မောရိသျှ
“ဖုန်းကိုင်ပြီးဘာလုပ်မလို့လဲ” - “Facebook ခဏလေး ဝင်စစ်တာပါ” - “ဘာကိုဝင်စစ်”
ပြောလိုက်ရင်တော့ ခဏ၊ ဝင်စစ်ကြည့်ရုံ၊ ဟိုဟာလေး ဒီဟာလေး - အရေးပါသလားဆိုတော့ အရေးကြီးတာ တစ်ခုမှ မဟုတ်ဘူး။ အီးမေးလ်စစ်ရတာနဲ့၊ အင်စတာထဲခဏဝင်ရတာနဲ့၊ တယ်လီဂရမ်မှာနိုတီဝင်နေတာနဲ့၊ တွစ်တာက DM ရှိလို့၊ စနပ်ချက်မှာနိုတီလာနေတာကြောင့် စသဖြင့် အကြောင်းပြချက်တော့ အမျိုးမျိုး၊ တကယ်တမ်း အရင်းစစ်ကြည့်လိုက်ရင် လတ်လျားလတ်လျား လုပ်နေတာတွေပါ။
ဝင်စစ်ပြီး ဘာလုပ်မှာလဲ မေးလိုက်ရင် အဓိပ္ပါယ်ခိုင်လုံတဲ့အကြောင်းပြချက် တခုမှ မပေးနိုင်ကြပါဘူး။ အားလုံးက အဲဒီလိုပဲ စိတ်ထဲ ပျင်းသလိုလေး ခံစားလာရရင်ပဲ အနီးအနားက စိတ်ပြောင်းစိတ်လွဲ လုပ်လို့ရသမျှ အရာတွေကို လိုက်လုပ်တတ်ပါတယ်။ ဝင်စစ်လိုက်လို့ ထူးသွားသလားဆိုရင် ဟင့်အင်းပါ။ ဘာမှ မထူးပါဘူး။
“ဘယ်သွားမလို့လဲ” - “ဟိုနားဒီနား” - “ဘာလုပ်မလို့လဲ” - “ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းပဲ” ဆင်ခြေကတော့ လူတိုင်းပေးတတ်ပါတယ်။ အလုပ်ကနေ ရှောင်လို့ ရရင် ရသလို လတ်လျားလတ်လျားဖို့အတွက်နဲ့ အကြောင်းပြချက်ထုတ်ပြီး စိတ်အပျင်းဖြေတတ်တဲ့အကျင့်က အလွန်ဆိုးပါတယ်။
ဖုန်းမကိုင်လိုက်လို့ ဘာမှမဖြစ်ပါဘူး။ ဝင်မစစ်လိုက်လို့ ဘာမှမဖြစ်ပါဘူး။ ခနတဖြုတ် ပစ်ထားလိုက်လို့ ကိစ္စကြီးငယ် ဖြစ်မသွားပါဘူး။ အာရုံစိုက်ပြီး လုပ်သင့်တာကိုသာ ဆက်လုပ်ပါ။ လတ်လျားလတ်လျား မလုပ်ပါနဲ့။
ဟိုဟာလုပ်စရာရှိလို့ ဒီဟာလုပ်စရာရှိလို့နဲ့ ခိုင်းလိုက်တိုင်း လုပ်စရာတွေ များနေတတ်ပြီး၊ တကယ်တမ်း လွတ်ထားလိုက်တော့လည်း လုပ်တာမျိုး မတွေ့ရဘူး။ အားလားလို့ မေးလိုက်ရင် မအားဘူး။ ဒါပေမဲ့ လတ်လျားလတ်လျား ထိုင်နေတာပဲ တွေ့နေရတတ်တယ်။ အလုပ်လုပ်ချင်စိတ်မရှိသလို ခိုင်းခံရမှာကို သေလောက်အောင် ကြောက်တတ်တဲ့ လက်ရှောင်သမားတွေလောက် အဆိပ်အတောက်များတာ မရှိဘူး။
လုပ်စရာရှိတာကို လုပ်ချင်စိတ်အပြည့်နဲ့ လုပ်တတ်သူတွေက ဘာပဲခိုင်းခံရ ခိုင်းခံရ အကြောင်းပြချက် မပေးပါဘူး။ မအားမလပ်ဖြစ်နေခဲ့ရင်တောင် မအားလပ်ကြောင်း မပြောဘဲ၊ ဘယ်ချိန်လုပ်ပေးနိုင်မယ်ဆိုတာကိုသာပြောတတ်ကြပါတယ်။ စေတနာပါရင် ဘာခိုင်းခိုင်း လုပ်ချင်တာမျိုးကမှ တိုးတက်သူရဲ့ စိတ်နေစိတ်ခံ အစစ်ပါ။
အောင်မြင်လိုသူမှန်ရင် အခိုင်းခံရတာကို မကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ ခိုင်းခံရမှ ခိုင်းတတ်မှာပါ။ ခိုင်းတတ်မှ လုပ်တတ်တာအစစ်ပါ။ ခိုင်းခံရမှ လုပ်တတ်တာက အလုပ်လုပ်တတ်ခြင်းမဟုတ်ဘဲ နာခံတတ်ခြင်းပါ။ အလုပ်လုပ်တတ်သူအစစ်ဟာ ခိုင်းစရာမလိုတော့တဲ့လူတွေကို ခိုင်းတတ်သူဖြစ်ပါတယ်။ ဟိုရှောင်ဒီရှောင်သမားတွေကတော့ ဘယ်တော့မှ မခိုင်းတတ်ပါဘူး။ နာခံတတ်ရုံပဲ အသုံးကျပါတယ်။
ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရှိလာရင် ရှောင်မပြေးပါနဲ့။ ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ပြီးပြတ်အောင် လုပ်လိုက်ပါ။ ရှောင်စိတ်ကွင်းစိတ် အချိန်ဆွဲစိတ်မွေးနေသရွေ့ အောင်စိတ် မြင့်စိတ် တိုးတက်စိတ် ဖြစ်လာမှာ မဟုတ်ပါဘူး။
ငြင်းရမှာကြောက်တာ ကောင်းပါတယ်။ မငြင်းမဆိုဘဲ လက်ခံတတ်ပြီး လုပ်စရာရှိတာတွေကို ပြီးဆီးသည်ထိ လုပ်တတ်တာက အတော်လေး ချီးကျူးဖို့ကောင်းတဲ့ စိတ်ဓါတ်ပါ။ ဒါပေမဲ့ နေရာတိုင်း အင်းလိုက်နေလို့တော့ မဖြစ်ပါဘူး။ ကိုယ်တာဝန်ယူနိုင်တာထက်ပိုပြီး ခေါင်းညိတ်ပြလိုက်လို့ လူထင်ကြီးမခံရပါဘူး။ မလုပ်နိုင်ဘဲ အင်းလိုက်ရင် လူတွေရဲ့ အထင်သေးမှု ပိုခံရတတ်ပါတယ်။ လိုချင်စိတ်နဲ့ အင်းလိုက်တာ မဟုတ်တောင်မှ ဖြစ်စေချင်ဇောကြောင့် မဖြစ်လာဘဲ လွဲသွားရင် လူတွေရဲ့ အမြင်မှာ ကိုယ့်က လောဘတတ်လွယ်သူ ဖြစ်သွားပါလိမ့်မယ်။ ဖြစ်နိုင်ရင် ငြင်းပါ။ လောဘမကြီးပါနဲ့။ လောကကြီးကို ထမ်းထားဖို့ရာ တာဝန်ယူထားတာ မဟုတ်တာကြောင့် ငြင်းစရာရှိ ငြင်းပြီး အင်းလိုက်စိတ်ကို ထိန်းပါ။
#မောရိသျှ
Keep Reading