Author's Profile Photo

မောရိသျှ

10/06/2025

အပေါ်ယံသမား

2 mins read
Life Style
Personal Development
Book Review
အပေါ်ယံသမား's photo

ကိုယ့်ကိုယ်ကိုယ်လည်း အားမရ၊ သူများအပေါ်လည်း စိတ်မချ ကိုယ်တိုင်လုပ်တော့ တလွဲ သူများခိုင်းတော့ အလုပ်မတွင် ဘာလုပ်လုပ် လွဲပြီးရင်းလွဲနေတဲ့သူတွေက တဇောက်ကန်းအစွဲကြီးလို့လည်း မဟုတ်သလို၊ ဖြစ်ချင်စိတ်များနေပြီး အလောကြီးလို့ မှားနေကြတာ မဟုတ်ပါဘူး။ အမှန်တော့ စိတ်မလုံခြုံမှုတွေကြောင့် စိတ်ကြီးဝင်သွားလို့ပါ။ ဒေါသထွက်လွယ်သလောက် အလုပ်ဖြစ်အောင်ကျတော့ မလုပ်ချင်ကြပါဘူး။ လက်ကြောမတင်းတဲ့သူတွေ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မပြီးနိုင်တော့ဘဲ အားအားရှိ တောင်းပန်တတ်ပါတယ်။ မှားသွားလို့ပါ မှားကြောင်း သိပါတယ်၊ မှားနေသူပါ စသဖြင့် သိမ်ငယ်သယောင် အားငယ်သယောင် ဝမ်းနည်းပြပြီး အလုပ်ဖြစ်အောင်ကျတော့ မကြိုးစားဘဲ အလွယ်လေးနဲ့ လက်လျှော့တတ်သူတွေက တဇောကန်းတွေထက်တောင် ဆိုးပါသေးတယ်။ ကိုယ်တိုင်လည်း မဖြစ်ပါစေနဲ့။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေထဲ ဒီလိုလူတွေ ပါလာခဲ့ရင် သတိထားပါ။ သူတို့ကို တာဝန်ကြီးမပေးပါနဲ့။ ခိုင်းလို့ကောင်းပေမဲ့ တာဝန်ပေးလို့ မရပါဘူး။

အလုပ်တော့ လုပ်ပါရဲ့ လုပ်ပုံက ပြီးပြီးရော။ ဘာကိုမှ ပြီးဆီးသည်အထိ မလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် ဟိုဟာ နည်းနည်း ဒီဟာ နည်းနည်း လုပ်ပြီး အလုပ်တာဝန်စုံ ယူထားရသလို အချိုးနဲ့ ဟန်ဆောင်ကောင်းတဲ့သူတွေကို အထူးရှောင်ပါ။ လက်ကြောမတင်းတဲ့အပြင် စိတ်အကြောကလည်း ကြီးတာကြောင့် အငြိုးအတေးများပါတယ်။

အပေါ်ယံသမားတွေက စကားများပြီး ဘာအရည်အချင်းမှ မရှိပါဘူး။ သူတို့ ကျွမ်းကျင်တာဆိုလို့ နေရာတကာပါတဲ့ အကျင့်ပဲ ရှိကြပါတယ်။ “အ” ကြသလားဆိုတော့ သူများထက် “လည်” လွန်းလို့ ခက်ပြန်ပါတယ်။ ဉာဉ်ကိုက မကောင်းကြသူတွေဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ဝေးဝေးရှောင်ပါ။

ကိုယ်တိုင်ကလည်း အပေါ်ယံသမား မဖြစ်ပါစေနဲ့။ လူပါးဝသူမဖြစ်ပါစေနဲ့။ လူကဲ့ရဲ့ခံဘဝမှာ နေရာကောင်းရနေလည်း ဘဝကောင်းကို မတည်ဆောက်နိုင်ပါဘူး။ လူမုန်းခံဘဝမှာ ဂုဏ်ကြီးခံနေမယ့်အစား၊ လူလေးစားခံဘဝမှာ သိက္ခာရှိရှိ နေတတ်သူမျိုး ဖြစ်ပါစေ။

စည်းမျဉ်းတွေကို လက်မခံဘူး။ စည်းမျဉ်းတွေက ဘောင်တွေပဲ။ ဘောင်တွေက ကန့်သတ်ချက်တွေ ဖြစ်တာကြောင့် တိုးတက်မှုကို ပိတ်ပင်တယ်။ ဖွံ့ဖြိုးမှုအစစ်မှာ ဘောင်မရှိဘူး။ စသဖြင့် အတွေးအခေါ်တွေနဲ့ အကန်သမားတွေက လုပ်ငန်းခွင်အတွက်ရော၊ လူနေမှုဘဝအတွက်ပါ အန္တရာယ်များတဲ့ အဆိပ်အတောက်တွေ ဖြစ်ပါတယ်။

အလုပ်ဖြစ်အောင်လုပ်ချင်ရင် အရေးကြီးဆုံး စည်းမျဉ်းက စည်းကမ်းတကျ လုပ်တတ်ခြင်းပါပဲ။ သတ်မှတ်ချက် စံနှုန်းတွေမှ မရှိရင် ပရမ်းပတာဖြစ်ပြီး စည်းလွတ်ဝါးလွတ်ဖြစ်ပါတယ်။ အချုပ်မရှိတဲ့အတွက် ဘာလုပ်လုပ် ပေါ့ဆပါတယ်။ အလေးထားလိုစိတ်လည်း မရှိတော့ဘဲ ပြီးပြီးရောဖြစ်တတ်ပါတယ်။

အကန်သမား မဖြစ်ပါစေနဲ့။ အကန်သမားတွေနဲ့ အလုပ်လုပ်ရမယ်ဆိုရင်လည်း သူတို့ရဲ့ အကျင့်ဆိုး ဉာဉ်ဆိုးတွေ မကူးစက်ပါစေနဲ့။ အကန်သမားတွေရဲ့ အတွေးအခေါ်က နားထောင်ကောင်းသလောက် ဘယ်ဟာမှ အလုပ်မဖြစ်ပါဘူး။

အလုပ်ဆိုရင် ဘာပဲလုပ်လုပ် ကျွန်တော့်ကို ကျွန်တော် ပြန်ပြီး စည်းကမ်းချထားတာက မညည်းဖို့ပါ။ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ဘယ်လောက်ပဲ ခက်ခဲပါစေ မညည်းမိအောင် ကျွန်တော့်ကို ကျွန်တော် အမြဲထိန်းပါတယ်။ ညည်းတွားတာက မကောင်းပါဘူး။ ကိုယ့်စိတ်ကို ပျော့ညံ့အောင် လုပ်ရာကျပါတယ်။ လက်ကျန် လုပ်ချင်စိတ်ကိုတောင် ပြောင်းတလင်းခါသွားအောင် လုပ်တတ်ပါတယ်။ ဒါကြောင့် စိတ်ထဲ ပင်ပန်းနေခဲ့ရင်တောင် မညည်းဘဲ စိတ်အားတင်းနိုင်အောင်သာ ကြိုးစားပါတယ်။

ဒါကြောင့် အချိန်မဆွဲဘဲ အလုပ်ကို အချိန်နဲ့အချိန် အလုပ်ပီပီ ဖြစ်မြောက်အောင် လုပ်ချင်ရင် - လိုတာထက် ပိုမလုပ်ပါနဲ့၊ မလိုအပ်ပါဘဲ ပူပန်မနေပါနဲ့၊ တဇောက်ကန်းစိတ်နဲ့ ခေါင်းမာတာမျိုး မဖြစ်စေဘဲ၊ ပစိပစပ် မများပါနဲ့၊ လတ်လျားလတ်လျား မလုပ်ပါဘဲ၊ လက်ရှောင်တဲ့အကျင့်ကို ထိန်းပါ၊ နေရာတကာ အင်းလိုက်ပြီး အပြောသမား မဖြစ်ပါစေနဲ့၊ အမှတ်အတေးမရှိ တန်ဖိုးမထားတတ်သူလို အချိုးမျိုး မရှိစေဘဲ၊ မမောက်မာပါနဲ့။ အပေါ်ယံ ဟိုစပ်စပ်ဒီစပ်စပ် ဖြစ်သလိုလုပ်တဲ့အကျင့်ကို လုံးဝ မရှိပါစေနဲ့။ စည်းကမ်းတကျ လုပ်တတ်တဲ့သူဖြစ်ပါစေ။ ဘယ်တော့မှ မညည်းညူဘဲ လုပ်စရာရှိတာကို တာဝန်ယူထားတဲ့အတိုင်း ပြီးမြောက်အောင် လုပ်တတ်တဲ့ လူကြီးလူကောင်းပီသပါစေ။

#မောရိသျှ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)