မောရိသျှ
လုပ်ချင်တဲ့ အလုပ်က ကိုယ်လုပ်နိုင်တဲ့ ဘောင်အတွင်း ရှိတယ်ဆိုပေမဲ့၊ တန်ရာတန်ကြေး ရနိုင်ပါ့မလား၊ ဆန်းစစ်ပါ၊ မရနိုင်၊ မဖြစ်နိုင်ရင် တခြား အလုပ် ပြောင်းလိုက်ပါ။
“တန်ရာတန်ကြေး ရနိုင်ပါ့မလား” ဆိုတာက “လူတွေအနေနဲ့ စေတနာရှိနိုင်ပါ့မလား” ဆိုတာကို တွေးရပါမယ်။ နားလည်လွယ်အောင် ပြောရရင် - ကုန်ပစ္စည်း တစ်ခုကို အရည်အသွေးအလိုက် တန်ရာတန်ကြေး ပေးသလိုမျိုးပါပဲ၊ ချေးငွေလိုလို့ တန်ရာတန်ကြေး အပေါင်ထားသလို၊ လုပ်ငန်းတစ်ခု ဖြစ်မြောက်နိုင်ခြေ များလို့ ရင်းနှီးမတည်ငွေ ချထားခံရသလို၊ အလုပ်ရှင်ဘက်က ကျေနပ်စွာ လက်ခံပြီး အလုပ်ခန့်ခံလာဖို့၊ ဒါမှမဟုတ် နှစ်ဖက်မျှတတဲ့ အကျိုးခံစားခွင့် လစာရနိုင်ဖို့တွေအဆုံး အားလုံးကို ဆိုလိုပါတယ်။
သာဓက အနေနဲ့ ရိုင်ယန်တို့ မီးနီစိုက်ပျိုးရေးခြံကို ကြည့်ပါ၊ မြို့ကြီးပြကြီးသားတွေ၊ ကြွက်စုတ်ထိုးဘဝမှာ ငြီးငွေ့လာကြတဲ့အခါ၊ တောရပ်တောရွာဘက်မှာ စိုက်ပျိုးရေးခြံတွေ ဝယ်ပြီး၊ သူတို့လက် သူတို့ခြေနဲ့ ပုံဖော်ရတဲ့ အလုပ်မျိုးကို မက်မောလာကြတာမျိုးတွေက၊ မအောင်မြင်တာ များပါတယ်။ဒါပေမဲ့ ရိုင်ယန်ကတော့ အဲဒီလို အဖြစ်မခံဘူး။ တန်ရာတန်ကြေး ခံစားခွင့် ရအောင် ဖန်တီးတယ်။ အကောင်းဆုံးသော အရည်အချင်းကို အရင်းပြု အားထုတ်ပြီး၊ အကောင်းဆုံးသော အရည်အသွေး ထုတ်ကုန်အတွက် တန်ပြန်ခံစားခွင့် ရှိလာအောင် ရုပ်လုံးဖော်နိုင်တယ်။
သေချာလေး ပြန်တွေးကြည့်ရင်၊ သူ့အနေနဲ့ ငွေတွေ သုံးမကုန်လောက်အောင် ပေါနေလို့၊ စိုက်ပျိုးရေးကို အပျင်းပြေလုပ်ခဲ့တာမှ မဟုတ်ဘဲ။ မက်ဆာချူးဆက်ပြည်နယ် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဝန်ဆောင်မှု အေဂျင်စီကနေ ချေးငွေထုတ်ပြီး လုပ်ခဲ့တာပါ။ အေဂျင်စီက တော်ရုံတန်ရုံ ချေးငွေ မချပေးပါဘူး။ သူတို့ ချထား ပေးမဲ့ ငွေကို ပြန်ဆပ်နိုင်လောက်တဲ့ အနေအထား ရှိဦးမှ၊ အဲဒါထက် သူ့တို့ ရင်းနှီးမတည်ငွေ ထုတ်ပေးမဲ့ စိုက်ပျိုးရေးလုပ်ငန်းက တကယ်ပဲ အလုပ်တွင်၊ အလုပ်ဖြစ်နေတဲ့ အနေအထား ရှိဦးမှ၊ သက်သေအချက်အလက် သိသာမြင်သာတဲ့ အကျိုးဆက် ရလဒ်တွေကို အခြေခံပြီး ဆုံးဖြတ်တာပါ။ အရာအားလုံးက တန်ရာတန်ကြေးတွေပါပဲ။ ဆယ်စုနှစ် တစ်ခုစာ အတွေ့အကြုံနဲ့ အောင်မြင်မှု သမိုင်းတွေကြောင့် ရိုင်ယန်အနေနဲ့ အခက်အခဲ မရှိသလောက် အဆင်ချောနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီလီလဲ ဒီနိယာမကို ထောက်ခံပေးနိုင်တဲ့ လက်တွေ့ သက်သေတစ်ခုပါ။ “တန်ရာတန်ကြေး” ရဲ့ အထာကို သူနားလည်တော့၊ သူလုပ်နေတဲ့ အလုပ်တိုင်းကို သူ့အရည်အချင်းနဲ့ တန်အောင် ဖန်တီးတယ်၊ သူ့စိတ်ကြိုက် အနေ အထားရောက်အောင် လုပ်တယ်။ သူ့ရဲ့ ပထမဆုံး ရွှေ့ကွက်ကြီးက - အလုပ်ရှင်တွေဘက်ကို တစ်ပတ် ရုံးတက်ချိန် ၃၀- နာရီ ဖြစ်အောင် ညှိနိုင်းခဲ့တာပဲ။ သူ့အနေနဲ့ တောင်းဆိုနိုင်ခဲ့တယ်။ အကြောင်းက သူ့မှာ တောင်းဆိုလို့ ရနိုင်တဲ့ အနေအထား ရောက်နေခဲ့လို့ပဲ။ အရည်အချင်းလဲ ရှိတယ်၊ စွမ်းဆောင်ရည်လဲ ရှိတယ်။ အဲဒီတော့ တန်ရာတန်ကြေး သူတောင်းဆိုတယ်။ ရအောင်လုပ်တယ်။ ပညာသည်ပါးဝတယ်လို့ပဲ ပြောပါစေ၊ တန်အောင် သူလုပ်ပေးတယ်။ အလုပ်ရှင်တွေဖက်လဲ ထိုက်တန်သလောက် အကျိုးဖြစ်ထွန်းတယ်။
အလွတ်တန်း ဘဝရောက်သွားတော့၊ အလုပ်ရှင်တွေက အချိန်ပြည့်ဝန်ထမ်းအဖြစ် ခန့်ချင်ပေမဲ့၊ သုံးလ စာချုပ်နဲ့ပဲ အလုပ်လုပ်ပေးနိုင်တယ်လို့ ညှိလိုက်တော့၊ မတတ်သာတဲ့အဆုံး အလုပ်ရှင်တွေဘက်က လိုက်လျော ပေးရတယ်လေ။ ဒါကလဲ လီလီ အနေနဲ့ သူ့ကိုယ်သူ ဒီအနေအထားရောက်အောင် ကြိုးစားခဲ့ရတာကိုး။ တန်ရာတန်ကြေး အတွက် သူ့ဘက်က တောင်းဆိုတာ မမှားပါဘူး။ အကယ်လို့သာ လီလီမှာ ကျောထောက် နောက်ခံပေးစရာ သက်မွေးမှု အရင်းအနှီး အရည်အချင်းတွေ မရှိခဲ့ရင်၊ အလုပ်ရှင်တွေက အဖတ်တောင် လုပ်မှာ မဟုတ်ဘူးလေ။ မျက်ကွယ်ပြုလို့ လုံးဝ မရလောက်အောင် ထူးချွန်နေသူမို့သာ လီလီ့ အနေနဲ့ အထက်စီးနိုင်တာ ဖြစ်ပါတယ်။
နောက်တစ်ဖက် တစ်ချက်မှာကျတော့၊ ကိုယ့်ဘဝကို အခြေမကျသေးဘဲ၊ အတင်းကာရော လုပ်ချင်လို့၊ အရှုံးသမား ဘဝနဲ့ ချာချာလည်နေရတဲ့သူ ရှိပါသေးတယ်။ တန်ရာတန်ကြေး နိယာမကို နားမလည်လို့ ဒုက္ခရောက်သူပါ။ RULE#3 တုန်းက မိတ်ဆက်ခဲ့တဲ့ ဂျိန်း ကို မှတ်မိကြဦးမှာပါ။ သာမန် အွန်လိုင်းဘလော့ဂ် နဲ့ ဝင်ငွေလမ်းကြောင်း “စီးပွားရေးအလုပ်” က သူလုပ်ချင်တဲ့၊ သူဖြစ်ချင်တဲ့၊ စွန့်စားခန်းတွေ လုပ်ခွင့်ရအောင် ထောက်ပံ့ပေးနိုင်မယ်လို့ ထင်ထားခဲ့တယ်။ တကယ်လို့သာ ဒဲရက် နဲ့ သူတို့ တွေ့ဖြစ်ခဲ့ကြရင်၊ ကျောင်းမထွက်ဘဲ၊ ဒီပလိုမာရတဲ့အထိ နေရင်နေခဲ့မှာပါ။ သူတွေးထားတဲ့တဲ့ အွန်လိုင်းအလုပ်ကနေ အမြတ်တွေ တကယ်ထွက်လာတော့မှ၊ စွန့်စားခန်းတွေ ထွက်ချင် ထွက်မှာပါ။ အခုတော့ တန်ရာတန်ကြေးကို နားမလည်တဲ့ အပြစ်အနေနဲ့ သူများပေးစာကမ်းစာနဲ့ ချာချာလည်နေရတယ်။
ဂျိန်းအတွက် ဘဝဆုံးသွားတာတော့ မဟုတ်ဘူး။ သူ့အနေနဲ့ အချိန်မီသေးတယ်။ တန်ရာတန်ကြေးနိယာမ အတိုင်း တန်ရာတန်ကြေးရဖို့ လိုအပ်တဲ့ သက်မွေးမှုဆိုင်ရာအရင်းအနှီးတွေကို စုဆောင်းဖို့တော့လိုပါတယ်။ သက်မွေးမှု ဈေးကွက်တစ်ခုကို စိတ်ပိုင်းဖြတ်ရွေးချယ်ပြီး၊ ဆိုင်ရာ ဈေးကွက်အတွက် လိုအပ်မဲ့ အရင်းအနှီး အရည်အချင်းတွေကို စုဆောင်းလေ့ကျင့်ရမယ်။ မျက်ကွယ်ပြုလို့ မရလောက်အောင် ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ လက်တွေ့ ထုတ်ပြနိုင်ရင်တော့၊ သူဖြစ်ချင်တဲ့၊ သူလုပ်ချင်တဲ့ စွန့်စားခန်းတွေကို စိတ်ကြိုက်လုပ်ခွင့် ပြန်ရမှာပါ။ ငွေရှိရင် မငတ်ပေမဲ့၊ အရည်အချင်း မရှိခဲ့ရင် ရှင်နေလျက်နဲ့ သေနေသလိုပါပဲ။ တန်ရာတန်ကြေး မရလို့ မွဲတေတေ ဘဝမှာ ချာချာလည်နေရလိမ့်မယ်။ ဒီအချက်ကို သတိချပ်ထားသရွေ့ အမှား မလုပ်မိဘဲ၊ အလုပ်မှန်မှန် လုပ်နိုင်ပါလိ့မ်မယ်။
#မောရိသျှ
Keep Reading