Kaung Hein Soe - Strategic

ကျွန်တော့် ရဲ့ စီးပွားရေး သင်တန်းမှာ သင်တန်းသားတွေကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် အရင်းအနှီး လိုအပ်ပါသလားလို့ပါပဲ။ ဒီတော့ အားလုံးကပဲ တစ်ပြိုင်နက်ပြောကြပါတယ်။ လိုပါတယ်ဆရာတဲ့။ ဒီတော့ ကျွန်တော်က ဟုတ်ပြီ။ ဒီလို ယူဆထားရင်တော့ တကယ်ပဲ ခင်ဗျားတို့အားလုံး အရင်းအနှီး တစ်ခု စရှိလာမှ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စဖြစ်လိမ့်မယ်။ ကဲ..ဒါ့ဖြင့် အရင်းအနှီးက ဘယ်အချိန်မှာ ဘယ်လို ရမလဲလို့ ပြန်မေးပါတော့တယ်။ ဒီအခါမှာတော့ အတော်စဉ်းစားသွားကြပါတော့တယ်။
.
လူအများစုရဲ့စိတ်မှာ Limitation တစ်ခု အနေနဲ့ ရှိနေတတ်တာက အရင်းအနှီးတစ်ခုရှိမှ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလို့ ရတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ အပြည့်အ၀ မမှန်ကန်ပါဘူး။ အရင်းအနှီးမရှိဘဲ သို့မဟုတ် ကိုယ်ပိုင် အရင်းအနှီးမရှိဘဲ လုပ်ငန်းတစ်ခု စတင်လို့ ရတာတွေ အများအပြား ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် အနည်းဆုံး ရင်းနှီးငွေနဲ့ လုပ်ငန်းတွေ တည်ထောင် လုပ်ကိုင်ဖူးပါတယ်။ ဒီတစ်ခါမှာတော့ ငွေရင်းမလိုပဲ ဘယ်လို လုပ်ငန်းတွေ လုပ်ဆောင်လို့ရနိုင်လဲ ဆိုတာကို မျှဝေပေးလိုပါတယ်။
.
Networkကောင်းတစ်ခုရှိရင်…
.
မိမိမှာ အားကိုးရတဲ့ Network အဆက်အသွယ်တစ်ခုခုရှိမယ် ဆိုရင်လည်း အရင်းအနှီး မရှိဘဲလုပ်ငန်းတစ်ခု စတင်နိုင်ပါတယ်။ တစ်ခါက အသိမိတ်ဆွေ တစ်ဦးဟာ အထည်ဆိုင်လေးတစ်ခု ရပ်ကွက်ထဲမှာ ဖွင့်ပါတယ်။ ဒါပေမယ့် ဒီအထည်ဆိုင်က အထည်တွေအတွက် အရင်းအနှီး မလိုအပ်ဘဲ သူ့ရဲ့အသိရဲ့ အထည် စက်ရုံကနေအထည် တွေ မှာယူပြီး တစ်လတစ်ခါ ရောင်းရတဲ့ အထည်ကိုပဲ ငွေရှင်းတဲ့ စနစ်နဲ့ ရယူလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ရောင်းမထွက်တဲ့ အထည်တွေကိုတောင် ပြန်လဲခွင့် ရသေးတော့ အတော်လေး အဆင်ပြေပါတယ်တဲ့။
.
ကျွန်တော်ကိုယ်တိုင်လဲ Network ကောင်းကောင်းတွေကြောင့် လုပ်ငန်းတွေကို အရင်းအနှီး မရှိသလောက်ကနေ တည်ထောင် လုပ်ကိုင်ဖူးပါတယ်။ လုပ်ငန်းရဲ့ လိုအပ်သမျှ အရင်းအနှီးကို စိုက်ထုတ်ပေးပြီး ကိုယ်တိုင်ကတော့ အလုပ်ကို ဦးစီး လမ်းညွှန် ပေးရုံပါပဲ။ ဒီအတွက် ကိုယ်က သိရုံလောက် သိတယ် ဆိုတာမျိုးမဟုတ်ဘဲ တကယ် ရင်းနှီးကျွမ်းဝင်ပြီး အားကိုးအားထား အပြန်အလှန်ပြုနိုင်တဲ့ Network ကျယ်ကျယ်တစ်ခု ရှိဖို့လိုတာပါပဲ။
.
Service တစ်ခုခုပေးမယ်…
.
Service လုပ်ငန်း အများစုဟာ အရင်းအနှီး အနည်းဆုံး သို့မဟုတ် မရှိသလောက် နဲ့ စတင်လို့ ရပါတယ်။ ဥပမာ အိမ်ခြံမြေ အကျိုးဆောင်၊ အထွေထွေအကျိုးဆောင်လိုမျိုးပါပဲ။ ဈေးကွက် လိုအပ်ချက်ပေါ်မူတည်ပြီး ဝယ်သူနဲ့ ရောင်းသူကို ညှိပေးနိုင်ရင် အလုပ်ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေရဲ့ ခက်ခဲနေတဲ့ အရာတွေ၊ ပြဿနာတွေကို မိမိက အချိန်အား၊လူအား စိုက်ထုတ်ရုံနဲ့ ဖြေရှင်းပေးနိုင်တယ်ဆိုရင်လဲ ဒါဟာ အရင်းအနှီးမလိုပဲ လုပ်ငန်းတစ်ခု အဖြစ် လုပ်ပေးနိုင်ပါတယ်။ ပွဲတွေ Event တွေ စီစဉ်ပေးမယ်၊ Delivery ပို့ဆောင်ပေးတာ၊ စတဲ့ Service လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပါသေးတယ်။
.
စကားကိုကပ်ပြီး ပြောရရင်တော့ အဲဒီ လုပ်ငန်းတွေလဲ လုပ်ကိုင်ဖို့ ပစ္စည်းပစ္စယ အနေနဲ့ အရင်းအနှီးတော့ နည်းနည်းလိုတာပါပဲလို့ဆိုနိုင်ပေမယ့် အခြား လုပ်ငန်းတွေလို ပမာဏ ကြီးကြီးမားမာ လုံးခနဲလိုတာမျိုး မဟုတ်လို့ ပိုလွယ်လွယ်စလို့ ရတာပါပဲ။
.
.
နည်းပညာ အခြေပြု…
.
ဒီခေတ်ဟာ နည်းပညာ ခေတ်ဖြစ်လာလို့ နည်းပညာကိုသုံးပြီး ငွေရှာလို့ ရလာပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲ လူထောင် ပေါင်းများစွာ တက်ရောက်နေတဲ့ online သင်တန်းတွေကို အရင်းအနှီး မရှိသလောက်နဲ့ စတင်ခဲ့တာပါပဲ။ သုံးလက်စ လက်ပ်တော့လေးနဲ့ပဲ ဗီဒိယိုတွေရိုက်ပြီး online မှာ တင်တာနဲ့တင် ဝင်ငွေ လမ်းကြောင်းတစ်ခုကို ဖန် တီး နိုင်ခဲ့ပါတယ်။ ဒီလိုပါပဲ။ social meida တွေ မှာ Video, တွေ ဘလော့တွေ တင်ပြီး ကြော်ငြာတွေကနေ ငွေ ရတာ၊ Instant articles လိုကနေ ငွေရတာ၊ စတဲ့နည်းပေါင်းများစွာကနေ ဝင်ငွေကောင်းကောင်း ရရှိပြီး လုပ်ငန်းတစ်ခုလို လည်ပတ်နိုင်ပါတယ်။
.
.
Order ကောက်မယ်…
.
လက်ရှိ ခေတ်စားလာတဲ့ တစ်နိုင်အလုပ်လေးတစ်ခုကတော့ Order ကောက်တာပါပဲ။ တစ်ချို့က Online Shopping Group. အမျိုးအစား အစုံကို ဝင်ထားကြပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီကို မှာယူလိုတာလေးတွေ order ကောက်ပေးပြီး ရာခိုင်နှုန်းတစ်ခု ရယူကြတဲ့နည်းပါပဲ။ နောက်တစ်ခါ ထိုင်းလို တရုတ်နိုင်ငံလိုမှာ အသိရှိတဲ့အခါ အဲဒီက ပစ္စည်းတွေ လိုသူတွေကို Order ကောက်ကာ ဝယ်ယူပေးတဲ့ အလုပ်မျိုးပါပဲ။
.
.
ကျွမ်းကျင်မှု Skill တစ်ခုခုရှိရင်…
.
အခြားသူတွေ ထက်သာလွန်တဲ့ ကျွမ်းကျင်မှု တစ်ခုခုရှိရင်လဲ အရင်းအနှီးမရှိပဲ လုပ်ငန်းစလို့ရပါတယ်။ ဥပမာ Facebook marketing ပညာကို ကိုယ်က ကျွမ်းကျင်တယ်ဆိုရင် အခြား သူတွေရဲ့ Page တွေကို ကိုင်တွယ်ပေးတာ၊ Boost Service ပေးတာတွေကို လုပ်ပေးရင် လုပ်ငန်းစနိုင်ပါတယ်။ ဒါမှမဟုတ် မိမိက စာအရေးအသား ကျွမ်းကျင်တယ်ဆိုရင်လဲ ရေးထားတဲ့ စာမူတွေကို တစ်ခုစီ ရောင်းချတာဖြစ်ဖြစ် ၊ ထုတ်ဝေသူတွေ ဆီတင်ပြပြီး စာအုပ်ထုတ်တာဖြစ်ဖြစ် ဆောင်ရွက်လို့ ရနိုင်ပါတယ်။
.
ဒီအတွက် ကျွမ်းကျင်မှု Skill တစ်ခုခုရှိရင် အပိုဝင်ငွေတစ်ခု ဖန်တီးဖို့လွယ်ကူပြီး အဲဒီကနေ လုပ်ငန်းတစ်ခုအဖြစ်ပါ အသွင်းကူးပြောင်းနိုင်ပါတယ်။
.
.
Branding တစ်ခုကောင်းကောင်းရှိရင်…
.
တကယ်လို့ ကိုယ့်မှာ Brand တစ်ခု တည်ဆောက်ထားနိုင်ရင် ၊ အဲဒီကနေ လူအများစုကို လွှမ်းမိုး Influence လုပ်နိုင်တယ်ဆိုရင် အရင်းအနှီးမလိုအပ်ပဲ လုပ်ငန်းတစ်ခု စနိုင်ပါသေးတယ်။ ဥပမာ မိမိက ဖုန်း အကြောင်း ကျွမ်းကျင် ပြီး ဒါကို လူတွေကလဲသိမယ်၊ ယုံကြည်အားကိုးမယ်ဆိုရင် ဖုန်းနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ရှင်းပေးတာ၊ ဝယ်ယူပေးတာ၊ စစ်ဆေးပေးတာ၊ စတာတွေကိုဆောင်ရွက်နိုင်ပါတယ်။ တကယ်လို့ မိမိက Social Influencer လို Brand တစ်ခု ရှိနေပြီ ဆိုရင်လည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် Marketing ဝန်ဆောင်မှုတွေ ပေးတာမျိုး လုပ်ဆောင်ပြီး လုပ်ငန်းတစ်ခုအဖြစ် ကူးပြောင်းနိုင်ပါတယ်။
.
.
အခြေအနေ အနေအထားလေးတွေ
.
တစ်ခါက လုပ်ငန်းတစ်ခုဟာ အရင်းအနှီး အနည်းငယ်လေးနဲ့ လုပ်ငန်းကို ရအောင် လည်ပတ်ပါတယ်။ ဒါကတော့ customer တွေဆီက အော်ဒါ တစ်ခုရပြီဆိုရင် အတည်ပြုဈေးရဲ့ ရာခိုင်နှုန်း အများစုကို ကြိုတင်ငွေ ပေးချေခိုင်းပါတယ်။ ဒီနယ်ပယ်မှာအဲဒီ လုပ်ငန်းတစ်ခုပဲ ရှိတာ၊ သို့မဟုတ် အဆင်ပြေတာပဲ ရှိတဲ့ အခါ Customer က ဆိုတဲ့ ဈေးအတိုင်း ငွေကြိုချပေးရပါတော့တယ်။ အဲဒီကြိုတင်ငွေနဲ့မှ လုပ်ငန်းက ကုန်ကြမ်းပစ္စည်းတွေဝယ်ယူပြီး ကုန်ချော ထုတ်ပါတယ်။ ဒီအတွက် လုပ်ငန်းလည်ပတ်မှုက ငွေရင်းအများကြီးမလိုတော့တဲ့ အခြေအနေဖြစ်သွားတာပါပဲ။
.
.
Sub-Contract ပြန်ပေးတာ
.
ကိုယ့်အနေနဲ့ ဈေးကွက် တစ်ခုခုကို လက်ဝါးကြီးအုပ်ထားနိုင်တယ်ဆိုရင် တစ်နည်းအားဖြင့်. Monopoly လုပ်ထားနိုင်ရင်လည်း အရင်းအနှီးမထည့်ပဲ ဝင်ငွေရနေနိုင်ပါတယ်။ ဥပမာ အပန်းဖြေ ပန်းခြံ တစ်ခုအတွက် စက်ဘီး ငှားရမ်းခွင့်ကို ကိုယ်တစ်ဦးထဲက ရထားတယ်ဆိုပါစို့။ဒါဆိုရင် ကိုယ်ကနေ တစ်ခါ စက်ဘီးအငှားလုပ်ငန်းတစ်ခုကို အမြတ်တင်ဆပ် ကန်ထရိုက်ပြန်ပေးကာ ဝင်ငွေရရှိတာမျိုး ဖြစ်ပါတယ်။
.
.
လုပ်ငန်းကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ…
.
တစ်ခါက လုပ်ငန်းရှင်တစ်ဦးဟာ အခြေအနေတွေဆုံပြီး သိန်းထောင် ချီဆုံးရှုံးကာ လုပ်ငန်းပြိုလဲ သွားပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းကိုပဲ ပြန်လည်စတင် လုပ်ကိုင်ဖို့အတွက် ဆိုပြီး အသိမိတ်ဆွေတွေက ငွေအရင်းအနှီး ရှယ်ယာတွေ မတည်ထည့်ပေးကာ လုပ်ငန်းကို ပြန်စတင်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းက အခြေအနေ တစ်ခုကြောင့် ဆုံးရှုံးသွားပေမယ့် သူကတော့ အတွေ့အကြုံ တကယ် ရှိပြီး ပြန်လည် ထူထောင်နိုင်မယ်ဆိုတာကို မိတ်ဆွေက ယုံကြည်ကြလို့ ဖြစ်ပါတယ်။ ဒီအတွက် မိမိက ဈေးကွက်တစ်ခု. Product or service တစ်ခုခုအတွက် အတွေ့အကြုံ ကောင်းကောင်း ရှိတယ်ဆိုရင် အရင်းအနှီးကို ရှယ်ယာခေါ်တာ၊ ဘဏ်ချေးငွေ ရယူတာ ၊ Investor ရှာတာတွေကနေ ရယူပြီး ကိုယ်ပိုင် အရင်းအနှီးမရှိပဲ စတင်လို့ ရပြန်ပါတယ်။
.
.
အကြွေးကို အသုံးချနိုင်မယ်…
.
ကုန်သွယ်ရေးလုပ်ငန်း တစ်ခု လုပ်မယ်ဆိုပါစို့။ Supplier ဆီကနေ ကုန်တွေကို ရယူမယ် ငွေချေဖို့ကိုတော့ တစ်လ ဆိုင်းငံဖို့ ညှိနှိုင်းမယ်၊ ဒီကုန်တွေကို အစကတည်းက Pre order ကောက်ထားပြီး နှစ်ပတ်လောက်အတွင်း လက်ငင်းငွေ ချေစနစ်နဲ့ ရအောင် ရောင်းနိုင်မယ်၊ တစ်လပြည့်တော့မှ supplier ကိုကုန်ကြွေးဆပ်မယ်ဆိုရင် ကိုယ်ပိုင် အရင်းအနှီး မလိုဘဲ လုပ်ငန်းတစ်ခု လည်ပတ်နိုင်တာပါပဲ။
.
.
.
ဒီအချက်လေးတွေကတော့ ကိုယ်ပိုင် အရင်းအနှီးမရှိဘဲ သို့မဟုတ် အနည်းငယ်နဲ့ လုပ်ငန်းတစ်ခုကို လွယ်လွယ် စတင်လို့ ရတဲ့ အခြေအနေလေးတွေ ဖြစ်ပါတယ်။
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
.
.
Kaung Hein Soe – Strategic
Business Consultant
Keep Reading