SarPhat Author
အပြင်မှာမိုးရွာနေလေပြီ။ မြေပြင်ဆီစွေစွေလေးသက်ဆင်းနေသောငွေမြားတံတို့ကိုကြည့်ရသည်မှာတစ်မျိုးလှပနေသည်။ထိုထဲမှမိုးစက်တစ်ချို့ကသစ်ရွက်လေးပေါ် ယီးလေးခိုနေကြသည်။
ဟိုးရှေ့ကအဖြူရောင်ခုံလေးကမိုးစက်တွေစိုရွှဲလို့။လေတစ်ချီဝင့်လေတော့ပစ္စုပ္ပန်မှစိတ်တို့ခတ္တခဏအတိတ်ဆီခရီးနှင်မိသည်။ဪ... လူကြီးပီပီတည်ငြိမ်နေတတ်သူ။ပုဆိုးလေးနှင့်ခန့်ညားနေတတ်သူ။ပြီးလျှင် မိမိအတွက်ဆိုအမြဲပြုံးပြနေတတ်သူ။ မိုးစိုမှာစိုး၍ကိုယ့်ပုခုံးလေးကိုဖက်ကာထီးဆောင်းပေးခဲ့သူ။ သူ့ရင်ခွင်ကနွေးထွေးပေစွ။ စကားသံကလည်းအေးချမ်းပေစွ။ သူ့အပြုံးကလည်းချိုမြိန်ပေစွ။ထိုအပြုံးကတစ်ချိန်ကကိုယ့်အတွက်သီးသန့်ဖြစ်ခဲ့သည်။ ယခုတော့သူ့သီးသန့် "အမျိုးသမီးလေး" အတွက်သာ။ဪ...ရင်မှာနာလာသည်။သို့သော်တစ်စုံတစ်ယောက်ကိုနာကျဉ်းခြင်းမျိုးမဟုတ်ပါ။ ကိုယ့်အဖြစ်ကိုသနား၍သာ၊ အတိတ်ကိုလွမ်းဆွတ်မိ၍သာ နှလုံးသားကဝမ်းနည်းလာသည်ထင်ပါ့။ဝမ်းနည်းစိတ်လှုံ့ဆော်လေတော့မျက်ဝန်းအိမ်မှာကြည်လဲ့လဲ့ဖြစ်လာပြီ။ကျွန်မထီးကိုလွှတ်ချလိုက်သည်။ချုပ်တည်းခဲ့သောမျက်ရည်များလွတ်လပ်စွာကျဆင်းပါစေတော့။ထိုစဉ် မိုးစက်လေးများက ကျွန်မဆီအလုအယက်ဖြာကျလာသည်။ ယခုတော့ အေးစက်နေပါပကော။ အချစ်ရှိခဲ့စဉ်က ရင်ခွင်တစ်စုံအောက်ဝယ် မိမိ၏နှလုံးသားမှာနွေးထွေးခဲ့ရသည်။ ယခုတော့ ထိုရင်ခွင်ရဲ့အဝေးမှာတစ်ကိုယ်လုံးအေးစက်နေလေပြီ။တစ်စုံတစ်ရာအနွေးဓာတ်ကိုကျွန်မတောင့်တနေမိသည်။သို့သော်မရနိုင်တော့မှန်းလည်းတစ်ပြိုင်တည်းသိပေသည်။ထို့အတွက်ကျွန်မဝမ်းနည်းမိသည်မှာအမှန်။ကျွန်မလည်းသာမာန်လူတစ်ယောက်။အသည်းနှလုံးရှိသော ခံစားတတ်သည့်လူတစ်ယောက်ဖြစ်၍ အင်း.. အနည်းဆုံး အနည်းဆုံးဝမ်းနည်းခွင့်တော့ရှိသည်ထင်ပါ၏။
ရင်ဘတ်ထဲကဒဏ်ရာကို ဥပေက္ခာပြု၍ လန်းလန်းဆန်းဆန်းကံ့ကော်ပန်းလို နေလာခဲ့သည်။ သို့သော် အလိုက်မသိသောဒဏ်ရာကတစ်ခါတစ်လေနာကျင်လာတတ်သည်။ရုပ်ဆင်သောတစ်ယောက်ကိုတွေ့လျှင်ဖြစ်စေကျွန်မသူ့ကိုသတိရမိသည်။တစ်ဖက်သား၏ရွေးချယ်မှုကကိုယ်မဟုတ်ခဲ့လေတော့ ကျွန်မမှာအထွန့်တက်စရာမရှိ။ကျန်နေခဲ့ရုံသာ။ ကိုယ့်အဖြစ်ကအချစ်သန်၍အခြစ်ခံရခြင်းမျိုးဖြစ်နေသလား။ ထိုသို့ပြော၍လည်းမရ။ကျွန်မတို့အတိတ်မှာအမှတ်တရကောင်းများစွာရှိခဲ့သည်။ချစ်နေစဉ်သူ့အချစ်၊ကိုယ့်အချစ်ဖြူစင်ခဲ့ကြသည်။ဒါက ယခုအချိန်အတွက်ဖြေသိမ့်စရာတစ်ခုပင်။မည်မျှချစ်ချစ် ရေစက်ကုန်လျှင်
ရှင်ကွဲမဟုတ်၊သေကွဲ ကွဲရသည်မှာလောကသဘာဝ။ ကျွန်မတို့မှာဤဘဝဝယ်လမ်းလွဲခဲ့ကြပြီ။ သို့တိုင်အောင် အမှတ်တရများကိုတော့မမေ့နိုင်သေးပါ။ "ငယ်ကချစ်အနှစ်တစ်ရာမမေ့သာ။ငယ်ကပေါင်းအနှစ်တစ်သောင်းမမေ့ကောင်း" တဲ့။ ဘဝမှာ အချစ်ဦးဟူ၍ ဦးဦးဖျားဖျားချစ်ခဲ့ရသူ၊လေးစားခဲ့ရသူကိုဘယ်မေ့နိုင်ပါမည်နည်း။ မေ့လို့လဲမရပါ။ "နှင်းငွေတစ်ထောင့်၊မိုးတစ်မှောင့်" စာအုပ်၌ပါသည့်ရေကြည်ရေနောက်ဥပမာလိုပေါ့။အချစ်ဟူသည်ရေကြည်ရေနောက်ကဲ့သို့။သတ္တဝါတွေကျန်းမာချမ်းသာပါစေဆိုတာက ရေကြည်မေတ္တာပါ။အဲ့ဒီမှာ မတွေ့ရရင်မနေနိုင်၊အသံလေးကြားချင်၊အရုပ်လေးမြင်ချင်လာတော့ရေကနောက်သွားရသည်။အဲ့တာကယောက်ျားလေး၊မိန်းကလေးချစ်နေကြတဲ့အချစ်ပေါ့။သို့သော် ကံအကြောင်းမတိုက်ဆိုင်လို့လမ်းခွဲရသည့်အချိန်ရောက်လာသောအခါရေနောက်ကိုဥပေက္ခာပြုပြီး ရေကြည်သန့်သန့်ပဲကြည့်ပါတော့မယ်တဲ့။ယခုကျွန်မလည်းထိုနည်း၎င်းပင်။တစ်ချိန်ကမြတ်မြတ်နိုးနိုးချစ်ခဲ့ဖူးသည့်သူ့အတွက် ကျွန်မမှာရေနောက်မရှိတော့ပါ။မရှိသည်ထက်သိမ်းထားလိုက်ခြင်းဆိုပိုမှန်ပေလိမ့်မည်။အတိတ်ကအမှတ်တရအားလုံးကိုနှလုံးသားအခန်းဟောင်းထဲတွင်မြေမြုပ်ခဲ့လိုက်ပြီ။ ၎င်းသည်ကျွန်မ၏နှလုံးသားနယ်နိမိတ်ထဲမှာသာထာဝရအိပ်စက်နေလေပြီ။ ပစ္စုပ္ပန်ကသူ့အတွက်တော့ကျွန်မမှာသတ္တဝါတွေကျန်းမာချမ်းသာပါစေဟူသည့်မေတ္တာသာရှိတော့သည်။ကျွန်မသာရေနောက်ကိုလက်ကိုင်ထားမိလျှင်သူ့ဘက်ကိုယ့်ဘက် ပြီးလျှင်ထိုကံကောင်းသည့်အမျိုးသမီးလေး အားလုံးစိတ်ဆင်းရဲကိုယ်ပင်ပန်းဖြစ်ရလိမ့်မည်။တော်ပါစေတော့။ကျေပါစေတော့။ ချစ်ကြသူတိုင်းလက်တွဲနိုင်ကြပါစေ။
ဆုတောင်းကံမပြည့်စုံသည့်မိမိမှာဘာမှပြောစရာမရှိ။ အချစ်ဦးနှင့်လွဲခဲ့ပါသည်။အချစ်မရူး၍ဖြေသာပါသည်။သို့သော်နောင်ဘဝများရှိခဲ့သော် ကိုယ်မေတ္တာပေးတိုင်းတူသောမေတ္တာသာပြန်ရလိုမိသည်။ ယခုဘဝတွင်တော့ရင်နှင့်ရင်း၍ခံစားဖူးပြီမို့ နောက်တစ်ခါထပ်ချစ်ရန်မှာမသေချာပြီ။ချစ်လည်းမချစ်ချင်တော့ပြီ။ထီးကိုကောက်ကာ လာရာလမ်းအတိုင်းပြန်လှည့်ခဲ့တော့သည်။နောက်တစ်နေ့ကျွန်မဖျားတော့မည်ကို မိုးနတ်မင်းကသိမည်မဟုတ်။ဪ...တစ်ယောက်သောသူလည်းသိနိုင်မည်မထင်ပါ။
Keep Reading