမယ်။ အခု ၁၀၀ သာရောင်းရမယ်ဆိုရင် ၁၅ သိန်းမြတ်မယ်ဆိုတဲ့ Modern လေးကို အခြေခံပြီးတော့ တွက်ခဲ့တာဖြစ်ပါတယ်။ COGS အကြောင်း၊ Gross Profit အကြာင်း၊ Opex တွေအကြောင်းပြောခဲ့ပါတယ်။ ရှေ့ကမျှဝေမှုလေးမှာတော့ Depreciation ဆိုတဲ့ Asset တွေရဲ့ တန်ဖိုးလျော့ကျမှု အကြောင်းကိုပြောခဲ့တာပဲဖြစ်ပါတယ်။ ရှေ့က အပိုင်း(၄)ထိဆိုရင် Net Profit က ၁၅ သိန်းကနေ ဆင်းလာလိုက်တာ ၈ သောင်း အထိပဲကျန်တော့တာဖြစ်ပါတယ်။ ဒါဆိုရင်ဘာကျန်သေးလဲ၊ ဒီလောက်ဆိုရင်ရော အမြတ်ထွက်နေသေး လားဆိုတာကို ထပ်ပြီးစဉ်းစားစရာရှိပါတယ်။
နောက်ဆုံးထွက်လာတဲ့ Net Profit After Depreciation ထဲကနေ ဘာတွေကိုထုတ်နုတ်ရဦးမလဲဆိုရင် “Loan” ဆိုတဲ့ ချေးငွေရဲ့ အတိုးတွေကိုပေးဖို့ကျန်ပါသေးတယ်။ “Interest” လို့ခေါ်ပါတယ်။“ကျွန်တော်တို့ လုပ်ငန်းက ချေးငွေမရှိဘူး၊ ငွေချေးပြီးလုပ်မှာမဟုတ်ဘူး” ဆိုပြီးတော့လည်း ပြောကြပါတယ်။ ငွေချေးပြီးလုပ်တဲ့ လုပ်ငန်းမဟုတ်ဘူး၊ ချေးငွေမရှိဘူးဆိုရင်တော့ ဒီချေးငွေအတွက် “Interest” ပေးစရာမလိုအပ်ပါဘူး။ သို့သော် Finance ပညာရပ်မှာ ချေးငွေမရှိတဲ့လုပ်ငန်းကို ဘာလို့ခေါ်လဲဆိုတော့ “Leverage” မရှိဘူးလို့ ပြောလေ့ရှိပါတယ်။
“Leverage” ဆိုတာ ဘာလဲဆိုတော့ “ကုတ်အား၊ ကန်အား” လို့ပြောလို့ရပါတယ်။ ဥပမာ ကျောက်တုံး အကြီးကြီး ရှိမယ်၊ ဒီကျောက်တုံးအကြီးကြီးကို လူအားနဲ့တွန်းလို့မရပေမဲ့ ကျောက်တုံးအောက်ခြေကို သံတူရွင်းနဲ့ “Lever(ကုတ်အား)” အနေနဲ့ အသုံးပြုပြီးတော့ ချလိုက်ရင်တော့ ကျောက်တုံးကြီးက လိမ့်သွားပါလိမ့်မယ်။
လုပ်ငန်းတစ်ခုကြီးထွားလာဖို့အတွက် ချေးငွေသည် ကောင်းမွန်တဲ့ အဓိကနေရာကနေ ပါဝင်ပါတယ်။ ချေးငွေမရှိခြင်းသည် “Leverage” မရှိဘူးလို့ပြောကြပါတယ်။ ချေးငွေကို အသုံးမချတတ်တဲ့ လုပ်ငန်းကို “Financing” မကောင်းဘူးလို့ပြောပါတယ်။ “ငွေကြေးဆိုင်ရာပိုင်နိုင်မှု မရှိဘူး” လို့ပြောလေ့ရှိပါတယ်။ ဥပမာ ကျွန်တော်က လုပ်ငန်းတစ်ခုကို သိန်း ၁၀၀ အရင်းနဲ့ လည်ပတ်လိုက်လို့ တစ်လကို ၁၀ သိန်းမြတ်မယ်ဆိုရင် ၁၀ ရာခိုင်နှုန်း မြတ်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို သိန်း ၂၀၀ ဖိုးသာ လုပ်လိုက်ရင် ၂၀ ရာခိုင်နှုန်း ရမှာဖြစ်တဲ့အတွက် တစ်လကို သိန်း ၂၀ မြတ်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်ကသာ သိန်း ၁၀၀ ထပ်စိုက်ဖို့ မရှိဘူးဆိုရင် ဘဏ် တွေကနေဖြစ်ဖြစ်၊ အဖွဲ့အစည်းကဖြစ်ဖြစ် ငွေချေးပြီးတော့ လည်ပတ်လို့ရပါတယ်။ တစ်လကို တစ်ကျပ်တိုးနဲ့ ချေးယူလိုက်မယ်ဆိုရင် သိန်း ၁၀၀ ရဲ့တစ်လအတိုးက တစ်သိန်းကျမှာဖြစ်ပါတယ်။
ဒါဆိုရင်ကျွန်တော်က တစ်ကျပ်တိုးနဲ့ ဘဏ်ကငွေချေးလိုက်တော့ သိန်း ၂၀၀ ဖြစ်သွားပါမယ်။ အဲ့ သိန်း ၂၀၀နဲ့ လုပ်ငန်းလည်ပတ်လိုက်ရင် နောက်ထပ် တစ်ဆပိုမြတ်လာပြီး အမြတ်က သိန်း ၂၀ ဖြစ်သွားပါမယ်။ ချေးထားတဲ့ ငွေရဲ့ အတိုးတစ်သိန်းက ဘဏ်ကိုပြန်ဆပ်ပြီးတော့ ကျန်တဲ့ ၉ သိန်းကို အမြတ်အနေနဲ့ယူလိုက်ရင် ကျွန်တော့်လုပ်ငန်းက ပိုပြီးတော့ အမြတ်အစွန်းဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် “Financing” ကောင်းတယ် မကောင်းဘူး၊ “Leverage” ရှိတယ် မရှိဘူး၊ အကြွေးရှိခြင်း မရှိခြင်းကို ကျွန်တော်တို့က ဆိုလေ့ရှိပါတယ်။
အကြွေးသည် အသုံးချတတ်ရင် ကျွန်တော်တို့အတွက် မိတ်ဆွေဖြစ်ပါတယ်။ အကြွေးကိုအသုံးချတတ်ရပါ မယ်။ ဒီအကြွေးကိုဘယ်လိုအသုံးချတတ်ရမလဲ ဆိုတာကို ပြန်စဉ်းစားရပါမယ်။ သိန်း ၁၀၀နဲ့ လည်ပတ်လို့ ၁၀ သိန်း မြတ်မယ်၊ နောက်ထပ် သိန်း ၁၀၀ ကိုချေးငွေယူပြီးတော့ လုပ်ငန်းကို ပိုတိုးချဲ့လိုက်ပါမယ်။ ပိုတိုးချဲ့လိုက်တဲ့ ငွေကိုတော့ အမြတ် Profit ထွက်မဲ့ နေရာတွေမှာ တိုက်ရိုက်စဉ်းစားချင့်ချိန်ပြီးတော့ သုံးဖို့လိုအပ်ပါတယ်။ သိန်း ၁၀၀ နဲ့လုပ်နေတယ် တစ်လကို ၁၀ သိန်းမြတ်တယ်။ ချေးငွေ သိန်း ၁၀၀ ယူပြီးတော့လုပ်လိုက်တယ် အတိုး တစ်သိန်းပေးရမယ်။ ဒါပေမဲ့ သိန်း ၁၀၀ က အမြတ်ငါးသိန်းပဲရတယ်ဆိုရင်တောင် တစ်သိန်းကို အတိုးပြန်ဆပ်ပြီးရင် Profit က လေးသိန်းထွက်နေဦးမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အကြွေးများကို လုပ်ငန်းတွေက ရယူလေ့ရှိပါတယ်။
Finance ပညာရပ်မှာ Total Asset လို့ခေါ်တဲ့ ဖော်မြူလာရှိပါတယ်။ အဲ့ဒီ ဖော်မြူလာသည် ဘယ်လိုသွားလဲဆိုတော့ (Total Asset = Liabilities + Owner Equity) ဆိုပြီးတော့ သွားပါတယ်။ “Liabilities” ဆိုတာ ပေးရမဲ့အကြွေးဖြစ်ပါတယ်။ အကြွေးဆိုတာ ချေးငွေချေးယူထားမှ အကြွေးမဟုတ်ပါဘူး။ Supplier ဆီက ပစ္စည်းတွေကို ၂လဆိုင်း၊ ၃လဆိုင်းနဲ့ အကြွေးယူမယ်၊ ရောင်းမယ် ရောင်းလို့ငွေပေါ်တော့မှ Supplier ကိုပြန်ပေးမယ်။ ဒါလည်းအကြွေးဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့သည် အကြွေးကိုအသုံးချတတ်ဖို့လိုပါတယ်။ ကိုယ့်အတွက် Leverage ဖြစ်မဲ့ ပိုပြီးတော့ မြှင့်တင်လာနိုင်မဲ့၊ ကိုယ့်လုပ်ငန်းကို အကျိုးပြုမဲ့၊ ကောင်းတဲ့အကြွေးတွေကို ရွေးချယ်ပြီးတော့ လုပ်ငန်းတွေက ယူရလေ့ရှိပါတယ်။ အကြွေးရှိခဲ့တယ်ဆိုရင် ဘာပေးဆပ်ရမလဲဆိုတော့ “Interest” အတိုးနှုန်း ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြတ်နေတဲ့ Net Profit Deperaciation နုတ်ပြီးသား အမြတ်ထဲက ဘာကိုထပ်ပြီး နုတ်လာရပြီလဲဆိုတော့ “Interest” လို့ခေါ်တဲ့ အတိုးကိုနုတ်လာရပြီပဲဖြစ်ပါတယ်။
နောက်တစ်ခုက “Tax” ဆိုတဲ့ အခွန်ဆောင်ဖို့ကျန်ပါသေးတယ်။ အမြတ်ထွက်တယ်ဆိုရင် အမြတ်ခွန်ဆောင်ဖို့ လိုပါတယ်။ ကုမ္ပဏီတစ်ခုသည် အမြတ်ထွက်တယ်ဆိုရင် လက်ရှိ ၂၅ ရာခိုင်နှုန်း အစိုးရကို မြတ်တဲ့ Profit ကို ဝင်ငွေရလမ်းအနေနဲ့ အခွန်ဆောင်ရလေ့ရှိပါတယ်။ အခွန်ထပ်ပြီးတော့ နုတ်ဖို့လိုပါတယ်။ ဒါဆို စီးပွားရေးပဲလုပ်မယ်၊ ကုမ္ပဏီကို Regestration မလုပ်ဘူး၊ ဒီတိုင်းပဲလုပ်နေမယ်၊ ဝင်ငွေရလမ်းရပေါက်မပြဘူး၊ အခွန်လည်းမဆောင်ဘူးဆိုရင် ဥပဒေအရ အကာအကွယ်တွေ မရနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီနာမည်ကို Register တင်မထားဘူး၊ ဒါဆိုတရားဝင်ဖြစ်မနေပါဘူး။ တခြားကုမ္ပဏီတစ်ခုခုက ကိုယ့်နာမည်နဲ့ ကုမ္ပဏီထောင် ပြီးတော့ လူတွေကိုလိမ်သွားမယ်၊ ကိုယ့်ရဲ့ ကုမ္ပဏီနာမည် Logo လေးကို တခြားလူက ယူသွားပြီးတော့ အသုံးပြု နေတဲ့ ပြဿနာမျိုးကြုံလာရနိုင်ပါတယ်။ နောက်တစ်ခါ ဝင်ငွေလမ်းကြောင်းမပြနိုင်တဲ့ အနေအထားတွေမှာ ဒဏ်ကြေးဆောင်ရတာတွေရှိနိုင်ပါသေးတယ်။ ဒါ့အပြင် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်အရ အခွန်ဆောင်ဖို့ လည်း ရှိနေတာဖြစ်တဲ့အတွက် စည်းကြပ်တဲ့အခွန်ပမာဏသည် ကျွန်တော်တို့ နိုင်ငံသာမကဘဲ တခြားနိုင်ငံတွေ မှာလဲ ပေးဆောင်နေရတဲ့ အနေအထားတွေရှိပါတယ်။
ဒီ Tax ကိုဆောင်ရမယ်ဆိုရင် ထပ်ပြီးတော့ နုတ်ဖို့လိုပါတယ်။ Tax ကတော့ ဆောင်ရတဲ့ပမာဏ အမျိုးမျိုးရှိပါတယ်။ တချို့စီးပွားရေးလုပ်ငန်းတွေမှာ ကင်းလွတ်ခွင့်ရှိတဲ့ အခွန်တွေရှိတယ်။ ပိုပြီးတော့ တင်းကြပ် တဲ့ အထူးကုန်စည်တွေရှိမယ်။ ဒါကတော့ လုပ်ငန်းအမျိုးအစားနဲ့ Product အပေါ်လည်း အများကြီး မူတည်နေ တာဖြစ်ပါတယ်။ ဒါဆိုကျွန်တော်တို့ ဘာတွေပိုသွားမလဲဆိုတော့ Interest ထပ်ပြီးတော့ နုတ်လာရမယ်၊ Tax တွေ ထပ်ပြီးတော့နုတ်ရမယ်၊ နောက်ထပ် “Earning After TID” ဆိုတာ ထွက်လာပါမယ်။ “TID” ဆိုတာ “Tax”၊ “Interest”၊ “Deperciation” တွေနုတ်ပြီးတဲ့နောက် ဒီလုပ်ငန်းမှာ ဘယ်လောက်ပဲကျန်တော့မလဲဆိုတော့ တစ်သောင်းခွဲပဲ ကျန်တော့မှာဖြစ်ပါတယ်။ ဒါလေးတွေကတော့နမူနာအနေနဲ့ တွက်ပြထားတာဖြစ်ပါတယ်။
တကယ်အလုပ်လုပ်တဲ့အချိန်မှာ ဒါကိုလည်း ထည့်ပြီးစဉ်းစားတွက်ချက်မှသာ ပိုမိုကောင်းမွန် မှန်ကန် တိကျတဲ့၊ Risk ကင်းတဲ့ Business တစ်ခုကို စတင်နိုင်မှာဖြစ်ပါတယ်။ ဒီအပိုင်းမှာ ဒီလောက်ပဲမို့ နောက်ထပ် တစ်ပိုင်းမှာ ဆက်လက်ပြီးတော့ မျှဝေပေးသွားဦးမှာ ဖြစ်ပါတယ်။
Keep Reading