Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

24/05/2024

?KG ပြီးဆုံးတဲ့ ကလေးတစ်ယောက်က ဒီအချက်တွေကိုတတ်မြောက်သွားပါပြီ...

1 min read
Personal Development
Education
General Knowledge
?KG ပြီးဆုံးတဲ့ ကလေးတစ်ယောက်က ဒီအချက်တွေကိုတတ်မြောက်သွားပါပြီ...'s photo

?ဒီနေ့မှာတော့ ‌မေမေတို့၊ဖေဖေတို့အတွက် ကိုယ့်ရဲ့KGအရွယ်သားသားမီးမီးလေးတွေကို ဘယ်လိုအကြောင်းရာလေးတွေသင်ကြားပေးသင့်သလဲ? KGပြီးဆုံးသွားတဲ့ကလေးတစ်ယောက်က ဘယ်လိုအရာလေးတွေ တတ်မြောက်သွားသင့်သလဲ? စတာတွေနဲ့ပတ်သတ်ပြီး အချက်(၂၀)ကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

နံပါတ်(၁) အရောင်တွေကိုသိရပါမယ်။ မြန်မာလိုရော၊ အင်္ဂလိပ်လိုလေးပါသိထားရင်တော့ ပိုကောင်းပါတယ်။

နံပါတ်(၂) ကလေးတွေကို ဘယ်ဘက်လက်နဲ့ ညာဘက်လက်ခွဲခြားတတ်အောင် သင်ကြားပေးရပါမယ်။

နံပါတ်(၃) ကိုယ်နေထိုင်ရာအိမ်လိပ်စာကိုလည်း ပြောပြနေတတ်ရပါမယ်။

နံပါတ်(၄) ကိုယ့်ရဲ့အဖေ၊အမေနာမည်ကိုလည်း မှန်အောင်ပြောပြတတ်ရပါမယ်။

နံပါတ်(၅) ရက်သတ္တပတ်၊ ‌နွေ,မိုး,ဆောင်း ဥတုသုံးပါးနဲ့ ပိုက်ဆံတွေကိုလည်း သိထားရပါမယ်။

နံပါတ်(၆) ကလေးလေးတွေကို ကိုယ့်နာမည်ကိုယ်ဖတ်တတ်အောင် သင်ကြားပေးပါ။

နံပါတ်(၇) ကိန်းဂဏန်းတွေကို (၁)ကနေ (၂၀)အထိ ရေတွက်တတ်ရပါမယ်။ အင်္ဂလိပ်လိုဆိုရင်တော့ 1 to 10အထိဖတ်တတ်ရင်အဆင်ပြေပါတယ်။

နံပါတ်(၈) စာအုပ်တွေကို အတည့်အတိုင်းကိုင်တွယ်တတ်ရပါမယ်။

နံပါတ်(၉) ပုံပြင်ဖတ်ပြတာကို ကောင်းကောင်းနားထောင်တတ်ရပါမယ်။

နံပါတ်(၁၀) KGသီချင်းလေးတွေသီဆိုနိုင်သလို သီချင်းစာသားထဲကအတိုင်း လိုက်လုပ်တတ်ဖို့လည်းလိုပါတယ်။ နောက်ပြီးသီချင်း၊ကဗျာတွေထဲက ကာရန်လေးတွေကိုလည်း သူတို့သတိထားမိအောင် သင်ကြားပေးပါ။

နံပါတ်(၁၁) ရွံ့တွေ၊သဲတွေနဲ့ဆော့ကစားခိုင်းပါ။ အမြဲတစေမဟုတ်ပေမယ့် ကစားဖူးတဲ့အတွေ့ကြုံလေးရှိအောင်တော့ တစ်ခါတစ်ရံပေးကစားခိုင်းဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဘလော့တုံးလေးတွေနဲ့ ဆော့ကစားခိုင်းတာမျိုး၊ ပန်းချီဆွဲခိုင်းတာမျိုး‌တွေလည်း ပြုလုပ်ခိုင်းစေချင်ပါတယ်။

နံပါတ်(၁၂) ကတ်ကြေးသုံးပြီးတော့ စာရွက်လေးတွေဖြတ်ညှပ်တာမျိုး၊ သစ်စေ့လေးတွေနဲ့အပင်စိုက်တာမျိုး‌တွေလည်း သင်ကြားပေးထားပါ။

နံပါတ်(၁၃) ခြေသည်းလက်သည်းသန့်ရှင်းမှု စတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်တတ်ရပါမယ်။

နံပါတ်(၁၄) ထမင်းစားနေချိန်မှာ လက်ကိုင်ပဝါကို သေချာလေးအသုံးပြုတတ်ရပါမယ်။ ဒါ့အပြင် သန့်သန့်ရှင်းရှင်းလေးနဲ့ စည်းကမ်းရှိရှိစားသောက်တတ်ဖို့လည်းလိုအပ်ပါတယ်။

နံပါတ်(၁၅) ယဉ်ယဉ်ကျေးကျေးပြောဆိုတတ်ဖို့လည်း တစ်ကယ်ကိုအရေးကြီးပါတယ်။ ပြီးတော့ တစ်ဖက်သားကိုကြင်နာသနားတတ်ပြီး ကူညီပေးတတ်ရပါမယ်။

နံပါတ်(၁၆) အများနဲ့ဆောင်ရွက်ချိန်တွေမှာ လုပြောတာတွေ၊ လုလုပ်တာတွေမပြုလုပ်ပဲ မိမိအလှည့်ရောက်တဲ့အထိ စောင့်တတ်အောင်လည်း သင်ကြားပေးထားရပါမယ်။

နံပါတ်(၁၇) ကစားစရာတွေပဲဖြစ်ဖြစ်၊ သူများပစ္စည်းကိုကိုင်တာပဲဖြစ်ဖြစ် အသုံးပြုပြီးသွားရင် နေရာတကျပြန်ထားတတ်နေဖို့လိုအပ်ပါတယ်။

နံပါတ်(၁၈) အများနဲ့ရှိနေချိန်မှာ တစ်ခုခုကိုတောင်းဆိုချင်ရင် နေရာမှာပဲငြိမ်ငြိမ်လေးထိုင်ပြီးတော့ လက်ကလေးမြှောက်ပြီးမှ တောင်းဆိုတတ်ဖို့လည်းလိုပါတယ်။

နံပါတ်(၁၉) ကိုယ့်ရဲ့စာသင်ခုံမှာလည်း ပစ္စည်းတွေနဲ့အမြဲတမ်းရှုပ်ပွမနေအောင် သင်ကြားပေးထားပါ။

နောက်ဆုံးနံပါတ်(၂၀)အချက်ကတော့ ကျောင်းကနေပြန်တော့မယ်ဆိုရင် ကိုယ့်ရဲ့ပစ္စည်းကိရိယာတွေစုံ၊မစုံကို သေချာစစ်ဆေးတတ်ဖို့လိုပါတယ်။ ဒီလိုမျိုးKGအရွယ်ကလေးငယ်လေးတွေရဲ့အသိဉာဏ်ဆိုတာ ဖယောင်းသားလေးလိုပဲမို့လို့ မိဘ၊ဆရာသမားတွေက အတတ်နိုင်ဆုံး၊ အကောင်းဆုံးနဲ့ အနူးညံ့ဆုံး ပုံသွင်းသင်ကြားပေးဖို့လိုအပ်ပါတယ်ရှင်...?

Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)အမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအမွေအနှစ်လား လံကြုပ်လား အပိုင်းလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်