Hein Zaw

ဒီတစ်လောမှာ ကိုယ့်အသိမိတ်ဆွေတွေနဲ့ စကားပြောရင်း ဘ၀ပျက်တဲ့သူတော်တော်များများအကြောင်းကြားရတယ်။ သူတို့အသိတွေရော ကိုယ်အသိတွေပါပါတယ်။ တစ်ယောက်ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ကျွန်ဖြစ်ရင်း အိမ်ထောင်ကွဲပြီး လူမသိသူမသိ ဆုံးသွားတယ်။ တချို့ဆို စီးပွားရေးလုပ်တယ်၊ ကုန်သည်ပွဲစားလုပ်တယ်။ လောင်းကစားအပျော်အပါးနဲ့ မိန်းမကိစ္စတွေရှုပ်ရင်း စီးပွားပျက်သွားတယ်။ တချို့ဆို လင်မယားနှစ်ယောက်မှာ မိန်းမက ယောကျာ်းမသိအောင် နှစ်လုံးထီလို၊ အွန်လိုင်းဂိမ်းလိုလောင်းကစားတွေထဲနစ်ရင်း ဘ၀ပျက်သွားကြတယ်။
ဒီအကြောင်းတွေကြားတော့ လူတစ်ယောက်ကို ပျက်စီးစေတဲ့ Liquor, Lady, Leverage ဆိုတဲ့ L သုံးလုံး အကြောင်းကို သတိရမိတယ်။ Warren Buffett တစ်ခါပြောဖူးတယ်။ “ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် ချာလီပြောတာရှိတယ်၊ ထက်မြက်တဲ့လူတစ်ယောက်ကို မွဲသွားစေနိုင်တဲ့ အကြောင်းရင်းသုံးခုက Liquor, Lady နဲ့ Leverage ပဲ” လို့ဆိုတယ်။
အရက်ဘီယာဆိုတာ နည်းနည်းသောက်ရင် ပြဿနာမရှိပေမဲ့ အလွန်အကျွံသောက်ရင်း အရက်ကျွန်ဖြစ်သွားတဲ့သူတွေ တစ်ပုံကြီးရှိပါတယ်။ မိန်းမကိစ္စကတော့ သိတဲ့အတိုင်းပဲ ပုံမှန်တွဲတာ၊ အိမ်ထောင်ပြုတာက သဘာ၀ဖြစ်ပေမဲ့ ပွေရှုပ်တာ၊ အိမ်ထောင်ရေးဖောက်ပြန်တာတွေဖြစ်လာရင် နောက်ဆက်တွဲပြဿနာများလှသလို ကိုယ့်လူမှုအသိုင်းအဝိုင်းမှာ ဂုဏ်သတင်းကျဆင်းတာပါပဲ။ Leverage ဆိုတာကတော့ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာဆိုရင် အကျိုးမြတ်ရှိမယ့်ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် ချေးငွေကိုအသုံးချတာကို ဆိုလိုတာပါ။ ဆိုတော့ ငွေချေးပြီး ရင်းနှီးမြှုပ်နှံတယ်၊ ငွေချေးပြီးစီးပွားရေးလုပ်တယ်ဆိုတာက လုပ်တတ်ရင် အလုပ်ဖြစ်နိုင်သလို မလုပ်တတ်ရင်၊ ဒါမှမဟုတ် တခြားသက်ရောက်မှုတစ်ခုခုနှောင့်ယှက်ရင်တော့ အန္တရာယ်များပါတယ်။
ဒါကတော့ Liquor, Lady နဲ့ Leverage အကြောင်းကို အနှစ်ချုပ်ပြောခြင်းဖြစ်ပါတယ်။ ဆိုလိုချင်တာက လူဟာ အပျော်ရှာရင်းနဲ့ အရှာမတတ်ရင် အပျက်ဘက်ရောက်သွားတတ်ကြတယ်။ အထူးသဖြင့် တချို့အရာတွေက စ,မိရင် နစ်မြုပ်သွားတတ်တယ်။ လောင်းကစားဆိုပါတော့ စ,ကစားမိသွားပြီဆိုရင် ပြန်ထွက်ရခက်တယ်။ ကစားနည်းကိုက လူတွေကို ဆွဲဆောင်ထားပါတယ်။ ဘာလဲဆိုတော့ လွယ်လွယ်နဲ့ငွေရခြင်းပဲဖြစ်တယ်။ ခင်ဗျား တစ်ထိုင်တည်းအတွင်းမှာ ငွေတွေအများကြီးဝင်နိုင်တာရော ကိုယ့်ငွေဆုံးရှုံးပြီးချိန်မှာ ငွေမျောငွေနဲ့လိုက်ဆိုတဲ့စကားအတိုင်း ရှုံးမဲမဲတာမျိုးပါ ဖြစ်နိုင်ပါတယ်။ တချို့ဆို လောင်းကစားကို ငွေချေးပြီးကစားကြတာတွေရှိတယ်။ လောင်းကစားလည်း ရှုံးရော ဘ၀က တည်မရလောက်အောင် ပျက်တော့တာပဲ။
နောက်တစ်ခုက လူတစ်ယောက် ငွေသုံးတတ်မတတ်က သူ့ကို ငွေပေးကိုင်ကြည့်ရင် အဖြေပေါ်တာပဲ။ ငွေမရှိခင်မှာ မသိသာပေမဲ့ ငွေအထိုက်လျောက်ကိုင်လာရချိန်မှာ ကိုယ့်ရဲ့ Emotion တွေ၊ Behavior တွေကို မထိန်းနိုင်ရင် နောက်ဆက်တွဲပြဿနာတွေ တောက်လျှောက်ဝင်လာတော့တာပဲ။ liquor လား၊ Lady လား၊ Leverage စသဖြင့် ဖြစ်နိုင်ပါတယ်။
#HeinZaw
#Liquor
#Lady
#Leverage
Keep Reading