မောရိသျှ
ခါ့ခ် ရဲ့ ရည်မှန်းချက်က ရှေးဟောင်းသုတေသနပညာကို စိတ်ဝင်စားစရာကောင်းမဲ့ နည်းလမ်းတွေ အသုံးချပြီး လူသိများအောင် လုပ်ဖို့ပါ။ American Treasures အစီအစဉ်ကြောင့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ခွင့် ရလိုက်ပါတယ်။ ဒီနေရာမှာ စောဒက တက်စရာရှိတာက၊ “ခေါင်းထဲက အတွေးတွေကို လက်တွေ့ လုပ်ဖို့ ဘယ်ကနေ ဘယ်လိုလုပ်ပြီး သူ့အနေနဲ့ စိတ်ခွန်အားတွေ ရသွားခဲ့တာလဲ” ဆိုတာပါပဲ။
ခါ့ခ်ရဲ့ ဘဝ တိုးတက်ပုံကို သုံးသပ်ကြည့်လိုက်ရင် “အလွှာ” လိုက် အလုပ်လုပ်သွားတာကို တွေ့နိုင်ပါတယ်။ ချက်ချင်းကြီးဆိုသလို၊ ကောက်ကာငင်ကာ လုပ်လိုက်တာမျိုး မဟုတ်ပါဘူး။ စိတ်ကူးယဉ် အိပ်မက်တွေကို အမှန်တကယ်ဖြစ်အောင် လုပ်ချင်လို့ လုပ်ဖြစ်သွားတာမျိုးလဲ မဟုတ်ပါဘူး။ နဂိုကတည်းက စိတ်ထဲ တေးမှတ်ထားတဲ့ ရည်မှန်းချက်တစ်ခုကို လုပ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်နှလုံးသွင်းထားမှုကို အခြေခံပြီး၊ ရလာသမျှ အခွင့်အလမ်းတိုင်းကို အသုံးချတတ်လို့ပါ။
ခြေလှမ်းစိပ်စိပ်လေးနဲ့ မှန်မှန်လေး လျှောက်တတ်လို့ ခါ့ခ် ကြိုးစားသမျှ အရာတိုင်းလိုလို အောင်မြင်နိုင်တာ ဖြစ်ပါတယ်။ ပထမဆုံး Land and Water ဖလင်တွေ ရလိုက်တော့၊ သူစိတ်ဝင်စားတဲ့ နယ်ပယ် အရေးကိစ္စဖြစ်တဲ့အတွက်၊ ဒီဂျစ်တယ်ဗားရှင်းပြောင်းဖို့ လုပ်ခဲ့ပါတယ်၊ အလုပ်ဖြစ်ခဲ့သလို အလုပ်ကိစ္စပြီးစီးနိုင်ခဲ့ပါတယ်။ အောင်မြင်မှုတစ်ခု လက်ရယူနိုင်ခဲ့ပါတယ်။
ပြီးတော့မှ နောက်ခြေတစ်လှမ်း ထပ်လှမ်းပါတယ်။ ခေတ်ဟောင်းသွားတဲ့သုတေသနကို ခေတ်မှီတဲ့ ရိုက်ကူးမှု အသစ်ရှိသွားအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအတွက် ရံပုံငွေ ရှာပါတယ်။ တဖြည်းဖြည်းချင်း ရိုက်ကူးပါတယ်။ လုံးဝ မလောပါဘူး။ တစ်လှမ်းချင်း ခပ်စိပ်စိပ်၊ မှန်မှန်လေး လျှောက်ခဲ့တာပါ။ ဒုတိယမြောက် သုတေသန ပရောဂျက်ကြီးလုပ်နေတဲ့ အတောအတွင်းမှာပဲ၊ ဂျော့ မီလ်နာ ဖွင့်ပြတဲ့ သတင်းပေးပို့မှုအရ၊ လူများစု အမြင်မှာ အချိန်ကုန်၊ လူပင်ပန်း၊ အကျိုးမရှိတဲ့ အလုပ်ကို၊ အခွင့်အလမ်း ရှိပြီး၊ သူ့ရည်မှန်းချက်နဲ့ သက်ဆိုင်နေလို့၊ လုပ်ဖြစ်အောင် ကြိုးစားခဲ့ပါသေးတယ်။
အကျိုးသက်ရောက်မှု ရလဒ်ကောင်း မရှိတောင်မှ၊ ကျောင်းစာသင်ရင် သင်ထောက်ကူ ဖြစ်သေးတာပဲ ဆိုတဲ့ အတွေးနဲ့တင် မဖြစ်ဖြစ်အောင် ပုံဖော်ခဲ့ပါတယ်။ Armchair Archaeologist ဆိုတဲ့ ပရောဂျက် ရုပ်လုံးပေါ်သွားပါတယ်။ အောင်မြင်မှု ကြီးကြီးမားမား မဟုတ်သေးပါဘူး။ ဒါပေမဲ့ ရည်မှန်းချက်အတွက် မရေရာ မသေချာတဲ့ အကျိုးဆက် ရှိနေတောင်မှ၊ အတွေးများမနေဘဲ၊ လုပ်သင့်တယ်လို့ ယူဆတဲ့ အတွက် အကောင်းဆုံးလုပ်ဖြစ်အောင် လုပ်ခဲ့ပါတယ်၊ ဖြစ်ချင်တဲ့ အလုပ်အတွက် လိုအပ်တဲ့ အရင်းအမြစ်၊ လုပ်ချင်တဲ့ အလုပ်အတွက် လိုအပ်တဲ့ အကြောင်းရင်း၊ ဘက်စုံက အပေးအယူ တည့်နေလို့သာ၊ လုပ်သမျှ အရာထင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပညာသည် စိတ်ရင်းစေတနာ ကောင်းလို့လဲ၊ အစီအစဉ်တစ်ခုကို ဦးဆောင်ဖို့ အခွင့်အလမ်းကြီး တည့်တည့်မတ်မတ် ရောက်လာတာပါ။
ခါ့ခ် ရဲ့ ဖြစ်ပုံတွေကို ဆန်းစစ်နေတဲ့အချိန်၊ အကြောင်းတိုက်တိုက်ဆိုင်ဆိုင် ဖတ်မိလိုက်တဲ့ စာအုပ်လေး ရှိပါတယ်။ စီးပွားရေးလမ်းညွှန် စာအုပ်လောကမှာ ရေပန်းစားနေတဲ့ စာအုပ်လေးပါ။ နာမည်က “Little Bets” တဲ့။ စွန့်စား ရင်းနှီးမြုပ်နှံမှု စီးပွားရေး ပညာရှင်ဟောင်း Peter Sims (ပီတာ ဆင်းမ်) ရဲ့ လက်ရာလေးပါ။ ထိပ်တန်း ရှေ့ဦးတီထွင် ကြံဆသူ ဂုရုကြီးတွေဖြစ်တဲ့ Steve Jobs, Chris Rock ကစလို့၊ Frank Gehry တို့အဆုံး၊ ရှေ့ဦးတီထွင် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Amazon နဲ့ Pixar တို့ရဲ့ ဇာတ်လမ်းတွေကနေ အောင်မြင်မှု နည်းဗျူဟာတွေ အကြောင်းကို မျှဝေထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ (Chris Rock - ဟာသပညာရှင်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်၊ ရင်းနှီးမြုပ်နှံသူ၊ ရုပ်ရှင် နှင့် အစီအစဉ် စီစဉ်ထုတ်ဝေသူ၊ Frank Gehry - ကနေဒါဖွား - အမေရိကန် ဗိသုကာပညာရှင်)
“အလုပ်ကြီး အကိုင်ကြီး လုပ်ဖို့ အကြံကြီးဉာဏ်ကြီးတွေနဲ့ အလုပ်ခဲ့ကြလို့ အောင်မြင်ခဲ့တာ မဟုတ်ဘူးရယ်၊ ထိပ်တန်းရောက်သွားသမျှ လူတိုင်းလိုလိုရဲ့ ဘဝ အစကို ပြန်ကြည့်လိုက်တိုင်း အားလုံးလိုလို တူနေတဲ့ အချက်က၊ ဘာပဲလုပ်လုပ် သေးသေးလေးက စပြီး လုပ်တယ်၊ တစ်ဆင့်ချင်း တစ်လွှာချင်း ဖြည်းဖြည်းချင်း စတယ်၊ ဟော့ဟော့ ဒိုင်းဒိုင်း မရှိဘူး။ ဦးတည်ရာတစ်ခုအတွက် လိုအပ်တဲ့ အလဲအလှယ် - အပေးအယူတွေကို အလောင်းကစားတန် သင့် အလောင်းကစားတယ်၊ စွန့်စားတန်သင့် စွန့်စားတယ်၊ ဒါပေမဲ့ ပေးဆပ်ရမဲ့ တန်ဖိုးထက် ပိုပြီး စွန့်စားမှု မလုပ်ကြဘူး။ ကျရှုံးခဲ့ရင်တောင် ကြီးကြီးမားမား မဟုတ်တဲ့ အတွက်၊ ကုစားချိန် မြန်တယ်၊ ထပ်စွန့်စားဖို့လဲ မကြောက်တော့ဘူး၊ ရလာတဲ့ အောင်မြင်မှုတွေက သေးပေမဲ့၊ ကျေနပ်ကြတယ်၊ ဘာလို့လဲ ဆိုတော့၊ အဲဒီ အောင်မြင်မှုတွေက ခိုင်မာတာကိုး၊ အဲဒီလို အလဲအလှယ် စွန့်စားမှု အလောင်းကစားတွေက မထင်မှတ်ထားတဲ့ အောင်မြင်မှုတွေ ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်၊ သော့ချက်တွေ ဖြစ်နေတယ်”
ဒီအယူအဆကို သာဓက အနေနဲ့ ထုတ်ပြထားတဲ့သူက - Chris Rock (ခရစ် ရောခ့်) ပါ။ HBO Special အတွက် ဟာသပြက်လုံး အစီအစဉ်တွေ တင်ဆက်ဖို့ ပြင်ဆင်ခဲ့ရတုန်းက လက်တွေ့ကျင့်ခဲ့တဲ့ အကျင့်လေးတွေကို စိတ်ဝင်စားစရာ ကောင်းအောင် Little Bets မှာ တင်ပြထားပါတယ်။ HBO Special အတွက် ပြက်လုံးကုန်ကြမ်း ရှာဖို့၊ ရောခ့်ဟာ နယူး ဂျာစီ (New Jersey) အနှံ ဟာသကလပ် (Comedy Club)ပေါင်း လေးဆယ်ကျော် ငါးဆယ်လောက် လူမသိသူမသိ ခိုးကြောင်ခိုးဝှက် သွားလေ့လာခဲ့ရပါတယ်။
ဘယ်လို ပြောတာတွေက ပိုအဆင်ပြေမယ်၊ ဘယ်စကားတွေက မကောင်းဘူး စသဖြင့် ကုန်ကြမ်း အမျိုးမျိုးကို တစ်နေရာနဲ့ တစ်နေရာ၊ ဟာသပညာရှင် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ပုံစံတွေ၊ ဟန်တွေ နှိုင်းယှဉ်ပြီး ကျောင်းသားတစ်ယောက် စာလုပ်သလို၊ လုပ်ခဲ့ရတာပါ။ ပြီးတော့မှ ကိုယ်တိုင်လဲ စမ်းပြီး ပြောကြည့်ရပါသေးတယ်။ တကယ်လို့ ပရိတ်သတ်ကြီး မရယ်နိုင်ဘဲ၊ ငြိမ်ကျသွားရင်၊ ပြောဟန်ဆိုဟန်၊ ပြောပုံ ဆိုပုံ ပြန်ပြောင်းပြီး ပိုကောင်းမဲ့ ပြက်လုံး ရအောင် အစမ်း ကျင့်ရပါသေးတယ်။ အဆင်မချောခဲ့တဲ့ ကျရှုံးမှုတွေလဲ အများကြီး ကြုံခဲ့ရသလို၊ အဆင်ပြေပြီး ပြောမဆုံးလောက်အောင် မှတ်ကျောက်တင်ခံရတဲ့ အခိုက်အတန့်တွေလဲ ရခဲ့ပါတယ်။
စွန့်စားမှုကြီးတွေ မဟုတ်ပေမဲ့၊ နိုင်သလောက်၊ စမ်းသပ်မှုလေးတွေက အရည်အချင်း ထက်အောင် သွေးနေသလို ဖြစ်သွားပါတယ်။ အဲဒီ စွန့်စားမှု၊ လေ့ကျင့်မှု၊ အရဲစမ်းမှုတွေကြောင့်ပဲ ရော့ခ်ရဲ့ ပြက်လုံးထုတ် စွမ်းရည်က နယ်ပယ်မှာ ဆရာတင်ရလောက်အောင် အနေအထားရောက်သွားတယ်။
ခါ့ခ်ရဲ့ ကြိုးစားပုံ အဆင့်ဆင့်ကို သေချာ ဆန်းစစ်ကြည့်ရင်၊ ရော့ခ် လိုပါပဲ။ ရည်မှန်းချက် ပန်းတိုင်ကြီး တစ်ခု အတွက်၊ အရောက်သွားနိုင်မဲ့ ဆက်စပ်ရာ၊ ပတ်သက်ကြောင်းတိုင်းမှာ အလောင်းကစား လုပ်သလို၊ စွန့်စားမှုလေးတွေနဲ့၊ အပေးအယူလုပ်ရင်း၊ ကိုယ်ပိုင် အရည်အသွေးကို ထက်မြက်အောင် လုပ်ခဲ့တာပါ။ ခါ့ခ် အနေနဲ့ သူ့ကိုယ်သူ လူလေးစားခံဘဝ၊ လူထင်ရှားဘဝမျိုး လိုချင်ခဲ့တာမျိုး လုံးဝမရှိပါဘူး။
Sims ရဲ့ စာအုပ်အရ - အလောင်းကစားရဲ့ လျှို့ဝှက်ချက်က စွန့်စားတဲ့ အတိုင်းအတာ၊ ပမာဏပါ။ “ရလဒ်ထက် စွန့်စားမှု မပိုစေရ။” ဆိုတာက လောင်းကစားသမားတိုင်းရဲ့ ပြောစမှတ်စကားဖြစ်ပါတယ်။ လောင်းလိုက်တဲ့ ပမာဏ အနည်းအများက အရေးမကြီးပါဘူး။ စွန့်စားလိုက်လို့ ရုပ်လုံးဖော်နိုင်လိုက်တဲ့ ရလဒ်က အရေးကြီးတာပါ။ ဒါကြောင့် အောင်မြင်မှုအတွက် စွန့်စားတဲ့အခါမှာလဲ - ရနိုင်မဲ့ အကျိုးအမြတ်ထက် ပိုတဲ့ စွန့်စားမှုမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ အသေးဆုံးက စပါ။ စိတ်ရှည်ပါ။ သည်းခံပါ။ နည်းနည်းချင်း စပါ။ တစ်ဆင့်ချင်းတိုးပါ။ ခုန်ပျံကျော်လွှား မလုပ်သင့်ပါဘူး။
#မောရိသျှ
Keep Reading