မောရိသျှ
ပန်ဆယ်ဗေးနီးယား တက္ကသိုလ်၊ ရှေးဟောင်း သုတေသနပညာဌာန နဲ့ မနုဿဗေဒပညာဌာန အပါအဝင်၊ မာယာ သုတေသန လေ့လာရေးစင်တာ သုံးခုပေါင်းပြီး ဇာတ်ကား ရိုက်ကူးရေး ရံပုံငွေ စုဆောင်းနိုင်ခဲ့တဲ့နောက်၊ ရိုက်ကူးရေး အဖွဲ့ သီးသန့် ဖွဲ့စည်းပြီး၊ ၂၀၁၀ ခုနှစ် ဆောင်းတွင်းရောက်တော့၊ မက်ဆီကိုမြို့အတွင်း ရှေးဟောင်း ယဉ်ကျေးမှု ဆိုက်ဒ်တွေမှာ နမူနာ Pilot ရိုက်ကူးရေး စနိုင်ခဲ့ပါတယ်။ သူတို့အားလုံးရဲ့ ဘုံရည်မှန်းချက်ကတော့၊ နဂို သုတေသန ဇာတ်ကားထက် ပိုပြည့်စုံတဲ့ တင်ပြမှုတွေအပါအဝင်၊ ရှာဖွေတွေ့ရှိမှု အသစ်တွေကို တစ်စုတစ်စည်းတည်း တင်ပြတင်ဆက်နိုင်ဖို့ပါ။
ခါ့ခ် အတွက် ဘဝရည်မှန်းချက်ကို ယတိပြတ် စိတ်ပိုင်းဖြတ်စေနိုင်ခဲ့တဲ့ အကြောင်းရင်းနဲ့ အချိန်ကတော့၊ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလကပါ။ ခါ့ခ်ရဲ့ ဌာနတူ၊ ဘေးရုံးခန်းထိုင် ပါမောက္ခ ဂျော့ချ် မိလ်နာ (George Milner) က သူအပါအဝင် တခြား ရှေးဟောင်းသုတေသနပညာရှင်တွေ အားလုံးကို သူ့ရုံးခန်းထဲ လိုက်လာဖို့ ခေါ်လိုက်ပါတယ်။
ခါ့ခ် အပါအဝင် ဌာနကလူတွေအားလုံးအတွက် ဒီလို လူစုံခေါ်တဲ့အကြောင်းက ဘာဖြစ်မလဲ သိနေကြပြီးသားပါ။ အဲဒါနဲ့ မိလ်နာရဲ့ ဖုန်းဒိုင်ခွက်ကို အာရုံစိုက်ပြီး နားထောင်နေကြပါတယ်။ မိလ်နာက Voice Call ခလုတ်ကို ဖွင့်လိုက်ပါတယ်။ ပစ်ဘာ့ဂ် မြောက်ပိုင်း (North of Pittsburgh) က လူတစ်ယောက် ဖုန်းဆက်လာပြီး၊ အကူအညီ လှမ်းတောင်းတာပါ။
“ကျွန်တော့် အိမ်နောက်ဖေးမှာဗျ - ရှေးဟောင်းပစ္စည်းတွေ တွေ့တယ်ဗျ၊ ကျွန်တော့်အထင် Knights Templar တွေရဲ့ ရတနာတွေလားပဲ၊ လာကြည့်ပေးကြပါဦးဗျာ”
Voice Call အသံဆုံးသွားတော့၊ ပန်ဆယ်ဗေးနီးယား တက္ကသိုလ်၊ ရှေးဟောင်းသုတေသနဌာန တစ်ခုလုံး ရယ်သံတွေ ပွက်သွားတယ်။ သူတို့ထဲ ခါ့ခ် မပါပါဘူး။
“ကျွန်တော် သူ့ကို ပြန်ဆက်သွယ်လိုက်မယ်ဗျာ” လို့ ခါ့ခ်က ပြောလိုက်တော့၊ ပါမောက္ခ သုံးလေးယောက်က ခါ့ခ်ကို မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ အုံကြည့်ကြတယ်။ ပြီးတော့မှ၊ အားလုံးထက် ပိုပြီး အတွေ့အကြုံရင့်တဲ့ ဆရာက ခါ့ခ်ကိုလှမ်းပြောပါတယ်။
“မင်းခေါ်လိုက်ရင် ဘယ်တော့မှ မင်းကို အလွတ်ပေးမှာ မဟုတ်တော့ဘူး၊ တစ်ထစ်ရှိ ရှေးဟောင်း ရတနာဆိုပြီး မင်းကို ခနခန -ညကြီးသန်းခေါင်တောင် မရှောင် ဖုန်းဆက်ဒုက္ခပေးကြလိမ့်မယ်ကွ၊” တဲ့။
ရှေးဟောင်း သုတေသန ပညာရှင်တွေ လောကမှာ ဒီလို ဖုန်းခေါ်ခံရတာတွေက ပုံမှန်ပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီး “လူတွေက တထစ်ရှိ သူတို့ တူးဆွမိသမျှ အရိုးတွေကို ဒိုင်နိုဆောအရိုးတွေလို့ပဲ ထင်နေတာဗျာ”လို့ ခါ့ခ်က ပြောပါတယ်။ သုတေသနက တစ်ဖက်၊ သင်ကြားရေးကတဖက်နဲ့မို့၊ ပညာရှင်အများစုက မအားလပ်ကြတာ များပါတယ်။ တကယ်တမ်း လိုက်ကြည့်ပေးဖို့ ဆိုရင်လဲ မလွယ်ပါဘူး။ ခရီးစရိတ်တွေအားလုံးက ကိုယ့်စရိတ်နဲ့ကိုယ်ဖြစ်တာကြောင့်၊ စိတ်ဝင်စားတယ်ပဲ ထားပါဦး၊ မအားရတဲ့ထဲ၊ ငွေကုန်ခံ၊ လူပင်ပန်းခံပြီးသွားရမဲ့ ကိစ္စဆိုတော့၊ ဘယ်သူမှ မဖက်မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ ခါ့ခ် ကျတော့၊ ဒီကိစ္စကို အလုပ်ရှုပ်တယ်လို့ မမြင်ဘဲ၊ အခွင့်အလမ်းအဖြစ် မြင်ပါတယ်။ “ဒါမျိုးတွေ များများလုပ်သင့်တာဗျ၊ ရှေးဟောင်း သုတေသန ပညာရှင်တွေ မဖြစ်မနေ လုပ်ရမဲ့ အလုပ်မျိုးဗျ” လို့ ဆိုပါတယ်။
ဌာနဘက် ဆက်သွယ်လာသမျှ ဖုန်းတွေနောက် သူကိုယ်တိုင် လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လူတွေနဲ့ တိုက်ရိုက် တွေ့ဖို့ စီစဉ်ပါတယ်။ သူတို့ပြောသမျှ ဇာတ်လမ်းတွေကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အချိန်ပေး နားထောင်ပါတယ်။ ပြီးတော့မှ ရှေးဟောင်း သုတေသနပညာရပ် ရဲ့ လုပ်ငန်းစဉ်တွေ၊ သက်သေ ရှာပုံတွေ၊ အမွေအနှစ် သတ်မှတ်ပုံတွေ၊ သမိုင်းကြောင်းရာတွေနဲ့ ပတ်သက်သမျှ အခြေခံဗဟုသုတတွေကို မျှဝေပါတယ်။
အခုလဲ ပစ်ဘာ့ဂ်က လူကို အလယ်ခေတ်သူရဲကောင်းသမိုင်းကြောင်း ရှင်းပြပြီး၊ ရှာဖွေတွေ့ရှိတဲ့ ရတနာ တွေက Knights Templar တွေရဲ့ အမွေအနှစ် ဟုတ်မဟုတ် စစ်ဆေးဖို့ရာ အချက်အလက်တွေ ပြောပြလိုက်ပါတယ်။ စိတ်ဝင်စားစရာ ကိစ္စမို့၊ ရိုက်ကူးရေးတွေနဲ့ တွေ့ရှိမှု ဖြစ်စဉ် မှတ်တမ်း ရယူထား လိုက်ပါတယ်။ ဒီလို ဖြစ်စဉ် နဲ့ ဒီလို လူချင်းတွေ့ အလုပ်တွေကို သီးသန့် ပရောဂျက် အဖြစ် သတ်မှတ်လိုက်ပြီး၊ “ရှေးဟောင်း သုတေသန အယူအဆပညာရှင်” (Armchair Archaeologist) လို့ နာမည်ပေး ကင်ပွန်းတပ်လိုက်ပါတယ်။ ဒီပရောဂျက်ကို ငါး နှစ်ကနေ ဆယ်နှစ်အထိ လုပ်ဖြစ်လောက်မယ်လို့ ကနဦး တွေးဖြစ်ထားခဲ့တာပါ။ အကြောင်းက ဒီပရောဂျက် အပြင်၊ “ တီယိုတိဟူအကန် “ ပရောဂျက်ကလဲ လုပ်လက်စကြီးဖြစ်နေလို့ပါ။
“အကျိုးဖြစ်သည် မဖြစ်သည်ထက်၊ အဲဒီလို လိုက်တွေ့ထားတဲ့ မှတ်တမ်းတွေကို ကျောင်းသားတွေအတွက် သင်ထောက်ကူ အဖြစ် လုပ်လို့လဲ ရတယ်လေ။ ဘာပြောပြော အသုံးကျတာပဲ”
Knight Templar ရတနာအကြောင်း ဖုန်းဆက် အသိပေးခံရပြီး မကြာပါဘူး။ တနင်္ဂနွေနေ့ မနက် အစောကြီး တစ်ခုမှာ ကင်မရာသမားတွေ၊ အသံသမားတွေနဲ့ အုပ်စုလိုက် ပစ်ဘာ့ဂ်ကို သွားပြီး လေ့လာရေး လုပ်ကြပါတယ်။
“အူကြောင်ကြောင်တော့ နိုင်တာပေါ့၊ သူ့အတွေးနဲ့သူ၊ သူ့အယူအဆနဲ့သူ အပြောတော့ကောင်းတယ်၊ စကားပြောရ ဆိုရတာလဲ အတော်လေး အဆင်ပြေတယ်၊ တစ်နေကုန်သွားတယ်၊ ဘီယာတွေ သောက်လိုက်၊ စကားတွေများလိုက်ပေါ့၊”
သတင်းပို့လာတဲ့ ရတနာ ဆိုတာကြီးက ဖြစ်ချင်တော့၊ ရထားလမ်း ဖောက်တုန်းက ကျန်ခဲ့တဲ့ လမ်းကြောင်း မြေချိုင့်ထဲ ပြုတ်ကျသေထားတဲ့ သမင်ထီးအရိုးတွေပါ။ ရတနာများ ဖြစ်လေမလား အတွေးနဲ့ သွားခဲ့ပေမဲ့၊ မှန်းချက်နဲ့ နှမ်းထွက်က အကွာကြီး ဖြစ်နေတော့၊ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့၊ အခုလို လက်တွေ့ကျကျ လိုက်လေ့လာဖြစ်သွားတာက ခါ့ခ်အတွက် အခွင့်အလမ်းတွေ ပွင့်လန်းစေနိုင်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ခါ့ခ်တို့အုပ်စု ပစ်ဘာ့ဂ်မှာ လက်တွေ့ သွားလေ့လာနေချိန်လောက်မှာပဲ၊ Discovery Channel က ရှေးဟောင်းသုတေသနပညာနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန် အစီအစဉ်တစ်ခု ရိုက်ကူးချင်နေတာပါ။ ရုပ်မြင်သံကြား အစီအစဉ်လောကရဲ့ ထုံးစံအတိုင်း၊ ဘာပဲ လုပ်ချင်လုပ်ချင်၊ ကိုယ်တိုင်စီစဉ်ရမဲ့အစား၊ ကိုယ်စားလှယ်ပွဲစားတွေကိုပဲ လုပ်ခိုင်းနေကျမို့၊ ရှေးဟောင်းသုတေသနပညာရပ်ဆိုင်ရာ ဖြစ်ရပ်မှန် အစီအစဉ် အတွက် ပွဲစားကုမ္ပဏီ အေဂျင်စီတွေကို ရှာခိုင်းနေတဲ့ အခိုက်နဲ့ ကြုံသွားပါတယ်။
ပစ်ဘာ့ဂ်လေ့လာရေးအစီအစဉ် နဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေ အပြီးသတ်လို့ သုံးလအကြာလောက်မှာ၊ အေဂျင်စီတစ်ခုက ပန်ဆယ်ဗေးနီးယားတက္ကသိုလ်၊ ရှေးဟောင်း သုတေသနပညာဌာနဆီ ဖုန်းဆက်သွယ်လာပါတယ်။ ရုပ်သံအစီအစဉ်အတွက် ဌာနဘက်က စိတ်ဝင်စားမဲ့ ပညာရှင်များရှိမလားပေါ့။ အလုပ်ကမ်းလှမ်းချက်သတင်းကို ဌာနမှူးက အားလုံးကို ပြောပြတော့၊ ဌာနက ပါမောက္ခတိုင်းလိုလိုရဲ့ အကြည့်တွေက ခါခ့်ဆီ စုသွားပါတယ်။
“ကထိကလုပ်တာဖြင့် သုံးလပဲ ရှိသေးတယ် ဆိုပေမဲ့၊ မီဒီယာလဲ ဘာဖြစ်လဲ၊ ငါလုပ်နိုင်ပါတယ်” လို့ ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောပြီး၊ အေဂျင်စီဘက် အကြောင်းပြန်ခဲ့ပါတယ်။ ပစ်ဘာ့ဂ်မှာ ရိုက်ကူးခဲ့တဲ့ မှတ်တမ်းကို Pilot အဖြစ် ပို့လိုက်ရင်း၊ ‘ခင်ဗျားတို့ကြိုက်လောက်မဲ့ အစီအစဉ်မျိုး ကျွန်တော် လုပ်နိုင်တယ်” လို့ ပြောလိုက်ပါတယ်။
အေဂျင်စီရော၊ ထုတ်လုပ်ရေးဘက်ရော ခါ့ခ်ရဲ့ Armchair Archaeologist မှတ်တမ်းကို သဘောကျသွားပါတယ်။ အဲဒါနဲ့ ဒုတိယအကြိမ်အဖြစ် ပစ်ဘာ့ဂ် လေ့လာရေးကို စနစ်တကျ ရိုက်ကူးပြီး၊ Discovery Channel နဲ့ History Channel ကို ပို့လိုက်ပါတယ်။ “Pilot အတွက် ကုန်ကျစားရိတ်တွေကို ကျသင့်သလောက် ထောက်ပံ့ပါမယ်” ဆိုတဲ့ စာအပြင်၊ “Pilot မနေနဲ့တော့၊ ရှစ်ပိုင်းရိုက်လိုက်မယ်” ဆိုတဲ့ အကြောင်းပြန်စာ တစ်နေ့တည်း ရောက်လာပါတယ်။
အစီအစဉ်မှာ တင်ဆက်ဖော်အဖြစ် လူရှာဖို့ ခါ့ခ်ကို အကြံတောင်း မေးလာတော့လဲ၊ အခက်အခဲ မရှိခဲ့ပါဘူး။ ပြောမနာ၊ ဆိုမနာ၊ ဆိုးတူကောင်းဖက် သူငယ်ချင်းကြီး လီယွန်ကိုပဲ လက်ညိုးထိုး ရွေးဖို့ ပြောလိုက်ပါတယ်။ ခါခ့်က ပန်ဆယ်ဗေးနီးယား တက္ကသိုလ်မှာ ကထိက လုပ်နေချိန်ဖြစ်ပြီး၊ လီယွန်ကျတော့ မီချီဂန် (Michigan) မှာ လက်ထောက်ပါမောက္ခ လုပ်နေတာပါ။ နှစ်ယောက်လုံးက အလုပ်ဝင်ခါစမို့၊ ထုတ်လုပ်ရေး ကုမ္ပဏီဘက်က ကျောင်းတွေကို နစ်နာကြေး အလျော်ပေးခဲ့ရပါသေးတယ်။ အဲဒီလိုနဲ့ပဲ American Treasures ဆိုတဲ့ အစီအစဉ်ကို ရိုက်ကူးဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
#မောရိသျှ
Keep Reading